News Features

Bharadwaj – News Features

လူလေး ကိုဌေးဦးရေ..  ပြောရတာမောသဗျ
ဘာရာဒွါဂျာ (မြန်မာပြည်)
အောက်တိုဘာ ၉၊ ၂၀၁၃


ကျုပ်တို့ ရပ်ထဲရွာထဲမယ် ဗျိုး ဟစ်တာရှိတယ်လေ။ ရပ်ရွာထဲ အလှူဆို ရပ်ထဲ ဗျိုးဟစ်လိုက်တာပါပဲ။ တစ်ကြော်ကြော်ခေါ်ပြီး ဖိတ်လိုက် တာလေ .. ခုတော့ ကျုပ်မှာ စိတ်ညစ်လို့ စိတ်ညစ်ကြောင်း တိုင်းပြည်ချီ ဗျိုးဟစ်လိုက်မိတော့လည်း လွန်တာရှိရင်လည်း ၀န္ဒာမိပါလို့ မဆိုတော့ဘူး။ နိုင်ငံရေးသမားကလည်းမဟုတ်ပြန်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးလည်း အောက်တန်းနောက်တန်းမကျချင်။ လေဟန်ထွားထွားနဲ့ လူမျိုးကလည်း မဖြစ်ချင်။ သိက္ခာနဲ့လည်း နေချင်။ ဟို ၁၁ဘီလျံကပေါ်လာ။ ဘယ်တုန်းကသွယ်မှန်းမသိတဲ့ ပိုက်လိုင်းကလည်း ပေါ်လာ။  မိုးတွေ တဗြုန်းဗြုန်းရွာတုန်းရွာဆဲမှာပဲ မီးတွေက နေ့ခင်းနေ့လည်ဆို ပျက်ပျက်သွား။ အော် နေ့ခင်း မီးပျက်တော့လည်း လင်းနေပြန် တော်ပါချည်သေးရဲ့။
ခင်ဗျားတို့ သိလား။ ဟိုတစ်နေ့မယ် ကျုပ်ဖြင့် ကိုဌေးဦးလေ လွှတ်တော်လိုင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြန်သဗျ။ ဘယ်ကလာ ကျုပ်အစ်ကို ကိုဌေးဦးရမှာလဲ။ ကျုပ်တို့ ကြံ့ခိုင်ရေး၊ ဖွံ့ဖြိုးရေးအသင်းက ဒု ဥက္ကဋ္ဌလေ။ လွှတ်တော်မှာ လုပ်တာဗျ။ အော် ပွင့်လင်းမြင်သာ ထင်သာအောင် လုပ်လိုက်ကြတဲ့ သတင်း စာရှင်းလင်းပွဲ။ ကျုပ်တို့ တိုင်းပြည်က ထူးသဗျ။ ကမ္ဘာပေါ်မယ် အကြာဆုံးညီလာခံကြီးကျင်းပ။ တိုင်းပြည် အတွက် အရေးတော်ကြီးလှသမို့ မိုးထဲလေထဲ မုန်တိုင်းထဲမယ် မဲပုံးထောင်ပြီး အခြေခံဥပဒေ သဘောတော်ခံယူမှုကြီးကျင်းပတာလေ။ ထောက်ခံမှုက အတော်များသား။ အေးဗျာ .. အဲဒီတုန်းကများ ကျုပ်တို့အိမ်မယ် နာဂစ် အနမ်းပန်းထိတဲ့ ဆွေမျိုးညာတိတွေ တစ်ပုံတစ်ပင်လေ။ အခြေခံဥပဒေ…. ကျုပ်က လေးလုံးမကွဲတဲ့ ဘီအေ ထက်တော့ သာမှသာ။ သို့ပေမယ့် ကျုပ်အလုပ်လား။ တိုင်းပြည် အုပ်ချုပ်တော်မူလိုတဲ့သူတွေ အလုပ်လား။ အဲဒီ အခြေခံဥပဒေ က ဘာတုန်း။ ကျုပ်က မေးသာမေးတာပါ။ နည်းနည်းပါးပါးမကသိလို့ ကန့်ကွက်ခဲ့တာပဲ။ သမိုင်းမှာ ကျုပ်တာဝန်ကျေပြီ။ ကျုပ်ရိုးရိုးသားသားကို ကန့်ကွက်တာလေ။ အမလေး……. ကျုပ်ပေးတဲ့ မဲက ကန့်ကွက်မဲ ဒဿမကိန်းလောက်ထဲပါသွားပေမယ့် ကျုပ်က ကျေနပ်မဆုံး တပြုံးပြုံး။ အဲဒီတုန်းက အဲဒီ အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြမယ့် ကောင်လေးတွေက ဟိုအထဲမှာ။ ကျုပ်လား ဆန္ဒမပြပါဘူး။ ကြောက် လို့ ငြိမ်နေတာ။ ကျုပ်က အေးအေးဆေးဆေးနေတာ။
ကျုပ်က ပါတီသားမဟုတ်။ အဲ မြန်မာနိုင်ငံသားတော့ ဟုတ်ပါရဲ့။ ကျုပ်တို့ကို အခြေခံပြီးအုပ်ချုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို နည်းနည်းပါးပါးတော့ စိတ်ဝင်စားတာပေါ့။ ကျုပ်  စိတ်ဝင်စားတာလား ။ ရော် .. ကျုပ်က ဘယ်လိုပုဂ္ဂိုလ်ကြီး သတ္တ၀ါဖြစ်….. ခင်ဗျား ကြားဖြတ် ဖြတ်မပြောနဲ့။ ထင်သာမြင်သာ ပွင့်လင်းတယ်ဆိုလည်း ဟန်ကိုယ့်ဖို့လောက်တော့ ချန်ထားရမယ်လေ။ နို့မို့ဆို ကိုဌေးဦး ဖြစ်သွားမှာပေါ့ဗျ။ ကျုပ်စိတ်ဝင်စားတာက ဘယ်လိုလူမျိုး သမတ ဖြစ်ခွင့်ရှိလဲပေါ့။ ဗုဒ္ဓေါ ဘဂ၀ါ……။ လာလေဟဲ့ ကန့်ကွက်မဲပေါ့။ ကျုပ်က သမတ မဖြစ်ချင်ဘူး။ ဒါပေမယ့် ရော်…… ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလုပ်လုပ်တော်မူမယ့် အနှီ  ပုဂ္ဂိုလ်တော်မြတ်များ နှစ်သက်တော်မူတဲ့အတိုင်း ၀င်ကြလေဟဲ့ ရွေးကောက်ပွဲ။
ခင်ဗျားက လာ လာချည်သေးရဲ့။ မဲဆွယ်ပွဲကာလတုန်းမယ် ကျုပ်ကြိုက်တဲ့ ဒိုင်ယာလော့ဗျာ။ လူကြီးမင်း တစ်ဦးကနော် လမ်းမပေါ်မယ် လော်ကြီးနဲ့ ဗြောင်ကြီးကို ချတာဗျ။ ဘာတဲ့။ ဖဲလိမ်ရိုက်တာသိသိကြီးနဲ့ ဖဲဝင်ရိုက်တယ်ဆိုတာ လိမ်တာကို ဖမ်းချင်လို့တဲ့ဗျ။ ဒါ့ကြောင့် မဲပေးပါတဲ့လေ။ ကျုပ်တောင် မနေနိုင် မထိုင်နိုင် တစ်ကိုယ်တော် လက်ခုပ်တီးလိုက်သေးလို့ ……။ မိသားတစ်စုရဲ့ ကြိမ်းသံမောင်းသံတွေကြားထဲမယ် ကျုပ်က ဘယ့်နှယ်သဟာလဲပေါ့။ အော် ဟုတ်ပေသား။ ဖမ်းတုန်းဆီးတုန်း နှစ်ထောင့်ကိုး၊ ဖမ်းမယ်ဆီးမယ် နှစ်ထောင့်တစ်ဆယ်…… ဟုတ်လားခင်ဗျ။
အေးဗျ။ ထူးတာတော့ အတော်ထူးတာ။ လူတွေဗျာ ငကြောင်တွေဗျ။ ကျုပ်တို့က အဟုတ်မှတ်လို့ အထင်ကြီး၊ ထင်ကြီးလွဲသဗျ။ ဆန္ဒခံယူပွဲက ဘာမှန်း။ ရွေးကောက်ပွဲက ဘာမှန်း မသိဗျ။ ရွေးကောက်ပွဲတုန်းက မဲပေးရေး၊ မပေးရေး အယူများပြီး အယူတိမ်းသလိုလိုဖြစ်သော်ငြားလည်း မုန်တိုင်းနဲ့အတူ အသဲကြားက မားတပြဲလေး ပေးလိုက်ပါရဲ့။ ကြိုတင်မဲက ဆော်သဗျ။ ခုလည်း ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲနေတယ် မဟုတ်လား။ တော်လှန်ရေးထဲလား ..။ မပါပေါင်ဗျာ.. ခင်ဗျားနှယ်..အဲဒါကျုပ်အလုပ်လား။ ကျုပ်တို့က ကိုယ်စားလှယ်တော်တွေ ရွေးပြီးပြီဗျ။ လွှတ်တော်ထဲ ငုတ်တုတ်ငိုက်လိုက ငိုက်တော်မူ သခင်လေးရယ်ကွဲ့ လို့ ဆိုပြီး လွှတ်လိုက်တာ။ လွှတ်တော်ဆိုတဲ့အတိုင်း လွှတ်ကို တော်တာဗျာ။ ကျုပ်လိုတောသား မျက်စိများတောင် လည်သဗျ။
ခင်ဗျား.. တိုးတက်လာတဲ့ခေတ်လို့ မဆိုလိုပါဘူးလေ။ ခင်ဗျားက ကျုပ်ကတစ်ခွန်းပြောလို့ မဆုံးဘူး။ သရော်တော်တော်က လုပ်ချင်တဲ့လူ။ ကပျက်ယပျက်ဆိုတာ လုပ်တိုင်းမကောင်းဘူး။ အေးဗျာ ဒီလူ တော်မြတ်တွေ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းကို နားမလည်ဘူးဗျ။ ခင်ဗျားနှယ့် ဒီလောက်ပျင်းစရာကောင်းတဲ့ စာအုပ် ဘယ်သူက ဖတ်မတုန်း။ လိုရာလောက် ဖတ်မပေါ့။ သို့ပေငြားလည်း ရွေးကောက်ပွဲဝင် အမတ်လောင်း လျာများကတော့ ကိုယ့်ကို ဘယ်ချိန်ခွင်နဲ့ ချိန်ထိုးကြမှာလဲလောက်တော့ သိရပေမပေါ့။ ခုတော့ ကိုဌေးဦးလေး က ပြည်သူတွေက အခြေခံဥပဒေကို ပြင်ချင်တယ်ဆိုတာ မယုံပါဘူးတဲ့။ ကျုပ်က ဒီလူလေးမယ်  တော်ချက်ပေါ့။ သုတေသနမျက်လုံးနဲ့ သုတေသနအလေ့ အကျင့်က အများကြီးလိုနေသေးလို့ ကျုပ်ကထင်တာ ဒီလူလေး သုတေသနကွင်းဆင်းသလားလို့။ လွဲသဗျာ…… သူလည်း ကိုယ်နဲ့မရိုင်းဆိုတဲ့ မူကို ရှေးမူမပျက် ကျင့်သုံးတာ ပါကလားဗျ။ အေးဗျ.. သူတို့ဆွဲတဲ့ ဖွဲ့စည်းပုံ သူလည်း အခုမှ မှတ်စုထုတ်လေ့လာဆဲ ဆိုပါကလားဗျ။
ကျုပ်တို့ ဒုဥက္ကဋ္ဌကြီးဗျာ။ လေးစားတယ်။ ရိုးရိုးသားသားပဲဗျ။ သူပြောချင်တဲ့သဘော ကျုပ်နားလည် သလောက်ဆို သူတောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မှတ်စုထုတ်တုန်းဆို ပြည်သူတွေက ဖတ်ပြီးလို့ ပြင်ဆင် ချင်တယ်ဆိုတာကြီးကို သူကမယုံတာ။ သူလိုအနှီ ပုဂ္ဂိုလ်ကြီးတောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအချာ မဖတ်ဘဲ မရမ်းကုန်းမဲ ဆန္ဒနယ်က ၀င်ပြိုင်တာ ရှုံးသတဲ့ဗျ။ ဟာ… ခင်ဗျားကလည်း ဘယ်ကလာကျုပ် ပြောတာ ရမှာလဲ။ သူရှုံးတာ သူပြောတာ။ သူမဖတ်ရသေးဘဲ ၀င်ပြိုင်တာ သူပြောတာ။ သူအခုမှ ဖတ်ပြီး မှတ်စုထုတ်တုန်း လို့ သူပြောတာ။ သူရှုံးပေမယ့် သူ့တိုင်းပြည်အတွက် သူလုပ်နေတယ်လို့ သူပြောတာ။ ခင်ဗျားသိလား။ မီဒီယာ တွေကိုလည်း ပြောသဗျ။ ခင်ဗျားတို့လည်း ရွေးကောက်ပွဲဝင်လို့လား။ နိုင်လို့လား။ ဒါပေမယ့် အခု ခင်ဗျား တို့ လုပ်နေတာ တိုင်းပြည်အတွက်ပဲ မဟုတ်လားလို့ မီဒီယာတွေကို သူပြောတာ။ ဘယ်ကလာ ကျုပ်ပြောရမှာလဲ။
ခင်ဗျားဗျာ….. ကိုဌေးဦးလေး ရိုးသားသဗျာ။ ကျုပ်မှာ အဲဒီ သတင်းစာရှင်းလင်းပွဲလေးကြည့်ရင်း ကြည့်ရင်း အဓိပ္ပါယ်ပေါ်လွင်လာသဗျ။ ကျုပ်သာဆို ကျုပ်တို့ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျုပ်က ကျေညက် ပြီး ဒေါင်းဒေါင်းပြေးအောင်ရတာလို့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြောမှာဗျ။ ခုတော့ဗျာ … သူက ရိုးရိုးသား သား ခုမှ မှတ်စုထုတ်နေတာ။ သူကိုယ်တိုင် မှတ်စုထုတ်ပြီး ကိုယ့်ကိုကိုယ် နားလည်အောင် လုပ်နေရရှာတာ။ သူလည်း ရွေးကောက်ပွဲဝင်တုန်းကရော အဲ ညောင်နှစ်ပင်စခန်းမှာရော ယောင်ဝါးဝါးပဲဆိုတာ ရိုးရိုးသားသား လေး ၀န်ခံရှာတာဗျ။ အပြုံးမပျက် ၀န်ခံတယ်ဆိုတာ လူတော်မို့လို့ဗျ။
ခင်ဗျားသိတဲ့အတိုင်း နိုင်ငံရေးသမားဆိုတာ လူထုအကြိုက် လုပ်ကြမှ မဲရမှာဆိုတော့ လူကြီးတွေ ပြောသလိုဆို အင်မတန် ပရိယာယ်များတယ်ဆိုပဲ။ သို့ကလိုထဲ ကိုဌေးဦးလေးလို ပရိယာယ်မပါ ရိုးသားသူတွေ များ လိုလိုချည်သေးရဲ့ မဟုတ်လား။
အဲ လူထုလား။ မထင်ပါနဲ့ကိုယ့်လူ။ သန့်ရှင်းတည်မြဲခေတ်က ကျုပ်အမေပြောတာ သန့်ရှင်းက အ၀ါ၊ တည်မြဲက အနီတဲ့ဗျ။ ဘယ်ကလာ အလံရမှာလဲ။ ခင်ဗျားဗျာ မှတ်မှတ် သားသားမရှိလိုက်တာ။ မေ့လွယ်ပျောက်လွယ် မကောင်းဘူးမယ်။  အဲဒါ ထဘီဗျ။ တည်မြဲကထဘီ အနီတွေ ဝေသတဲ့ဗျ။ ရော်… မဲရုံလာတော့ ထဘီ အနီတွေချည်းတဲ့။ အော် နိုင်တော့ သန့်ရှင်းပါတဲ့ခင်ဗျာ။ နိုင်ငံရေးပရိယာယ်ဆိုတာ နိုင်ငံရေးသမားမှာချည်းမဟုတ်ဘူးဗျ။ ပြည်သူမှာလည်း ပရိယာယ်ကြွယ်ဝသမှ။ မှတ်သားစရာ။
သို့ပေငြားလည်း ကျုပ်က သူပြောတာလေး အစာမကြေရင်ခံသလိုဖြစ်တာလေးတော့ရှိသဗျား။ ပြည်သူတွေ အခြေခံမူပြင်ချင်တာ သူမယုံဘူးဆိုတာလေး။ အေးလေ …… ကျုပ်လည်းမယုံပါဘူး။ ဘယ့်နှယ့် ပြည်သူအများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဖတ်လောက်တဲ့ ဥာဏ်ဦးနှောက်နဲ့ ပြည့်စုံမှုမရှိလောက်ပါဘူး။ အေးလေ… ခင်ဗျားဘာသိလို့တုန်း ဆရာဖေမြင့်ပြောတာ စာနယ်ဇင်းလွတ်လပ်ခွင့်က ပြည်သူက ဥာဏ်ပညာရှိဖြစ်မှ ရမှာတဲ့ဗျ။ မသိဘူးလေ…. ကျုပ်လည်း ဘယ်မှတ်မိပါ့မလဲ။ မှတ်မိတာက ဆရာဖေမြင့် တဆင့်ရေးပြဝေဖန်ပြတဲ့ ဆောင်းပါးလေးမယ် ဖတ်ရတာ။ ကျုပ်အထင်တော့ ကျုပ်တို့ပြည်သူတွေ ငတုံးတွေဆိုတာ သမတကြီးကတော့ ပြောမယ်မထင်ဗျာ။ သမတကြီးပြောတောဆို သူတောင် ရိုးလ်ကျသဗျ။ သူ့ရှူးသူပတ်ပြီး သူပါ ငတုံးပြည်သူများအုပ်ချုပ်သူ .. ဘာညာ ဆက်လာနိုင်တာလောက်တော့ ကျုပ်တို့ သမတကြီး သိလောက်ပါတယ်ဗျ။ ၀န်ကြီးကတော့ သူ့ဝန်ထမ်းတွေလောက်နဲ့ တိုင်းကာထွာကာ ပြောဟန်တူ ပါရဲ့။ ၀န်ကြီးက ပြောတာဖြစ်မှာပေါ့။ သူတောင် သူနဲ့ သူ့ပညာရှိများနှစ်အတန်ကြာရေးထားတဲ့ ဥပဒေကြီးကို မှုန်ဝါးဝါးဖြစ်မှတော့ ကျုပ်တို့ပြည်သူ ဝေလာမှ ဝေးရဲ့။
ဘယ့်နှယ့်ဗျာ… ကျုပ် ခဏခဏကြားတာတော့ ကျေးလက်ပြည်သူက ၇၀%တောင်ရှိသဗျ။ အဲဒီ ၇၀% သောပြည်သူက ကျေးလက်နေပြည်သူဗျ ။ တောအုံချုံကြား လယ်စိုက်ယာစိုက်၊ ကြက်မွေးနွားမွေးပြည်သူဗျ။ မြို့နေလူတန်းစားကလည်း ပဲပြုတ်ရောင်း၊ ပြောင်းဖူးရောင်း၊ အိမ်ဆိုင်များက တစ်လမ်း ဆို တစ်အိမ်ခြား လောက် တည်ပြီး ထမင်းအိုးတည်ရသကိုးဗျ။ ဘွဲ့ရ ဆိုက်ကားသမား၊ ဘွဲ့ရကွမ်းယာသည်၊ ဘွဲ့ရ ဂျာနယ် လက်ပွေ့ရောင်းသမားများက အများစုဗျ။ ခရိုနီပုဂ္ဂိုလ်များက လူနည်းစုမှ လက်ချိုးရေတွက်နိုင်သဗျာ။
ဖတ်ကြလိမ့်မပေါ့ ဂျာနယ်ပေါ့ဗျာ။ အထက်အနှီလူကြီးမင်းများအစား မီဒီယာဆရာများ တွေးပြရေးပြ သုံးသပ်ပြ နဲ့ပေါ့ဗျ။ ဒါလည်း အလုပ်ခွဲခြားလုပ်ကိုင်ခြင်းပဲလေကိုယ့်လူ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို သုံးသပ်ဆင်ခြင်ဖို့ ကျုပ်တို့ ကိုယ်စားလှယ်တော်ကြီးများ ရှိပေသားလေ။ လွှတ်တော်ထဲ လုပ်ရမယ့် အလုပ် ကျုပ်တို့ပါ ၀ိုင်းကြ၀န်းကြဦးစို့ဆိုရင် လာပေပေါ့ ကျုပ်တို့ယာကွင်းဆီ။ လာပေပေါ့ ကျုပ်တို့ လယ်ကွင်းဆီ။
ခုတော့ဗျာ…. ဖွဲ့စည်းပုံမဖတ်တာ ကျုပ်တို့အပြစ်လို့ဆိုလေသလားမောင်။
ကျုပ်တို့ပါတီဒု ဥက္ကဋ္ဌကြီးများ ရိုးလွန်းလှသနော်။ ကျုပ်တို့ပြည်သူအပေါ် မျှော်လင့်ချက်တွေ မြင့်မား လိုက်တာဗျ။ ကျုပ်တို့မလည်း ကိုယ်က သူ့မျှော်လင့်၊ သူက ကိုယ့်မျှော်လင့် နဲ့ အချိန်တွေ လွှတ်ကုန်နေတာ။ ကျုပ်တို့လည်း နိုင်ငံရေးသမားပါဗျ။ ရော် ခင်ဗျားနှယ် လူတိုင်းလူတိုင်း တစ်သီးပုဂ္ဂလ ချည်းပဲ။ ကိုယ့်လူလေး ကိုဌေးဦးတို့တစ်သိုက်တောင် တစ်သီးပုဂ္ဂလဆန်ဆန် စကားတွေဆိုသေးသဗျ။ ပြုံးပြုံးနဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒီမေးခွန်းက သိပ်တော့ မဆိုင်ဘူးဆိုပေမယ့် ကြိုးစားပန်းစားလေးတော့ ဖြေရှာတာပဲ။ ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းရှာတာပဲဗျ။ ကျုပ်တို့လေးစားရ၊ အတုယူရစရာလားလို့ ဖြည်းဖြည်းတော့တွေးကြည့်ပါဦးမယ်။
အခုတော့ ကျုပ်မောသဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts