News

Letter to Moemaka

ထင်တိုင်းကျဲ အုပ်ချုပ်ရေးမှူးကြောင့်  အခက်တွေ့
မိုးမခပေးစာ
အောက်တိုဘာ ၉၊ ၂၀၁၃


ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့၊ မင်းတဲရပ်ကွက်(၆ရပ်ကွက်)တွင် ရပ်ကွက်ပြည်သူများနှင့် အုပ်ချုပ်ရေးမှူးတို့ကျောင်းဆောင်သစ်ကိစ္စ ပြဿနာတက်လျှက်ရှိသည်။  ဒိုက်ဦးမြို့၊ မင်းတဲရပ်ကွက်(၆ရပ်ကွက်)တွင် နေထိုင်ကြသူအများစုမှာ လက်လုပ်လက်စားဆင်းရဲသားများဖြစ်ကြပါသည်။ သို့သော်လည်း ကျောင်းနေအရွယ် ကလေးများ အနာဂတ်ကို မျှော်ကိုးပြီး ရပ်ကွက်အတွင်းရှိမြေကွက်လပ်ကြီးထဲတွင် ကိုယ်ထူကိုယ်ထ အ.မ.က စာသင်ကျောင်း(၀ါးကျောင်း)ကလေးပြုလုပ်၍ ကလေးများအား ပညာသင်ကြားစေခဲ့ပါသည်။ဝါးကျောင်းမှတဆင့် ရပ်ကွက်သူရပ်ကွက်သားတို့၏ကြိုးပမ်းမှုကြောင့်(၂)ထပ်သစ်သားကျောင်းကလေးဖြစ်လာ ခဲ့သည်။ ယခုအခါ-ယခင်အုပ်ချုပ်ရေးမှူး၊ယခင်ကျောင်းအကျိုးတော်ဆောင်၊ ယခင်ကျောင်းအုပ်ဆရာကြီးနှင့် ပြည်သူလူထုတို့၏ထည့်ဝင်ငွေများဖြင့် ၂ထပ် တိုက်ကျောင်းဖြစ်လာခဲ့ပါသည်။နောက်ထပ် ၃၀’x၅၀’(၂)ထပ်ကျောင်းတစ်ဆောင်နှင့် ၃၀’x၉၀’(၁)ထပ်ကျောင်းတစ်ဆောင်လည်း တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ ပါသည်။
ယခင်အုပ်ချုပ်ရေးမှူးဟောင်းဦးတင့်လွင်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းဆွေတို့၏ကြိုးပမ်းမှုကြောင့် နောက်ထပ် ၃၀’x၉၀’ ကျောင်း ဆောင် သစ်ဆောက်လုပ်ခွင့်ထပ်မံရရှိသည့်အပြင် မူလတန်းကျောင်းမှ အ.လ.က(ခွဲ)ကျောင်းအဖြစ်တိုးမြှင့်သတ်မှတ်ခဲ့ပါ သည်။ သို့သော် ကျောင်းဆောင်သစ်ရရှိရေးကြိုးပမ်းနေစဉ်ယခုအုပ်ချုပ်ရေးမှူးဦးခင်မောင်အေးနှင့်ဆရာမကြီးဒေါ်ကျင်မေတို့မှကျောင်းအကျိုးတော်ဆောင် များ၊မိဘပြည်သူများနှင့်ညှိုနှိုင်းတိုင်ပင်မှုမရှိပဲယခုအထိပညာသင်နေဆဲ(၂)ထပ်ကျောင်းဆောင်ကြီးအားအန္တရာယ်ဆောင်ဟုသတ်မှတ်ကာဖြိုဖျက်ပြီး ထိုနေရာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် ကျောင်းအကျိုး တော်ဆောင်များကို အစည်းအဝေးဖိတ်ကြားခဲ့ပါသည်။ ကျောင်းအကျိုးတော်ဆောင်ဦးသိန်းကြူမှ-ပင်မ(၂)ထပ်ကျောင်းကိုပြုပြင်၍သုံးလျှင်ရနိုင်ပါကြောင်း၊ကျောင်းသားဦးရေလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာ၍ ကျောင်းဆောင်အရေအတွက်လည်းလိုအပ်လာဦးမည်ဖြစ်ပါကြောင်းတင်ပြခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဦးခင်မောင်အေးမှ လုံးဝလက်မခံပဲ “မဖြစ် မနေဖျက်ဆောက်မယ်၊တစ်လက်မမှအရွေ့မခံဘူး” ဟုဒေါသတကြီးဖြင့်ပြော၍ချက်ချင်းပြန်သွားခဲ့ပါသည်။အုပ်ချုပ်ရေးမှူးပြန်သွားသောကြောင့်အစည်းအဝေး ပျက်ပြီထင်ပြီး ကျောင်းအကျိုးတော်ဆောင်များပြန်လာခဲ့ပါသည်။ သို့သော်လည်းမပြန်ပဲကျန်နေသည့် အုပ်ချုပ်ရေးမှူး၏လက်ပါးစေများသည် ကျောင်းဆောင် ဖြိုဖျက်ရေးနှင့်ပြန်လည်ဆောက်လုပ်ရေးကော်မတီဖွဲ့စည်းခဲ့၍မိဘပြည်သူများမှ ၂၃.၉.၂၀၁၃ နေ့တွင်သက်ဆိုင်ရာဌာနအသီးသီးသို့ကိုယ်ထူကိုယ်ထကျောင်း ဆောင်ကြီးကို မဖြိုဖျက်ပါရန် ကန့်ကွက်လွှာများပေးပို့ခဲ့ပါသည်။ ၂၅.၉.၂၀၁၃ နေ့တွင်တိုင်းပညာရေးမှူးရုံးမှ လ/ထ ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းလာရောက်ပြီးလျှပ်တပြတ်အစည်းအဝေးကျင်းပခဲ့သောကြောင့် ကန့်ကွက်လွှာတင်ပြခဲ့သူများမှ လုပ်လက်စ အလုပ် များဖျက်ကာ မဖြစ်မနေချက်ခြင်းလာရောက်ခဲ့ရပါသည်။
အစည်းအဝေးတွင်လည်း လ/ထညွှန်ကြားရေးမှူးမှ ကျောင်းဆောင်ဖြိုဖျက်ပစ်ရန်သာတိုက်တွန်းဆွေးနွေးခဲ့ပါသည်။အစည်းအဝေးပွဲမှပြန်လာသောမိဘပြည်သူများအားကျောင်းရှေ့တွင်ပြည်သူ့ရဲတပ်ဖွဲ့မှဗိုလ်ကြီး အဆင့်ရှိသူ ရဲဗိုလ်ကြီးထွန်းကျော်ဦး ခေါင်းဆောင်သောရဲ(၁၀)ဦးခန့်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်အင်အားနှစ်ဆယ်ကျော်ခန့်စောင့်ကြပ်နေကြပါသည်။ဆရာမကြီး ဖိတ်ကြား၍ မိမိတို့၏အလုပ်များကိုဖျက်ပြီးအစည်းအဝေးကိုမဖြစ်မနေလာခဲ့ရသောကျောင်းသားမိဘပြည်သူများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ဆန္ဒလာပြ ကြတာလားဟုအော်ဟစ်ပျက်ရယ်ပြုခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးမှဖျက်မိန့်ပေး၍ဖျက်သည်ဟု ဦးခင်မောင်အေးနှင့်လူတစ်စုတို့ကပြောသောကြောင့် ကျောင်းအကျိုးတော်ဆောင်များ(ယခု- ကျောင်းအကျိုးတော်ဆောင်အဖြစ်မှဖယ်ရှားခြင်းခံရ)နှင့်မိဘပြည်သူများမှ မြို့နယ်ပညာရေးမှူးထံသွားရောက်ဆွေးနွေးခဲ့ရာပညာရေးမှူးမှ မိမိအနေဖြင့်ဖျက် မိန့်ပေးထားခြင်းမဟုတ်ပဲ ညှိုနှိုင်းဆောင်ရွက်ရန်သာပြောထားကြောင်း၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သွားရောက်တွေ့ဆုံပြီးညှိုနှိုင်းဆောင်ရွက်ရန်ပြောသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်နှင့်သွားရောက်တွေ့ဆုံခဲ့ပါသည်။ 

မြို့နယ်အုပ်ချုပ်ရေးမှူးထံရောက်သောအခါ ၄င်းမှ “ခင်ဗျားတို့ပြောချင်ရာပြောကြ။နားထောင်ကြည့်တာပေါ့” ဟုလည်းကောင်း၊ကျုပ်ကတော့ ဖျက်ကို ဖျက်မယ်၊အခုလည်းခင်မောင်အေးကိုဖျက်ခိုင်းထားပြီ၊ခင်ဗျားတို့တိုင်ချင်ရာတိုင်” ဟူ၍လည်းကောင်း လူကြီးလူကောင်းမဆန်စွာပျက်ရယ်ပြုပြောဆိုခဲ့ပါသည်။ မိဘပြည်သူများမှ-နိုင်ငံတော်သမ္မတကြီးနှင့်လွှတ်တော်ဥက္ကဌကြီးမိန့်ကြားချက်များသည် ပြည်သူကိုဗဟိုပြုသောအစိုးရဖြစ်ရန်ပြည်သူ့ဆန္ဒများကိုအလေးထား ပေးကြပါရန်ပြောဆိုသောအခါ ဦးကျော်စွာအောင်မှ “ဒါကတော့ အထက်လူကြီးတွေကကြားကောင်းအောင်ပြောတာ၊ကျုပ်ကတော့ ဖျက်မှာပဲ”ဟုပြောပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှကြီးနိုင်ငယ်ညှင်းအုပ်စုဖွဲ့ဗိုလ်ကျခြင်း၊ပြည်သူ့အသံပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုခြင်း၊ သမ္မတကြီးနှင့်လွှတ်တော်ဥက္ကဌကြီးများ၏မိန့်မှာချက်များကိုသွေဖယ်ခြင်း၊မင်းမဲ့စရိုက်ဖြင့်ထင်ရာစိုင်းခြင်းတို့အပေါ်ပြည်သူများမှမကျေနပ်၍ သက်ဆိုင်ရာဌာန အသီးသီးသို့လည်းကောင်း၊သမ္မတကြီးထံသို့လည်းကောင်း အဆင့်ဆင့်တင်ပြအကူအညီတောင်းခံခဲ့သော်လည်း ယနေ့တိုင်တစ်စုံတစ်ရာမျှအကြောင်းပြန် ကြားခြင်းမရှိပဲ ကျောင်းဆောင်ကြီးအကြောင်းမဲ့ပျက်စီးလေလံတင်ခံရခြင်းသာ အဖတ်တင်ကျန်ရစ်ပါသည်။ အောက်ခြေပိုင်းအစိုးရအဖွဲ့၏ပိပိရိရိလိမ်လည်ဖုံး ကွယ်နိုင်မှုကြောင့် ၄င်းတို့အဆင်ပြေလက်မထောင်နိုင်သော်လည်းကျောင်းသားမိဘများမှာ ကိုယ်ထူကိုယ်ထ၀ိုင်းဝန်းကြိုးပမ်းဆောက်လုပ်ခဲ့ရသောကျောင်း ဆောင်ကြီးပျက်စီး၍ နှစ်မိုင်ကျော်ခန့်အကွာ အ.ထ.က ကျောင်းကြီးတွင်ခက်ခဲကြမ်းတမ်းစွာပညာသင်ကြားရမည့် သားငယ်သမီးငယ်များအတွက် ရတက်မအေးနိုင်ဖြစ်နေရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts