ရသဆောင်းပါးစုံ သာထက်အောင်

သာထက်အောင် ● မြားပစ်သမား


သာထက်အောင် ● မြားပစ်သမား
မိုးမခ။ နိုဝင်ဘာ ၁၇၊ ၂၀၁၆

စာမဖတ်ဖြစ်ခဲ့တဲ့ ရက်မရှိပေမယ့် စာမရေးဖြစ်တဲ့ရက်တွေတော့ ကျွန်တော့်ဘ၀မှာ အများကြီး ရှိခဲ့ပါတယ်။ တခါတလေ ရေးရင်းတန်းလန်းနဲ့ပဲ ဘာ့ကြောင့် ငါ ဒါတွေရေးနေပါ လိမ့်…အတွေးနယ်ချဲ့ရင်းနဲ့ အရေးရပ်သွားတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။

စာတွေရေးလို့ ဘာတွေရခဲ့သလဲ ငွေလား၊ အင်း…အင်း..သူဌေးတွေကြားရင် ရယ်နေပါဦးမယ်။ ဒါဖြင့် ကျော်ကြားမှု၊ နာမည်ကြီးမှုကြောင့်လား၊ ကိုယ်စာရေးမှန်း အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် တောင် သိမထင်ပါဘူး။ ဒါဖြင့် တိုင်းပြုပြည်ပြု၊ လူ့အကျိုးပြု၊ ပြည်သူကို အလင်းဖွင့်ပေးဖို့၊ ပညာပေးဖို့ စတဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကြောင့်များလား တခုမှ မဟုတ်ပါဘူး။

ကုရာနတ္ထိဆေးမရှိတဲ့ ၀မ်းတွင်းပါရောဂါတမျိုးဖြစ်တဲ့ မရေးရမနေနိုင်လို့ ရေးခြင်းကလွဲလို့ တခြားပြစရာဆင်ခြေဆင်လက်မရှိပါ။ စာဖတ်တဲ့သူက ကိုယ့်စာဖတ်ပြီး သဘောကျလို့၊ လက်ခံလို့ စာရေးဆရာအဖြစ် အသိအမှတ်ပြုကောင်းပြုနိုင်ပေမယ့်၊ စာရေးသက်နှစ်ပေါင်း ၃၀ ကျော်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာပါလို့ ကြွေးကြော်ခြင်း မိတ်ဆက်ခြင်း မပြုခဲ့ပါဘူး။ ကျွန်တော်နဲ့ ရင်းနှီးသူ အချို့က ကျွန်တော်စာရေးမှန်းသိတော့ ဟိုဟိုဒီဒီသွားရင်းလာရင်း စားရင်းသောက်ရင်း ကျွန်တော်နဲ့ မသိတဲ့သူတွေနဲ့ မိတ်ဆက်ပေးရင် “စာရေးဆရာ” ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ထည့်ပြောလေ့ရှိပါတယ်။ နောက်တော့ ကျွန်တော့်ကို စာရေးဆရာဆိုတာနဲ့ ကလောင်နာမည်ကို မသုံးဘဲ မှတ်ပုံတင်ထဲက နာမည်နဲ့ပဲ မိတ်ဆက်ပေးဖို့ ရင်းနှီးသူများကို ကြိုပြောထားရပါတယ်။

စာရေးဆရာဆိုတာက ရုပ်လုံးပြဖျော်ဖြေရတဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတတို့လို မဟုတ်ဘဲ ကိုယ့်ရဲ့ အယူအဆ၊ အတွေးအခေါ် ခံယူချက်၊ ယုံကြည်ချက်တွေကို ကိုယ်ကျွမ်းကျင်တဲ့ အနုပညာပုံသဏ္ဌာန်နဲ့ ထုဆစ်ပုံဖော်တင်ပြပေမယ့် လူကတော့ ပိတ်ကားရဲ့ နောက်ကွယ်မှာပါ။

ဒါ့ကြောင့် စာရေးဆရာရဲ့ ကလောင်နာမည်နဲ့ လူကို တွဲသိဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဟိုတုန်း ကဆိုရင် ကလောင်နာမည်ကြည့်ပြီး ကျား၊ မခွဲခြားဖို့တောင် ခက်တာတွေရှိပါတယ်။ ကံထွန်းသစ်ဆိုတဲ့ ကလောင်ရှင်ဟာ ဘုန်းကြီးတပါးဖြစ်မှန်း ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က တော်တော့် စာဖတ်ပရိသတ် မသိကြပါဘူး။

စာရေးဆရာလို့ မိတ်ဆက်ခံလိုက်ရတဲ့အခါ စာဖတ်လူက ကိုယ့်ကို မိုးပေါ်က ကျလာတဲ့ အံ့သြ စရာသတ္တ၀ါ တကောင်လိုကြည့်တာ ခံခဲ့ရဖူးသလို၊ ကလောင်နာမည်ဘယ်လိုခေါ်သလဲ၊ ဘာတွေရေး လဲ၊ အချစ်ဝတ္ထု မရေးဘူးလား၊ ဘယ်မှာရေးသလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတာ တော်တော်ပင်ပန်း စိတ်ဆင်းရဲပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကလည်း ဟိုနေရာစပ်စပ်၊ သည်နေရာစပ်စပ်၊ လူထူထူရှိ မိုက်ခရိုဖုန်းကိုင် လူလုံးပြတတ်တဲ့ ၀ါသနာမျိုးကလည်း မရှိ၊ တော်ကြာ သက်ကြီးပူဇော်ပွဲ တော်ကြာ မေ့မေ့မွေးနေ့ပွဲ၊ တော်ကြာ ဘာအထိမ်းအမှတ်ပွဲဆိုတာတွေကို ဦးဆောင်ကျင်းပတတ်တဲ့ ဖိုးပါချင်စိတ် မျိုးကလည်း မရှိလေတော့၊ နောက်ပြီး စာရေးဆရာတယောက်ရဲ့ ကလောင်နာမည်ကိုတောင် အပေါက်အလမ်းတည့်အောင် မခေါ်တတ်သူတွေနဲ့ စာအကြောင်း၊ ပေအကြောင်း ပြောရမှာ ၀န်လေး လေတော့ သြစတြေးလျက ဆစ်ဒနီမှာ ၂၃ နှစ်ကြာနေထိုင်ခဲ့ပေမယ့် ကျွန်တော့်ကို စာရေးသူမှန်းသိတဲ့ သူ အတော်နည်းပါတယ်။

ကျွန်တော်လို ကလောင်ပါမွှားမပြောနဲ့ ဆင်ကလောင်ကြီးဖြစ်တဲ့ ကျွန်တော်တို့လေးစားချစ်ခင် ရတဲ့ နေလိုလလိုထင်ရှားတဲ့ စာပေသစ်ခေါင်းဆောင် ဆရာတာရာတောင် တခါတုန်းက ကလောင် နာမည်နဲ့ ပတ်သက်ပြီး ခိုးလို့ခုလုဖြစ်ရတဲ့ အဖြစ်လေး တဆင့်ကြားမို့ ပုံပြင်သဘောထားပြီး ရေးပြပါရစေ။

တခါသားမတော့ ဆရာတာရာ အခမ်းအနားတခုကအပြီး နိုင်ငံရေးသမားတယောက်က အိမ်အပြန် သူ့ကားနဲ့ လိုက်ပို့ပါသတဲ့။ လမ်းတနေရာရောက်တော့ နိုင်ငံရေးသမားက သူ့အသိအိမ် ခဏ ၀င်ချင်တဲ့အကြောင်း ဆရာတာရာကိုခွင့်တောင်းပြိး ကားပေါ်က ဆင်းကြပါတယ်။ အိမ်ရှင်လင်မယားက တော်တော်လေးချမ်းသာပုံရတဲ့ စီးပွားရေးသမားတွေ ဆိုပါတော့။ နိုင်ငံရေးသမားက ဆရာတာရာကို အိမ်ရှင်လင်မယားနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါ ကျွန်တော့်သူငယ်ချင်း ဒဂုန်တာရာပါဆိုတော့ အိမ်ရှင် ယောက်ျားက ပြုံးပြီး လက်ဆွဲနှုတ်ဆက်နေတုန်း မိန်းမက “သိတယ်-သိတယ် ကျွန်မတို့အိမ်ကကား တွေလည်း ဘရစ်စတုန်းတာယာမရရင် ဒဂုံတာယာကို ၀ယ်သုံးပါတယ်” တဲ့။ ဒါကတော့ သက်ကြီး စကား သက်ငယ်ကြားဖို့ ဘယ်လောက် ခိုင်လုံတယ်ဆိုတဲ့ ပေတံကြီးနဲ့တော့ မတိုင်းလိုက်ပါနဲ့။ သေချာတဲ့ အဖြစ်တခုကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။

၈လေးလုံးအရေးအခင်းကြီးပြီးလို့ NLD ရယ်လို့ ပေါ်လာတော့ အဖွဲ့ဝင် ရရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆရာမောင်သော်ကနဲ့ ကျွန်တော် စစ်ကိုင်းတိုင်းကို စည်းရုံးရေးထွက်ခဲ့ပါတယ်။ အဲဒီမှာ ကလောင်နာမည်နဲ့ ပတ်သက်ပြီး ဆရာမောင်သော်ကက မအီမလည်ဖြစ်ရတာ အကြိမ်ကြိမ်ပါ။ အခမ်းအနားစလို့ အခမ်းအနားမှူးက အခုချိန်ကစပြီး “ဦးသော်က က အဖွင့်အမှာစကားပြောကြားပါလိမ့် မယ်ခင်ဗျား” ဆိုတာမျိုးက မကြာမကြာ ကြားတော့ ဘာမှ မပြောခင် “ကျွန်တော့်နာမည် (ကလောင် နာမည်) က မောင်သော်ကပါ၊ ဦးသော်က မဟုတ်ရပါဘူး” ဆိုတာကြီး ရောက်လေရာ အရပ် ရှင်းရပါ တော့တယ်။ ဒီထက်ဆိုးတာက ဆရာမောင်သော်က ကို မိတ်ဆက်ပေးလိုက်ရင်း တချို့စာနဲ့ ဒုံးဝေးတဲ့ သူတွေဆိုရင် “သိတယ်-သိတယ် ဆရာ့ရုပ်ပြကာတွန်းတွေဆို သိပ်ကြိုက်တာ” အဲဒီအခါမျိုးမှာ ရှုံ့မဲ့သွားတဲ့ဆရာ့မျက်နှာကြီးကို ခုစာရေးနေရင်းမျာပဲ ပြန်မြင်ယောင်ပါသေးတယ်။ “ကျုပ်စာရေးတဲ့ စာရေးဆရာ မောင်သော်ကဗျ၊ ကာတွန်းရေးတဲ့ ကာတွန်းသော်က မဟုတ်ဘူး” ဆိုတာကြီးကို မျက်နှာ ရှစ်ခေါက်ချိုးနဲ့ မကြည်မသာ ပြန်ပြောတတ်ပါသေးတယ်။

ဆိုလိုတာက ကလောင်နာမည်ဆိုတာ အရေးကြီးပါတယ်။ ငွေရေးကြေးရေးအရ ကျော်ကြားမှု အရ ဘယ်လောက်ပဲ ကြီးကြီးငယ်ငယ်၊ ကိုယ့်ကလောင်နာမည်တော့ ကိုယ်ချစ်ကြ၊ တန်ဖိုးထားကြတာ ချည်းပါပဲ။ ကာယကံရှင်ပေးထားတဲ့ သူ့ကလောင်နာမည်က နှမ်းတလုံးရွေ့လို့မရပါဘူး။ အပြင်မှာ အသက်အရွယ်အရ ဂုဏ်သိက္ခာအရ ဦးတပ်ခေါ်ပေမယ့် တရားဝင်ရေးပြီး၊ ဟောပြောပွဲတွေမှာ ဗီနိုင်း ချိတ်ပြီဆိုရင်တော့ သူ့ကလောင်နာမည်အတိုင်း ရေးရပါတယ်။ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ မောင်သင်းခိုင်ကို အသက်အရ လေးစားလို့ဆိုပြီး ဦးသင်းခိုင်လုပ်လို့မရပါဘူး။ မောင်ချောနွယ်ကို အပြင်မှာ ဘယ်လိုခေါ်ခေါ် တရားဝင်ရေးပြီဆိုရင်တော့ ဦးချောနွယ်လုပ်လို့မရပါဘူး။ အောင်သင်းလို့ ရေးရင် အဂါရ၀ဖြစ်မှာစိုးလို့ ဦးအောင်သင်းရေးရင် စာပေရေးရာ ဝေဖန်စာတွေ ရေးခဲ့တဲ့ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ တောင်တွင်းသားစာရေးဆရာ “အောင်သင်း” ဟုတ်ပါ့မလားလို့ နားလည်မှု လွဲနိုင်ပါ တယ်။

စာရေးဆရာရဲ့ နာမည်ကို သူ့ပေးထားတဲ့ မူရင်းအတိုင်းမသုံးဘဲ “ဦး” တပ်ခေါ်လို့ ကသိကအောက်ဖြစ်ပုံလေးတခု ရေးပြချင်ပါသေးတယ်။ တချိန်တခါတုန်းက ထင်ရှားခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာ တယောက်ဖြစ်တဲ့ “ဇ၀န” ဆိုတဲ့ ကလောင်တချောင်းနဲ့ “မောင်ဇနိယ” ဆိုတဲ့ ကလောင်တချောင်း မြန်မာစာပေလောကမှာ ရှိခဲ့ဖူးပါတယ်။ တနေ့တော့ အဲဒီဆရာ ၂ ယောက်ကို နယ်မြို့လေးတခုက စာပေဟောပြောပွဲဖိတ်ပါသတဲ့။ စာပေဟောပြောပွဲမှာ ကျင်းပရာ စင်မြင့်ရဲ့ နောက်မှာလည်း ပိုစတာအကြီးကြီးတချပ်ထောင်ထားပါတယ်။ ဟောပြောမည့်ပုဂ္ဂိုလ်- ဦးဇ၀န၊ ဦးဇနိယ ဟောပြောမည့်အချိန် – ည (၇) နာရီ၊ မနက်ကတည်းက ဆိုက်ကားတစီးပေါ် လော်စပီကာ ရှေ့နောက် ၂ လုံးတပ်ပြီး ကြော်ငြာလှည့်ပြီးပြီဆိုတော့ ည ၇ နာရီထိုးခါနီးတော့ ဟောပြောပွဲ စင်မြင့်ရှေ့ လူပရိသတ်အတော်များများ ရောက်နေပါပြီ။ အမျိုးသမီးတွေကတော့ ယောဂီသဘက်လေး ပခုံးပေါ်တင်လို့ပေါ့။ အခမ်းအနားစလို့ ဆရာ ဇ၀န လည်း ထွက်လာရော အားလုံးက လက်အုပ်ကလေးချီ လို့တဲ့။ ပရိသတ်လည်း အပြစ်တော့ ပြောလို့မရပါဘူးပေါ့လေ။ ဦးဇ၀န၊ ဦးဇနိယတို့ ဟောမှာဆိုတော့ ဘုန်းကြီးတရားပွဲထင်တော့တာပေါ့။

ခုတော့ ရွာငယ်ဇနပုဒ်မီးကလေးမှိတ်တုတ်မှာပဲ စာပေဟောပြောပွဲ တွေ ၀ှဲချီးကျင်းပနေတော့ ကလောင်နာမည်နဲ့ စာရေးဆရာ အတော်လေးတွဲပြီး သိနေကြပါပြီ။ စာရေး ဆရာတွေကလည်း စာပေဟောပြောပွဲကို ဖျော်ဖြေရေးအသွင် တမျိုးဆောင်တဲ့ အဆို၊ အငိုတွေနဲ့ပါ ဆင်နွှဲလာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းကို တကယ့် အနှစ်သာရလို့ ထင်နေပုံရပါတယ်။ အရေးထက် အပြောက ပိုများနေတဲ့ အပြောဆရာတွေခေတ်ပါ။

ငွေရေးကြေးရေးအရ ကျော်ကြားမှုအရ သိပ်လွမ်းလောက်စရာမရှိတဲ့ စာရေးဆရာဘ၀၊ ပင်ပန်း အားထုတ်ရသလောက် ပြန်လည်ရရှိတဲ့ အကျိုးကျေးဇူးမကာမိတဲ့ စာရေးဆရာဘ၀၊ ဘာပြုလို့များ တသက်လုံး ဖက်တွယ်ထားကြသလဲ၊ ဘာ့ကြောင့်များ ကိုယ်ကလောင်လေး အပွန်းအရှ မခံနိုင်ရ သလဲ။ ရိုးရိုးရှင်းရှင်းလေးတွေးကြည့်ရင် စာရေးဆရာဆိုတာ ကိုယ့်အကျိုးစီးပွားထက် ပြည်သူ့အကျိုး စီးပွားကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပိုပြီး ဦးထိပ်ထားတတ်ကြလို့ပါပဲ။ စာရေးဆရာ (စစ်စစ်) တွေဟာ မြားပစ်သမားလို ပစ်မှတ်ကိုရောက်အောင် ချိန်ရွယ်ပြီး ပစ်မှတ်ကို ဒက်ထိမှတ် သွားပြီဆိုရင် ကျန်တဲ့အကျိုးစီးပွားလာဘ်လာဘကို မမျှော်ကိုးကြပါဘူး။ ဘောလုံးသမားတယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ ကိုယ်သွင်းလိုက်တဲ့ဘောလုံးပိုက်နဲ့ လုံးထွေးပြီး ဂိုးဝင်သွားတဲ့ အချိန်ဟာ ဘာနဲ့မှ မတူတဲ့ အရသာ၊ ဘာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုပါပဲ။ ပြီးမှ ပေါ်လာတဲ့ လက်ခုပ်သံတို့၊ ဆုဖလားတို့ ဆိုတာ စောစော ဂိုးဝင်စဉ်က ရတဲ့ ပျော်ရွှင်မှုယှဉ်ရင် ဘာမျှ မဖြစ်လောက်ပါဘူး။

စာရေးဆရာဆိုတဲ့ သူတွေမှာလည်း သူရေးလိုက်တဲ့ စာတကြောင်း စာတပုဒ်ကြောင့် သက် ရောက်မှုတွေရှိတယ်ဆိုရင်တောင် ဘောလုံးသမားဂိုးသွင်းလိုက်သလို အင်မတန်မှ ပီတိဖြစ်ပါတယ်။ ခုတော့ ရေးသာရေးနေရတယ်။ သက်ရောက်မှုမရှိတဲ့ အခါများမှာ ရေးရင်းစိတ်အားငယ်ရပါတယ်။ အမွေဆိုး (သို့မဟုတ်) မရှိမဖြစ် အိမ်ဖော်ဆိုတဲ့ ဆောင်းပါးတပုဒ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မဂ္ဂဇင်း တစောင်မှာ ရေးခဲ့ဖူးပါတယ်။ အိမ်ဖော်ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ အကျည်းတန်လှတဲ့ ကျေးကျွန်စနစ် ကို မပျောက်စေချင်တဲ့ စေတနာနဲ့ပါ။ မပပျောက်တဲ့အပြင် ပိုမိုထွန်းကားလာပြီး လူလူချင်းညှဉ်းပန်းနှိပ် စက် လက်ဆယ်ချောင်း လှန်ချိုးတဲ့အဖြစ်တွေပါ ကြားရတော့ ငါ့စေတနာ အရာမထင်ပါလားဆိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ် (၂၀၀၄-နိုဝင်ဘာ မြားနတ် မောင်) မဂ္ဂဇင်းမှာ “စာမကျက်သော ကျွန်တော့်သမီး” ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ ဒါဖတ်၊ ဒါကျက်၊ ဒါရေး၊ ဒါဖြေဆိုတဲ့ သင်ကြားရေးစနစ်ကြီး လွဲမှားနေတဲ့အကြောင်း ထောက်ပြခဲ့ဖူးပါတယ်။ အကြောင်းမထူးခဲ့ပါဘူး။

ကိုယ်မွေးထားတဲ့၊ ကိုယ်တောင်မရိုက်ရက်လို့ ဖူးဖူးမှုတ်ထားတဲ့ ကလေး၊ ကျောင်းက ဆရာ၊ ဆရာမတွေက ကျွဲရိုက်၊ နွားရိုက် ရိုက်ကြတာ ခေတ်နဲ့ အံမ၀င်တော့တဲ့အကြောင်း နိုင်ငံခြားမှာ ရိုက်ဖို့ မဆိုထားတဲ့ ကလေးတွေ ပြေးရင်းလွှားရင်းဆော့ရင်း ထိမိခိုက်မိရင် ဒူးပြဲ လက်ပွန်းဖြစ်ရင်တောင် ဆရာဆရာမတွေမှာ မိဘတွေ မငြိုငြင်အောင် မနည်းတောင်ပန်းနေရတဲ့အကြောင်း၊ ကလေးမပြောနဲ့ ခွေးတောင် ရိုက်ခွင့်မရှိတဲ့အကြောင်း “၂၁ရာစုနှင့် ၀ါးရုံကြိမ်ဖြစ်ထုံး” ဆိုပြီး မဟေသီမဂ္ဂဇင်းရေးခဲ့ဖူးပါ တယ်။ ကျွန်တော့်ဆောင်းပါးရဲ့ အာနိသင်တော်တော် ထက်မြက်ပုံရပါတယ်။ ၅ သြဂုတ် ၂၀၁၆ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ဖြူးမြို့နယ်၊ ငါးခေါင်းအင်း အထက(ခွဲ)က ကျောင်းအုပ်ဆရာမကြီးက ၇ တန်း၊ ၈ တန်း၊ ၉ တန်းကျောင်းသားလေးတွေကို အမှိုက်မကောက်လို့ဆိုပြီး ကလေးတွေကို အညိုအမဲ စွဲ သွေးထွက်အောင် ရိုက်လို့ ကျောင်းသား ၅၀ ကျော် ထွက်ပြေးတဲ့ သတင်းဖတ်လိုက်ရပါတယ်။ အရိုက်တော်တဲ့ ဆရာမကြီးကို အပြစ်ပေးတဲ့အနေနဲ့ လယ်အုပ်ကနေ ထက်အုပ်ရာထူးတိုးပြီး အထက၂ ဇေယျဝတီကို ပို့လိုက်သတဲ့။ ဘယ်လို အသိ ဉာဏ် ပညာတွေနဲ့ ဘယ်လိုနှလုံးသားတွေနဲ့ ကျောင်းအုပ် ဖြစ်နေကြပါလိမ့်။

ကြာတော့လည်းကြာပါပြီ။ မဟေသီမဂ္ဂဇင်းမှာ “အမှိုက်နှင့် လူ့တန်ဖိုး” ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အမှိုက်ကို ဘယ်လိုပစ်သလဲ၊ အမှိုက်ကို ဘယ်လိုသိမ်းသလဲ၊ အမှိုက်အပေါ် ဘယ်လို သဘောထားသလဲ အမှိုက်တွေနဲ့ ပုပ်ပွနံစော်နေတဲ့ ဒုက္ခမြို့တော် မဟာရန်ကုန်အကြောင်း ရေးခဲ့ဖူးပါ တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ မျဉ်းကြားက လူကူးနေရင် ဘာကောင်ကြီးဖြစ်ဖြစ် ကားကို ရပ်ပေးရတဲ့ အကြောင်း၊ ကားမောင်းရင်း ဟွန်းတီးတာ အလွန်ရိုင်းတဲ့အကြောင်း ရေးခဲ့ဖူးပါတယ်။ ဘယ်သူကမှ တိုင်မှတ်လို့တောင် နှပ်မသုတ်ပါဘူး။

ကိုယ့်စိတ်ကို ဖြေပါတယ်။ စစ်အစိုးရခေတ် မဟုတ်တော့ဘူးလို့ အတော်များများက ယုံကြည် နေတဲ့ခုအချိန်မှာ ကချင်ပြည်နယ်က KIA ကို လေတပ်၊ ကြည်းတပ်နဲ့ တအုံးအုံးထုတနေတာကို ရာထူး အကြီးဆုံးသမ္မတကြီးတောင် ၀င်မဟန့်ရဲသေးတော့ကာ ကျွန်တော့်လို အဝေးရောက် ကလောင် ပီစိကွေးလေးက ဘာများ တတ်နိုင်ဦးမှာလဲ။ လူ ၅ သန်းလောက် လက်မှတ်ထိုးပြီး အခြေခံဥပဒေထဲက တချို့အပိုဒ်တွေ ပြင်ပေးပါလို့ တောင်းဆိုတာတောင် စက္ကူစုတ်တရွက်လို သဘောထားနိုင်တဲ့ နိုင်ငံဆိုတော့ ကျန်တဲ့ တရားဥပဒေမစိုးမိုးတာတွေ ကုန်ဈေးနှုန်းမိုးထိတက်နေတာတွေ၊ ယာဉ်ကြော ကျပ်တာတွေ လမ်းဘေးဈေးသည်၊ ကျူးကျော်ကိစ္စတွေ ကိုတော့ အဝေးသင် တတိယနှစ်ဖြေဖို့ ကြိုးစားနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးတို့၊ Ph.D အတုကိုင်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတို့တွေလည်း ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းနေရပါတယ်။

စေတနာမပြဋ္ဌာန်းရင် စာတပုဒ်ထွက်ဖို့ မလွယ်တဲ့ စာရေးဆရာသဘာဝအရ ကိုယ့်တိုင်း ကိုယ့်ပြည်ကြီး ခုလို ရေစုန်မျော၊ ဒုက္ခတွေ ပင်လယ်ဝေနေတာကို လက်ပိုက်ကြည့်နေနိုင်တဲ့ နှလုံးသားမရှိ တော့ နားထဲ တလုံးဝင်ဝင်၊ နှစ်လုံးဝင်ဝင် တတ်နိုင်သမျှ ရေးနေ ချွတ်နေရဦးမှာပါပဲ။

“ကောင်းသောအလုပ်၊ မကောင်းသောအလုပ် ဟူသမျှမှာ လက်ထဲမှ ထွက်သွားသော မြားပင် ဖြစ်လေသည်” လို့ ဗုဒ္ဓအဘိဓမ္မာမှာ ရာဟုလာ သံကိစ္စည်း က ရေးဖူးပါတယ်။ ပစ်မှတ်ကို ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ အခါအခွင့်သင့်တိုင်း မြားတွေ တစင်းပြီး တစင်း ပစ်လွှတ်နေရမှာက ကျွန်တော့် တာဝန်လို့ ခံယူထားပါတယ်။

သာထက်အောင်
နိုဝင်ဘာ ၁၃၊ ၂၀၁၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts