အင်တာဗျူး

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၁)

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၁)
(ပညာရေးဌာနပျက်တာ ဗိုလ်ခင်ညွန့်တပည့်တွေ၊ မိုးကျရွှေကိုယ်တွေကြောင့်)
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
===


မာန်။ ။ ဆရာ၊ ပညာရေးပိုင်းမှာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော်ဥပမာလေးတခု ရှိပါတယ်။ မင်းတို့ပညာမပါဘဲနဲ့ မျိုးချစ်စိတ်တခုထဲနဲ့သွားတိုက်နေလို့ကတော့ လူမလောက်လို့ နောက်က ပြန်ခေါ်ရမယ်။ မင်းတို့ဘယ်တော့မှမနိုင်ဘူးဆိုတာ၊ နောက်ပြီးတော့ ကိုကို (စက်မှုတက္ကသိုလ်) နဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ mntv မှာ ဆွေးနွေးသွားတာကို စာအုပ်ထွက်ထားတာ ရှိတယ်၊ တတိယလှိုင်း ပြုပြင်ပြောင်းလဲရေးနဲ့ မြန်မာနိုင်ငံဆိုတဲ့စာအုပ်ထဲမှာ ပညာရေးကို ရင်းနှီးမြုပ်နှံ့ ဖို့၊ ဒါ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက တိုက်တွန်းခဲ့တာပါ၊ ပညာရေးမှာရင်းနှီးမြုပ်နှံ့တာ ဘယ်တော့မှမရှုံးဘူးဆိုတဲ့ အကြောင်း ထပ်တလဲလဲတိုက်တွန်းတယ်။ ဒါပေမဲ့ မအောင်မြင်ဘူးဆရာ။
မင်းသစ် ။ ။ အခုလည်းမအောင်မြင်ပါဘူး။

မာန် ။ ။ ဟုတ်ကဲ့ဆရာ၊ ခုခေတ်မှာနိုင်ငံတိုင်းဟာ ပညာရေးနဲ့နယ်ချဲ့ကုန်ပြီ၊ ကျနော်တို့နိုင်ငံဟာ ပညာနဲ့လုပ်ရမယ့် အ ကြောင်းအရာတွေ၊ ဆရာခုနကပြောသလို အင်္ဂလိပ်စာအရေးကြီးတဲ့ကိစ္စ၊ ကျနော်လက်ခံပါတယ်၊ ဒါပေမဲ့ တချို့နိုင်ငံတွေ ကျတော့ ကျနော်မေးချင်တယ်၊ ဂျပန်ပေါ့ဆရာရယ်၊ ကိုရီးယားဆရာရယ်၊ ဗီယက်နမ်ဆရာရယ် အင်္ဂလိပ်စာဝေးပြီး ဘာလို့ တိုးတက်တာလဲ။
မင်းသစ် ။ ။ အဲဒါပြောပြမယ်၊ သူတို့က သိပ်စနစ်ကျတယ်၊ ဂျပန်ကသိပ္ပံဘာသာရပ်တွေကို ဂျပန်လိုသင်ဖို့အတွက်၊ မေဂျီဘုရင်ပြုပြင်ပြောင်းလဲရေးစီမံကိန်းလုပ်နေတာ၊ အစောကြီး၊ နှစ်ရာချီလုပ်ပြီးတော့မှ ဂျပန်လိုသင်တာ၊ စာကိုဖလှယ်ပြီးသင်တာ၊ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကတည်းက၊ အဲဒီနောက်ကိုလိုက်တာက ကိုရီးယား၊ နောက်ဗီယက်နမ်။ ဒါပေမဲ့ သူတို့လည်း ဘာလုပ်တုန်းဆိုတော့ မဟာတန်းပြီးတာနဲ့တပြိုင်နက် အင်္ဂလိပ်လိုပြန်သင်တယ်၊ ဂျပန်ဖြစ်ဖြစ်ကိုရီးယားဖြစ်ဖြစ် အင်္ဂလိပ်လို ပြန်သင်တယ်၊ ပါရဂူတယောက်ဆိုတာ တက္ကသိုလ်တခုထဲနဲ့မလုံလောက်ဘူးလေ၊ နိုင်ငံတကာ အရပ်ရပ်က တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ရမှာ၊ ဟုတ်တယ်မို့လား၊ သူတို့တက္ကသိုလ်တွေ ကိုယ်သွားသင်၊ ဆရာတွေအနေနဲ့၊ သူတို့လည်း အကုန်သွား သင်ကြရတာ၊ အဲဒီလိုတွေ လုပ်ကြရတာ။

အဲဒီတော ကိုမာန်ပြောသလို ပထမပိုင်း BA,BSC လောက်တော့ မိခင်ဘာသာနဲ့သင်၊ ဒုတိယတွဲ MA,MSC ဆိုရင် အန္တ ရာယ်ရှိသွားပြီ. အင်္ဂလိပ်စာနဲ့သင်ဖို့လိုပြီ. ပါရဂူဆိုလို့ရှိရင် အင်္ဂလိပ်လိုမသိရင် ပိုဝေးသွားပြီ။ အခုဒီမှာက အဲဒီတော့ ဘာဖြစ် ကုန်လဲဆိုတော့ ကိုမာန်ရေ၊ ရှေ့နောက်အစီအစဉ်ကို (series) စီးရီးယက်စ်လို့ ခေါ်တယ်။ နော်၊ အဲဒါကို တနေ့ကပဲ ဆရာမောင်ခင်မင် (ဓနုဖြူ) ညည်းသွားတယ်။ ပါမောက္ခဆရာမကြီးတယောက်ထည့်ပြောသွားတာက ကျွန်မရဲ့(senior) စီနီယာ နံပါတ်ကဆိုပြီး၊ သဘောပေါက်ပြီနော်။

နောက်ပြီးကျတော့ မြန်မာ့သမိုင်းကို တလေးတစားပြုစုခဲ့တဲ့ သမိုင်းဆရာကြီးတယောက်ရှိတယ်၊ G.E Hall တဲ့၊ အဲဒါကို ပါမောက္ခအမျိုးသမီးတယောက်က ဘာသာပြန်တယ်၊ ဂျီအီးခမ်းမကြီးဆိုပြီး။ နော်၊ သိပ္ပံကထိကက မိုးကြိုးသွားကို လျပ်စစ်မီး ချောင်းတဲ့ဗျာ၊ ပါမောက္ခတွေ ကထိကတွေ ဖြစ်ချင်တိုင်း ဖြစ်ကုန်ရောဗျာ။ အဲဒီတော့ ကိုမာန်စဉ်းစားကြည့်။

မာန် ။ ။ တော်တော်ရှက်စရာကောင်းတဲ့ကိစ္စတွေပဲနော်။
မင်းသစ် ။ ။ ကိုမာန်ပြောသလို မိခင်ဘာသာနဲ့သင်တာ ပထမဘွဲ့အထိ ကျနော်လက်ခံပါတယ်၊ ဟိုဘက်ရောက်ရင်တော့ အင်္ဂလိပ်လိုသွားရတော့မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဘာမှ သုံးစားလို့မရဘဲဖြစ်သွားမယ်။ အဲဒါပဲ၊ အဲဒီတော့ ဘယ်သူတွေ သင်မတုန်းပေါ့၊ ဆရာမောင်ခင်မင်နဲ့ ကျနော်ဖြစ်ကြတာ၊ သူရောကျနော်ပါ နှစ်ယောက်စလုံးရှုံးတယ်၊ ဆရာလို့၊ ကျနော်က အင်္ဂလိပ်လို သင်ချင်တာ သင်နိုင်တဲ့ဆရာမရှိဘူး။

မာန် ။ ။ ဩော် ကျောင်းထဲမှာဖြစ်နေတာနော်ဆရာ
မင်းသစ် ။ ။ ကျောင်းထဲဖြစ်နေတာ၊ ပါမောက္ခကအစ၊ ဟုတ်ပြီနော်၊ ကလေးတွေက fullstop ပါ ထည့်ကျက်ရတယ်။ ရှေ့က ပါးစပ်နဲ့ခေါ်ပေးတာကို (ရယ်သံများ)၊ ပိုသနားဖို့ကောင်းတာက အဲဒီလိုဗျာ၊ ပြီးတော့ ဆရာမောင်ခင်မင်ပြောသလို မြန်မာ လိုသင်ကြမယ်ဆိုရင် ကျနော်မေးပြီ၊ ဘယ်သူဘာသာပြန်မလဲ၊ အဲဒီတော့ ဘာသာပြန်မယ့်သူမရှိသောကြောင့် မြန်မာလိုသင် လို့မရဘူး။ အင်္ဂလိပ်လိုသင်တတ်တဲ့ဆရာမရှိသောကြောင့် သင်လို့မရ။ ကျနော်တို့နှစ်ယောက်စလုံး ဂိုးတာပဲ၊ ရှုံးတာပဲ။ အဲဒါကို ဒီအတိုင်းကြီးဆက်သွားနေကြတာပါပဲ၊ သိပ်သနားဖို့ကောင်းတာ။

မာန် ။ ။ ပိုက်ဆံလည်းတော်တော်ပေးရတယ်လို့ကြားတယ်ဆရာ။
မင်းသစ် ။ ။ PHD ယူတဲ့ကလေးတွေပေါ့၊ ပိုက်ဆံတအားပေးရတာ၊ ကလေးတွေမှာ၊ ပြီးတော့ ပါမောက္ခအိမ်မှာ ကလေးထိန်း အဝတ်လျော်ထမင်းချက်၊ အဲဒါတွေပါလုပ်ရတာ၊ ပိုက်ဆံရှိ သားသမီးတွေနော်။

မာန် ။ ။ ဒီဘက်ပိုင်းပညာရေးကိုဆက်ပြောပါဦးဆရာ။
မင်းသစ် ။ ။ ပညာရေးစနစ်က အခုဟာက ၁၉၆၄ မှာ ဗိုလ်နေဝင်းစနစ်တကျ ဖျက်ဆီးလိုက်တဲ့ ပညာရေးကို ၁၉၉၀ မှာ ဗိုလ် ခင်ညွန့်ရဲ့အောင်ပါစေ ပညာရေးစနစ်နဲ့ ရောမွှေလိုက်တဲ့အခါမှာ တပြည်လုံးခွေးဖြစ်ကုန်တယ်၊ နော်၊ ကျောင်းမှန်မှန်တက် စာမခက်၊ စဉ်ဆက်မပြတ် အကဲဖြတ်၊ သင်ရိုးကုန်စနစ်၊ အဲဒါတွေနဲ့ အအောင်ပေးတာလေ ကလေးတွေကို။ ကလေးက ဘာမှမတတ်ဘူး၊ အတန်းတက်သွားကြတာပဲ၊ အဲဒီကောင် ခပ်တည်တည်နဲ့ ဆယ်တန်းရောက်ပြီ၊ ဆယ်တန်းရောက် တော့  ဗိုလ်ခင်ညွန့်လက်ထက်က သူ့ပညာရေးစနစ်ကြီး အောင်မြင်ပါတယ်ဆိုတာကိုပြဖို့ အတွက်၊ Physic ခက်တဲ့နစ်မှာ Physic 18 မှတ်နဲ့ အအောင်ပေးတယ်၊ အင်္ဂလိပ်စာခက်တဲ့နှစ်မှာ အင်္ဂလိပ်စာ15 မှတ်နဲ့ အအောင်ပေးတယ်။ အောင်ချက်ရာခိုင်နူန်းများပါတယ်ပေါ့၊ ခုထိ။ NLD အစိုးရရဲ့ပညာရေးဌာန အထိ ဘာအစွဲကြီးတခု စွဲနေတုန်းဆိုတော့ ကျနော်ကတော့ ဒါ ဗိုလ်ခင်ညွန့်ရဲ့တပည့်တွေ၊ဗိုလ်ခင်ညွန့် ကျွန်စော်နံနေတဲ့ Heaven Bone တွေကြောင့်လို့ ထင်တယ်၊ မိုးကျရွှေကိုယ်တွေ၊ ကျနော်ပြောချင်တာ ရွေ့ပစ်ပါ အခြားဌာနကို၊ ဒါမှမဟုတ် အခုရနေတဲ့လစာရဲ့နှစ်ဆပေးပြီးပင်စင်ပေးပစ်ပါ၊ သူတို့အတွက် ပိုက်ဆံမနှမျောပါဘူး၊ သူတို့ရှိနေတာ သိပ်နာတယ်။ အခုလည်း ဘာထူးလို့တုန်း အဲဒါတွေပြန်သုံးနေကြတယ်။

ဆက်လက်ဖော်ပြပါမည်။


သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts