အင်တာဗျူး

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၂၁)

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၂၁)
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။


====
မော်စီတုန်းက သဲကို ကြိုးကျစ်ချင်ကျစ်မယ်၊ ဗမာတွေနဲ့ နိုင်ငံရေးမလုပ်ဘူးတဲ့

မင်းသစ် ။ ။မန္တလေးတက္ကသိုလ်ရောက်တဲ့အခါကျတော့လည်း တကသထဲဝင်လိုက်တာပေါ့ဗျာ၊ အဲဒီတုန်းကကျောင်းသား အင်အားစုကသုံးစုကွဲနေတယ်၊ ဗကပနောက်ခံက တပ်ဦးဟောင်း။ အလံနီနောက်ခံက တပ်ဦးသစ်။ နောက် ဖဆပလနောက်ခံရှိသေးတယ်၊ DSO လို့ခေါ်တယ်။ ဒီမိုကရက်တစ်ကျောင်းသားတပ်ပေါင်းစုတဲ့ စပွန်ဆာက ဘယ်သူတုန်းဆို တော့ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းရဲ့ဇနီး ဒေါ်နွဲ့နွဲ့ရီတဲ့။

သူတို့ကမာမီနွဲ့လို့ ခေါ်တယ်၊ တပြည်လုံးမှာဖွဲ့ထားတာ၊ ထောင်တာက ရန်ကုန်မှာ စထောင်တာလေ။ ကျနော်ဆိုလိုတာက တက္ကသိုလ်မှာရော၊ ကောလိပ်မှာရော၊ကျောင်းတွေမှာရော တပြည်လုံး သုံးစုကွဲနေတဲ့အကြောင်းပြောတာ။ အဲဒါ ဘယ်သူပဲ နိုင်သလဲ ဆိုတော့ နှစ်စဉ်ဗကပအနွယ်တွေကြီးစိုးတဲ့တပ်ဦးဟောင်းက နိုင်တာပဲ။

မာန် ။ ။ သမဂ္ဂအမှုဆောင်ရွေးတဲ့အခါလားဆရာ။
မင်းသစ် ။ ။ဟုတ်တယ်၊ တပ်ဦးဟောင်းကချည်းနိုင်တာ။ DSO တွေက မဲတောင်မရဘူး၊ ကျောင်းသားတွေအတွေးမှာ ဘာပါလာသလဲဆိုတော့ လက်ရှိအစိုးရကို ဆန့်ကျင်ရမယ်ဆိုတဲ့အတွေး၊ မကောင်းရင် ပိုဆန့်ကျင်တာပေါ့။ ကောင်းကောင်း မကောင်းကောင်း တောင်ဆန့်ကျင်နေတဲ့ဥစ္စာ။ လူကြီးဆိုရင် ကလန်ကဆန်လုပ်ချင်နေကြတာ။ အဲဒီစိတ်ကရှိနေတာကိုး။
အဲဒါနဲ့ပြောရဦးမယ်ခင်ဗျားကို၊ အဲဒီတုန်းက ကျနော်က တက္ကသိုလ်အရန်တပ်ရင်းဝင်သေးတာ။ အဲဒါလည်း ဗကပကလိုင်းချပေးလို့။ မင်းတို့ဝင်ရမယ်၊ စစ်ပညာသူတို့ဆီကသင်ခဲ့။ အချိန်တန်ရင် ငါတို့တောထဲသွားမယ်။ အဲဒီကနေ ပြန်ချမယ်။ ကျနော်ဝင်သေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းကျတော့ ကျနော်ဖီလင်မရှိတော့ဘူး။ BCP မှာကျနော့်ကိုယ်ပိုင်နံပါတ်က တော်တော်စောတယ်၊ (၁၀၈၈၅)၊ ကျောင်းပိတ်ရက်ဆိုရင် တက္ကသိုလ်အရန်တပ်ရင်းဆိုတော့ Camp ဆင်းရတယ်။ ပုပ္ပားတို့၊ မေမြို့တို့ဆင်းရတယ်။ အဲဒီမှာ နည်းနည်းဝင်လုပ်လိုက်သေးတယ်။ သို့သော် ၆၂၊ ၇ ဇူလှိုင်မှာ
ကျောင်းသားတွေသတ်တယ်၊ ၈ ဇူလှိုင်မှာ သမဂ္ဂဗုံးခွဲတယ်၊ ၆၃ မဟာဌာနသုံးခု ပိတ်တယ်။ အဲဒီမှာတင် ထပ်ဖမ်းဟ ဆီးဟ ကျွန်းပို့ဟ။ အဲဒီလိုတွေနှိပ်ကွပ်တဲ့အခါကျတော့ ၆၃ မှာ ကျနော်ခုနှစ်ရက်လောက် အဖမ်းခံရသေးတယ်။ သိပ်ရယ်ရတယ်ဗျ။ တပ်ဦးမှာနာမည်ကြီးတဲ့ခေါင်းဆောင်နှစ်ယောက်ရှိတယ်။ တယောက်က အောင်သူ။ နောက်တယောက်က မြတ်သူတဲ့။ နှစ် ယောက်စလုံး မြင်းခြံက။ ကျနော့်မှတ်ပုံတင်ထဲကနာမည်ကလည်း မြတ်သူ။ အဲဒီတော့ မြတ်သူတွေ အကုန်ဖမ်းရော၊ ဟား ဟား ….။

မာန် ။ ။ အဆောင်မှာလာဖမ်းတာလားဆရာ။
မင်းသစ် ။ ။ အဆောင်နေနေတုန်းပေါ့၊ မန္တလေး ဆယ့်တစ်မတ်ဂတ်မှာ။ လွတ်လပ်ပါတယ်၊ ဘာမှမဟုတ်ပါဘူးဗျာ၊ ကျနော့်ကို လည်း အဖက်မလုပ်ပါဘူး။ လူက ကလေးကိုဗျ။ တကဲ့ကိုလည်း ကလေးအရွယ်။ တက္ကသိုလ်ကျောင်းသားဆိုပေတဲ့ကလေး။ အဲဒီလိုဗျ၊ ၁၉၈၈ ဇွန်လမှာကျတော့၊ ဟာ၊ ညကြီးဗျာ၊ ဒီတရပ်ကွက်လုံးကို တပ်တွေဝိုင်းထားတာ၊ လာဖမ်းတော့ ကျနော့် တယောက်တည်း …။

မာန် ။ ။ အကြောင်းက…
မင်းသစ် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီတောခိုတာနှစ် လေးဆယ်ပြည့်တဲ့အထိမ်းအမှတ်လေ။ အဲဒီမှာ စာရွက်စာတမ်းတွေ ဝေတာ။ သံရုံးတွေဝေတယ်။ စာရေးဆရာတွေဆီနာမည်နဲ့တကွပို့။ အကုန်ပို့တာ။ အဲဒါ့ ကျနော့်လက်ချက်လိုထင်တာ။

ကျနော်နဲ့ဘယ်သူတွေအဖမ်းခံရသလဲဆိုတော့ ခင်ဗျားသိမယ့်သူပါပဲ။ ဆရာဌေးမောင်ရဲ့ သားမြင့်ဆန်း။ နောက်ပြန်ထွက်လာတော့မှမေးကြည့်တယ်။ ကားပေါ်မှာတုန်းက ‘ကျနော့်မျက်မှန်လေးရှာပေးပါဦး၊ ကျနော့်မျက်မှန်လေးရှာပေးပါဦး’နဲ့ ပြောနေတာ မင်းမဟုတ်လားမေးတော့ ဟုတ်တယ်တဲ့၊ ကျနော်တို့ကို နှစ်ယောက်စလုံး မျက်နှာတွေ အဝတ်စွပ်ပြီး ထည့်သွားတာကိုး။ ပြောပြရဦးမယ်၊ အဲဒါကြမ်းခင်းဈေးဆယ်နှစ်ကတော့ သွားပြီပဲ၊ အာဏာရှင်ခေတ်ဆိုတာ ဟုတ်ဟုတ်မဟုတ်ဟုတ်ပဲ။ အဲဒီမှာ မေးတာ၊ မေးတာမှ အရင်တခါ အဖမ်းခံရတာနဲ့ကွာလိုက်တာ၊ နှိပ်စက်တာတွေရိုက်တာနှက်တာတွေရောပေါ့၊

ခဲလုံးလေးတွေချထားပြီးတော့ ဒူးထောက်ခိုင်းတယ်၊ အဲဒီအပေါ်တကောင်က ပခုံးပေါ်တက်ရပ် တာ။ ကိုယ်ကပစ်လဲသွားရော၊ ပြီးတော့ပြန်ထ၊ ရေလည်းမသောက်ရဘူး။ ကျနော်ကလည်း ရွတ်တယ်။ ဘယ်လိုမှမနေနိုင်ဘူးလေ၊ သေးကလည်း ပေါက်ချင်နေတာ။ ကျနော်က ပေါက်ချ လိုက်တယ်။ အဲဒီစစ်ကြောရေးအခန်းထဲ၊ ဟာ ဒီကောင်သေးပေါက်ချတယ် ဘာညာနဲ့၊ ထားပါ တော့။

ကျနော့်ကိုမေးခွန်းတွေမေးရင် ကျနော်ပျော်တယ်ဗျ။ ဘာဖြစ်လို့တုန်းဆိုတော့ တချိန်လုံးမျက်နှာစွပ်ထားတဲ့အဝတ်ကြီးဖွင့်ရတာကိုး။ ကျနော်ကအရှည်ကြီးတွေလျှောက်ပြောတော့တာပဲ။ ဒီကောင်တွေစာကြောင်းပေကြောင်း ဘာမှမှမသိတာဆိုတော့၊ အိပ်ဇယ်စပါယ်ရှယ်လစ်ဇင်ဆိုသည်မှာ အဘယ်နည်းဆိုတဲ့ စာရွက် တရွက်ဒီကောင်တွေ ဖတ်မိသွားတယ်၊ ကျနော်ကလျှောက်ဖြေရော၊ နောက်ပိုင်းမှာပေါ်တဲ့ ကမူးတို့ ဘာတို့ အဲဒါတွေပါထည့်ဖြေတာ။ ထိုင်ရေးတော့တာပဲ။ ဘယ်မှာ ကျနော်သက်သာရာ ရသွားလဲ ဆိုတော့၊ မင်းနိုင်ငံရေးမလုပ်ပါနဲ့ကွာတဲ့၊ ဟာ မလုပ်ဘူး စိတ်ချ။ မြန်မာပြည်မှာ မလုပ်ဘူးလို့၊ ခင်ဗျားဘယ်လောက်ကောင်းတဲ့စနစ်ဖြစ်ဖြစ် ရှေ့ကဗမာတို့ မြန်မာတို့တပ်လိုက်ရင် ပျက်ရောပဲလို့။ သိလား။ ဆိုရှယ်လစ်ဝါဒသိပ်ကောင်းတယ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုသွားရော။ ကွန်မြူနစ်ပါတီတွေ ကမ္ဘာပေါ်မှာ သိပ်နာမည်ကြီးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုသွားရောလို့။ ကျုပ်တို့ အခုအဲဒီအငွေ့လေးအရိုက်ခံနေရတာလို့။ ဒါကြောင့် ခင်ဗျားတို့ဆီမှာ ဝဋ်ခံနေရတာလို့၊ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌမော်က ပြောတာ၊ ဘယ်သူတုန်း ဥက္ကဋ္ဌမော်တဲ့။ မော်စီ တုန်းပေါ့ဗျာလို့။ ဘာပြောတုန်းတဲ့.. သဲကိုကြိုးကျစ်ချင်ကျစ်မယ် ဗမာတွေနဲ့နိုင်ငံရေးမလုပ်ဘူးကွာတဲ့။

မာန် ။ ။ တကယ့်စကားပါလားဆရာရယ်
မင်းသစ် ။ ။ ဟာ၊ အဲဒီမှာ ကျနော့်ကိုရေတွေဘာတွေ တိုက်တော့တာပဲ၊ သူတို့လည်း မကြားဖူးဘူးကိုး။ ဒါ ဗကပအဟောင်း ကြီးတွေပြောတဲ့စကား၊ မော်စီတုန်းတောင် လက်လန်သွားတဲ့ ဥစ္စာ။ သူတို့မှာဗျာ လက်နက်တွေလည်းကုန်၊ ငွေတွေလည်း ကုန်၊ နောက် လူတွေပါ ဝင်တိုက်ပေးရ သေးတာ။ အဲဒါလည်း နိုင်အောင်မတိုက်နိုင်။ ကျနော်တို့ ဗကပက အဲဒီလို။

မာန် ။ ။ ဒါကြောင့် ပြောခဲ့တာနေမှာပေါ့ဆရာ
မင်းသစ် ။ ။ နေဦး၊ စစ်ကြောရေးမှာ အဲဒီတုန်းကကိုယ်ရေးအကျဉ်းတွေ ခဏခဏရေးခိုင်းတယ်၊ အဖမ်းခံရတဲ့ မည်သူမဆို သူတို့မေးတဲ့မေးခွန်းတခွန်းရှိတယ်၊ ကြောက်လို့မေးတဲ့မေးခွန်း၊ ‘တပ်မတော်တွင် ဆွေမျိုးမိတ်သင်္ဂဟရှိသလား၊ ဘယ်သူလဲ’၊ တကယ်လို့ရှိတယ်ဆိုရင် ကျနော့် ကြောင့်မို့လို့ ဟိုလူတွေလည်း ဒုက္ခရောက်မှာ။ တပ်ထဲက လူပါနာမှာလေ။ ဒါကြောင့်မဖြေချင်ပါ ဘူးဗျာ၊ မပြောချင်ပါဘူးဆိုတော့၊ ဟေ့ကောင် မဖြေလို့မရဘူးတဲ့၊ ဟာဗျာ၊ အပိုတွေဗျာ ဘာလုပ်မှာ တုန်းဆိုတော့ မရဘူးကွ၊ ဖြေရမယ်၊ ဒါအပိုမဟုတ်ဘူး၊ အရေးကြီးတဲ့မေးခွန်း၊ ဖြေတဲ့၊ ရေးလိုက်ဗျာလို့။ ဘယ်သူတုန်းတဲ့။ ဦးနေဝင်းလို့။

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts