သတင်းပဒေသာ နောင်ကျော်

စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်း စာတမ်း ၂ ခု ပြန်ကြားရေးဝန်ကြီးက ဆိုင်းငံ့

စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်း စာတမ်း ၂ ခု ပြန်ကြားရေးဝန်ကြီးက ဆိုင်းငံ့

(မိုးမခ) နိုဝင်ဘာ၊ ၁၆၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲအတွက် စာတမ်းများ တင်သွင်းခဲ့ကြတဲ့ စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်းတို့၏ နိုင်ငံရေး စာတမ်းများကို ပြန်ကြားရေးဝန်ကြီး၏ သက်ဆိုင်ရာကော်မီတီက “ဆိုင်းငံ” ဆိုပြီး ငြင်းပယ်လိုက်သည်။

၎င်းတို့က အဆိုပါစာရေးဆရာ ၂ဦး၏ စာတမ်းများမှာ “လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိနိုင်သည်ဟုယူဆတဲ့အတွက် ဆိုင်းငံ့ထားကြောင်း” ရေးသားထားသည်ဟု ဆိုသည်။
ဆရာ ရန်မျိုးသိမ်းက အဆိုပါ စာတမ်းကို သူ၏ လူမှုစာမျက်နှာတွင် တင်ပြီး အများသူငှာ ဖတ်ရှုရန် ဝေငှလိုက်သည်ကို တွေ့ရသည်။ သူက … “ကျနော်လည်း လူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့အစိုးရလက်ထက်မှာတော့ ဖတ်ဖို့အဆင်ပြေနိုင်ကောင်းပါရဲ့ လို့ သုံးသပ်ကာ၊ စာတမ်းပေးပို့ခဲ့တာပါ။ အတတ်နိုင်ဆုံး ရှဥ့်
လည်းလျှောက်သာပျားလည်းစွဲသာထုံးနဲ့ပြုစုခဲ့တာပါ။ ဒါပေမယ့် …” ဟု ရေးသားထားသည်။
ဆရာ နောင်ကျော်ကလည်း အလားတူ သူ့စာတမ်းကို သူ့လူမှုစာမျက်နှာမှတဆင့် အများ ဖတ်ရှုနိုင်ရန် ထုတ်ပြန်လိုက်သည်။ သူက အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားသည်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ စာပေဗိမာန်က အယ်ဒီတာတယောက်ရောက်လာပြီး စာအိတ်ကြီး တအိတ် လာပေးတယ်။ဖွင့်ကြည့်တော့ ကျနော့်စာတမ်းရယ် ပေးထားတဲ့ CD ရယ် စာတစောင်ရယ်။ဒီစာတမ်းကိုရေးခဲ့တာဟာ စင်ပေါ်တက် ဖတ်ချင်လွန်း လို့ မနေနိုင် မထိုင်နိုင်ရေးခဲ့တာ မဟုတ်ပါ။စာရေးဆရာ  ထက်မြက်က စာတမ်းရေးဖို့ အစောကတည်းကပြောခဲ့တော့ ငြင်းခဲ့ပါသေးတယ်။သူက အဲဒီအဖွဲ့ထဲကအဖွဲ့ဝင် တယောက်ဖြစ်ပြီး ဘာတာဝန်ယူထားသလဲ မသိပါ။ နောက်တခါထပ်ပြောတဲ့အခါမှာတော့ ပွဲနာမည်ပါပြော ရင်း စာတမ်းရေးစေချင်တဲ့အကြောင်း ခေါင်းစဉ်ပေးစေချင်ကြောင်း တောင်းဆို (request )ခဲ့တယ်။ ကိုယ်လေးစားရတဲ့ senior ဖြစ်နေတာကြောင့် ဆက်ငြင်းနေဖို့  မကောင်းတာနဲ့ ရေးပေးပါ့မယ်လို့ ကတိပေးရင်း စာတမ်းကို ဆင်ဆာလုပ်မယ်ဆိုရင်တော့ မရေးဘူးနော်လို့ ကျနော်ကပြောတော့ ဆင်ဆာမလုပ်ပါဘူး ဆိုတာကို ပြန်ဖြေပါတယ်။ဒါနဲ့ပဲ နောက်ရက်မှာ ကျနော်က စာတမ်းခေါင်းစဉ် လှမ်းပြောခဲ့တယ်။

အလုပ်မအားတဲ့ ကြားထဲကနေ ရေးလိုက် စာစီစာရိုက်သမားကိုပေးလိုက်၊ ပရုဖတ်လိုက်နဲ့ အောက်တိုဘာ ၃၁ ရက်မှာ စာပေဗိမာန် ရုံးခန်းကို ပို့ပေးလိုက်တယ်။ ကိုယ့်ဘက်က လုပ်ပေးရမယ့်တာဝန်ပြီးပြီပေါ့။
အခု ဒီနေ့မနက်မှာ လာပို့တဲ့စာအရ ဖတ်ရမယ့်စာတမ်းတွေကိုသူတို့အဖွဲ့က ရွေးချယ်ပါသတဲ့။အဓိပ္ပာယ်က
ကျနော်ကပဲ တက်ဖတ်ချင်လွန်းလို့ စာတမ်းရေးပြီး သူတို့ရွေးချယ်မယ့်ကိစ္စကို သဘောတူခဲ့သလိုလို။
ပြီးတော့ ကျနော့်စာတမ်းက အခုလုပ်နေတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြဿနာရှိနေ ဖြစ်နေလို့ ဆိုင်းငံ့ထားရပါ
တယ်တဲ့။
သူတို့ကော်မတီက ရေးပေးဖို့ပြောလို့ ရေးပေးခဲ့တာဟာ စာနယ်ဇင်းလောကစကားနဲ့ပြောရရင် “တောင်းစာမူ” ဖြစ်ပါတယ်။ကြောက်တတ်ရင် နဂိုကတည်းက မတောင်းခဲ့သင့်ကြောင်းနဲ့ ဒီစာဟာ ဖတ်ခွင့်ပေးဖို့ တောင်းပန်တိုးလျှိုးတဲ့စာမဟုတ်ကြောင်း စာတမ်း ကင်ပေတိုင်အဖွဲ့(စာပေစိစစ်ရေးအဖွဲ့သစ်)သိဖို့လိုပါမယ်။
စာတမ်းထဲပါတဲ့မှတ်ချက်တွေ သဘောထားတွေက ပုံနှိပ်စာအုပ်တွေ မဂ္ဂဇင်းတွေမှာ ရေးပြီးသားတွေဖြစ်ပြီး
ထပ်တွေ့တဲ့အချက်အလက်သစ်တချို့ ထပ်ဖြည့်ပေး ထားတဲ့စာတမ်းလေးပါ။
ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ပြည်သူ့ခေတ်နဲ့ ပြည်သူ့အရေး အယ်ဒီတာချုပ်ဟောင်း ဦးဖေမြင့် သိပါသလားဆိုတာလည်း စိတ်ဝင်စားပါတယ်။ ဒေါက်တာရန်မျိုးသိမ်းစာတမ်းလည်း ဖတ်ခွင့်မရဘူးလို့ သိရတယ်။ တခြားဘယ်သူတွေရော အပယ်ခံရလဲ မသိရသေးပါ။
သေချာတာကတော့ ဒီကိစ္စဟာ ဒီမိုကရေစီဘက်တော်သားအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာပါပဲ။ပြန်ကြားရေးဌာနဟာ အရင်လိုအတိုင်းပါပဲလို့ပြောရင် အစိုးရမင်းများနဲ့ အမတ်မင်းများ ကျွဲမြီးတိုကြဦးမှာလားဗျာ။ သူတို့တောင်းထားတဲ့ကျနော့်စာတမ်းကတော့ အပယ်ခံ စာတမ်းဖြစ်ခဲ့ပါပြီ NLD ပါတီနဲ့အရပ်သားအစိုးရခင်ဗျား။ …”

၎င်းတို့ စာတမ်းများကို တင်ဆက်လိုက်ပါတယ်။ စာဖတ်ပရိသတ်များအတွက်ပါ။
နောင်ကျော်၏ စာတမ်း – https://www.dropbox.com/s/iwj92j2g4m10pvn/24.pdf?dl=0
ရန်မျိုသိမ်း၏ စာတမ်း –

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts