ကဗျာ

ကိုသစ် (သီတဂူ) ● မနက်ခင်းတွေကို ငါစိုက်ပျိုးခဲ့တယ်

ကိုသစ် (သီတဂူ) ● မနက်ခင်းတွေကို ငါစိုက်ပျိုးခဲ့တယ်
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၆

ငါတို့မက်ခွင့်မရခဲ့တဲ့ မျှော်လင့်ခြင်းတွေအတွက်
အိပ်မက်တချို့ကို ငါစိုက်ပျိုးခဲ့တယ်မိငယ်။

နင်…ရေလောင်းပေါင်းသင်ဖို့ မမေ့နဲ့
ဒီအပင်ဖြစ်ဖို့အရေး နှစ်ပေါင်းငါးဆယ့်လေးနှစ်လုံးလုံး
ငါတို့ရင်ဘတ်တွေနဲ့ ရင်းခဲ့ရပြီးပြီ။

ဒီအရိပ်အောက်မှာ
ငါတို့အားလုံးရဲ့ အိပ်မက်တွေ ရှိတယ်။
ဘ၀တွေ ရှိတယ်
အနာဂတ်တွေ ရှိတယ်
အမှန်တရားကို မြတ်နိုးတတ်တဲ့ မျိုးဆက်တွေလည်း ရှိမယ်
ပြီးတော့ မင်းရဲ့ ကလေးငယ်တွေလည်း ရှိမယ်ပေါ့။

တွေဝေမနေနဲ့တော့
ငါတို့အားလုံးက မလိုချင်တော့လို့ စွန့်ထားပစ်ခဲ့တာမိငယ်
ဘာများ လွမ်းစရာရှိလို့လဲ။

ငါတို့မက်ခွင့်မရခဲ့တဲ့ မျှော်လင့်ခြင်းတွေအတွက်
အိပ်မက်တချို့ကို ငါစိုက်ပျိုးခဲ့တယ်
ရေလောင်းပေါင်းသင်
ဒီအပင်ကလေး လူလားမမြောက်ခင်
ဒီလူကြီးတွေ ဒီလောကထဲမှာ ရှင်သန်နေမှာကိုပဲ ငါကြောက်တယ်။

ကိုသစ် (သီတဂူ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts