ရသဆောင်းပါးစုံ

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၈)

တူမောင်ညို ● အတိုင်ပင်ခံပုဂ္ဂိုလ်လျှောက်သောလမ်း အပိုင်း (၈)
(သမ္မတကြီးလည်း “သီဟသူရနဲ့ သူရဘွဲ့” တွေပေးနေရရှာတယ်)
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၇

ပြည်တွင်းစစ်ရပ်စဲရေးက သောင်မတင်ရေမကျဖြစ်နေသော်လည်း၊ ပြည်တွင်းစစ်မှာ စစ်တိုက်ခဲ့ကြတဲ့ စစ်ဗိုလ်စစ်သားတွေ အတွက် သမ္မတကြီးဦးထင်ကျော်ခမျာ ကိုယ်တိုင်ဂုဏ်ပြုစကားတွေဆိုရပြီး၊ ကိုယ်တိုင်ဂုဏ်ပြုဆုတွေပေးရတဲ့ ဘဝကျရောက် နေပါပြီ။

သမ္မတကြီးရဲ့မိန့်ခွန်းမှာ စကားလုံးတွေကို ဘယ်လိုပဲထိန်းထိန်းသိမ်းသိမ်းသုံးစွဲပါစေ။ စိတ်ထဲမှာဘယ်လိုပဲ လိပ်ပြာသန့်ပါ တယ်လို့ ဆိုနေပါစေ၊ လက်တွေ့မှာတော့ “သီဟသူရ ၁ ဦး၊ သူရ ၁၄ ဦး” တို့ကို “ဂုဏ်ယူစွာဖြင့်” ဂုဏ်ပြုစကားတွေဆိုရ၊  ဂုဏ်ထူးဆောင် ဘွဲ့တွေပေးခဲ့ရပြီ။ ဒီစကားတွေကို စစ်တပ်နဲ့ စစ်ပြိုင်ပြီးတိုက်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ ကြားကြရတဲ့အခါ သူတို့နားနဲ့နှလုံးသားမှာ အင်မတန်ခါးသီးနေမှာပါ။ နာကျင်နာကျည်းနေကြမှာပါ။

ဒီအတွက် သမ္မတကြီးအဖို့ မျက်နှာအထားခက်စရာပါ။ အားနာစရာ ကောင်းမှာပါ။ သမ္မတကြီးက ဂုဏ်ပြုဆုတွေပေးနေ သူ တွေနဲ့ ဖက်ပြိုင်တိုက်ခိုက်ရင်း အသက်နဲ့ခန္ဓာပေးအပ်လိုက်ရတဲ့ တိုင်းရင်းသားတွေရဲ့ ကျန်ရစ်သူမိသားစုတွေ ဘယ်လို ခံစားကြရမလဲဆိုတာ သမ္မတကြီး စာနာနားလည်နိုင်မှာပါ။ သမ္မတကြီးတို့က ခမ်းနားငြိမ့်ညောင်းစွာ ဂုဏ်ပြုနေချိန်မှာ အဲဒီ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ပြည်သူတွေဟာ စစ်ရှောင်စခန်းတွေမှာ ပူပင်သောကကိုယ်စီနဲ့ ဖြစ်နေမှာ လည်း သေချာပါတယ်။

သမ္မတကြီးက အားနာလို့လား၊ လိပ်ပြာမသန့်လို့လား နှစ်ခုစလုံးကြောင့်လား၊ ဘာအကြောင့်ကြောင့်ဖြစ်မလဲဆိုတာတော့ သမ္မတကြီးတို့ပဲသိပါလိမ့်မယ်။ “စိစစ်ရေးအဖွဲ့၏ ထောက်ခံတင်ပြချက်အရ ယခုလို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်” ရတယ်လို့ ဆိုတဲ့ စကားပိုဒ်တစ်ပိုဒ် သမ္မတကြီးပြောစကားထဲမှာ ပါဝင်နေတာကိုတော့ သတိပြုမိပါတယ်။

တကယ်တော့ ဒါဟာ မလွန်ဆန်နိုင်တဲ့သဘော၊ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့သဘောကို ထင်ဟပ်ပြတာပါပဲ။ တနည်းအားဖြင့် ဒီအချက်က သမ္မတကြီးတို့အစိုးရရဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေးရပ်တည်ချက်နဲ့ သဘောထား” ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အချက်ပါပဲ။ နောက်တစ်ခုကလည်း အုပ်စိုးသူအစိုးရအတွက် စစ်တပ်က စစ်တိုက်တယ်။ ဒီစစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပေးတဲ့ စစ်ဗိုလ် စစ်သားတွေကို အုပ်စိုးသူအစိုးရက တဖန်ပြန်ပြီး ဂုဏ်ပြုတယ်ဆိုတဲ့ အစိုးရနဲ့စစ်တပ် တသဘော ထဲရှိမှုကို ဖော်ပြသလိုဖြစ်နေပါတယ်။ ဒီသဘော ပေါ်လွင်နေပါတယ်။ အဲဒီအခမ်းအနားနေ့က သမ္မတကြီးရဲ့မျက်နှာကို မြင် ရတာဟာ  အသက်ကင်းမဲ့နေတဲ့ ကြေးရုပ်တစ်ခုကို မြင်ရသလိုလိုပါပဲ။

သမ္မတကြီးတို့ အစိုးရအဖွဲ့က လက်ရှိတိုက်ခိုက်နေတဲ့ “ပြည်တွင်းစစ်” ဟာ “တရားတဲ့စစ်ပွဲဖြစ်တယ်” လို့ ပါးစပ်ကနေ တရား ဝင် ထုတ်ဖော်ဖွင့်ဟ မပြောဆိုသော်လည်း ဒီအခမ်းအနားနဲ့ အပြုအမူကပြောနေသလိုလိုဖြစ်ပါတယ်။ (action speaks louder than words) ဆိုတဲ့စကားလိုပါပဲ။

သမ္မတကြီးက အခုလို ဂုဏ်ပြုစကားပြော၊ ဘွဲ့တံဆိပ်ချီးမြင့်ရသလို၊ အခြားတဖက်မှာလည်း “ကာချုပ်” က သမ္မတကြီးနဲ့အပြိုင် ဂုဏ်ပြုစကားတွေပြောပြီး၊ ဘွဲ့တံဆိပ်တွေချီးမြင့်ပါတယ်။ ကာချုပ်ပြောတဲ့စကားနဲ့ သမ္မတကြီးပြောတဲ့စကားတွေကို နှိုင်း ယှဉ်ကြည့်ရင် “ကာချုပ်” ပြောတဲ့စကားတွေဟာ စစ်အုပ်စုအစဉ်အလာဥခွံထဲကနေ စစ်အုပ်စုပြောနေကြစကားတွေကို ပြန် လည်ပဲ့တင်ထပ်နေတာ ပဲဖြစ်ပါတယ်။ အာဏာမာန်ယစ်ပြီး ရင့်သီးမောက်မာတဲ့စကားတွေကိုပဲ ပြောခဲ့တာပါ။

“ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲ ဖြစ်သည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအချို့က ခေါင်းဆောင်လုပ်နေ သူများသည်” တဲ့။

“ယင်းကဲ့သို့ အစွန်းရောက်သူများဦးဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်များကို ကာကွယ်တားဆီးတိုက်ပွဲဝင်နေသည့် မိမိတို့တပ်မတော်က ဆင်နွှဲနေသောတိုက်ပွဲများသည် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက်တရား သောစစ်ပွဲများသာဖြစ်ကြောင်း” တဲ့။

ကာချုပ်က ဒီလိုရင့်သီးမောက်မာစွာပြောတာဟာ တခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ သူချမှတ်ထားတဲ့  “တပ်ငြိမ်းမူ ၆ ရပ်” ကို လက်မခံသေးလို့သာဖြစ်ပါတယ်။

“ကာချုပ်” ရဲ့ ပြောစကား၊ သဘောထားနဲ့ သမ္မတကြီးပြောတဲ့ ပြောစကား၊ သဘောထားတွေကို နှိုင်းယှဉ်ကြည့်တော့ သမ္မ တကြီးအနေအထားက ကျန်းမာရေးမကောင်းတဲ့ မုဆိုးမမိခင်အိုကြီးအတွက် အဖက်ဖက်က စဉ်းစား၊ ထောက်ထား၊ ငှဲ့ညှာပြီး မိမိနှလုံးသား ကိုစတေးကာ အာဏာရသူကြီးသမီးကို မျက်စေ့မှိတ်လက်ထပ်လိုက်ရတဲ့ လိမ္မာရေးခြားရှိပြီး၊ ပညာထူးချွန်သူ လူငယ်လေးတစ်ယောက်ရဲ့ အဖြစ်မျိုးနဲ့သွားတူနေတယ်လို့ မြင်မိပါတယ်။

သမ္မတကြီးရဲ့ လူငယ်ပုဂ္ဂလိကဘဝကိုကြည့်ပြန်တော့ သမ္မတကြီးဟာ အချစ်ရေးမှာလည်း စစ်နဲ့မကင်းတာကို သတိထားမိပါ တယ်။ သမ္မတကြီးရဲ့ယောက္ခမဟာ တခေတ်တခါက “စစ်ဗိုလ်ကြီး” ပဲမဟုတ်ပါလား။ သမ္မတကြီးဖြစ်လာပြန်တော့လည်း စစ်နဲ့မကင်း ဘူးဖြစ်နေပါတယ်။ ပြည်တွင်းစစ်နဲ့ပတ်သက်နေရတယ်။ ကာချုပ်နဲ့စစ်တပ်ကို အမိန့်ပေးလို့မရဘူး။ ဒါ့အပြင် စစ်ရေးဆိုင်ရာ ဘွဲ့တွေ၊ တံဆိပ်တွေပေးဖို့ “ဂုဏ်ပြုပေါ်တာ” ဆွဲခြင်း ခံနေရပြန်ပါတယ်။

တကယ်တော့ ဒီလို အဖြစ်တွေ မကင်းနိုင်တာဟာ “မစွန်းရင်းကလည်းရှိ ကန်းစွန်းမို့လည်း ညှိ” ဆိုတဲ့စကားလိုပါပဲ။  ပြည် တွင်းစစ်ကြီးတာရှည်နေလို့ပါ။ စစ်အုပ်စုက “တပ်မတော်” ကို ခါးပိုက်ဆောင်တပ်သဖွယ် လုပ်ထားလို့ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲဥပဒေတွေကို “ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေ” ပါ့မယ်လို့ ကတိသစ္စာပြုထား ရလို့ပါပဲ။

ပြည်တွင်းစစ်ကြီးရှိနေသမျှ၊ စစ်အုပ်စုက “တပ်မတော်” ကို ဂုတ်ခွစီးထားသမျှ၊ “၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ဒီလို အဖြစ်မျိုးတွေကြုံနေရအုံးမှာပါ။ ရင်ဆိုင်နေရမှာပါ။ သမ္မတကြီးကိုယ်တိုင်ပေးအပ်ရတဲ့  “သီဟသူရ ၁ ဦး၊ သူရ ၁၄ ဦး” ဂုဏ် ပြုပွဲဆိုတာမှာ မင်းပေါင်းစုံညီတက်ရောက်တာကိုတွေ့ရပါတယ်။ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ကိုယ်တိုင်တက်ရောက် တာလည်းတွေ့ ရပါတယ်။

သမ္မတကြီးမိန့်ခွန်းပြောအပြီးနဲ့  သက်ဆိုင်သူတွေကို သမ္မတကြီးက ဆုတံဆိပ်တွေချီးမြှင့်နေစဉ်မှာ “နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်” က  လက်ခုပ်သြဘာပေးအပ်ချီးမြှင့် သေးသလားဆိုတာကိုတော့ ဆက်ပြီး ကြည့်ချင်စိတ်မရှိတော့လို့ တီဗွီခလုပ် ကို ပိတ်ပစ်လိုက်ပါတယ်။ ဒီလက်ခုပ်သံတွေက ပြည်တွင်းစစ်ကိုရပ်စဲပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသူ ပြည်သူတွေ ရဲ့နှလုံးသားကို တမင်နာကျင်အောင် ထုနှက်နေတဲ့ လက်ခုပ်သံတွေပဲဖြစ်ပါလိမ့်မယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် လျှောက်သောလမ်းမှာ သမ္မတကြီးလည်း “သီဟသူရနဲ့ သူရဘွဲ့” ဆိုတာတွေ ပေးအပ်နေရရှာပါတယ်။ ဒီလို ဘေးကျပ်နံကျပ်တွေ၊ နှလုံးစိတ်ဝမ်းမသာမယာဖြစ်ရတာတွေကို အမြန်ဆုံးလွန်မြောက်နိုင်ဖို့ဆိုရင် “၂၀၀၈ အခြေခံဥပ ဒေ” ကို အလျှင် အမြန်ဖျက်သိမ်းရပါလိမ့်မယ်။

သမ္မတကြီးရဲ့ “၆၉နှစ်မြောက်၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ” မှာပါရှိတဲ့ “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး အတွက်ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင် ရွက်ရေး” ဆိုတဲ့အချက်ကို နံပတ်တစ်ဦးစားပေးအဖြစ် လုပ်ဆောင်ဖို့လိုအပ်ပါလိမ့်မယ်။

ဆက်ရေးပါအုံးမယ်။

– မြဝတီသတင်းစာ (၅-၁-၂၀၁၇)
– မြန်မာ့အလင်းသတင်းစာ (၅-၁-၂၀၁၇)
– နိုင်ငံတော်သမ္မတကပေးပို့သော  ၆၉ နှစ်၊ မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာ (၄-၁-၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts