သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေး ရှေ့ခရီး နှင့် NCA – အပိုင်း ၁

မောင်မောင်စိုး – ငြိမ်းချမ်းရေး ရှေ့ခရီး နှင့် NCA – အပိုင်း ၁
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၆

NCA
NCA ဆိုသည်မှာ ” Nationwide Ceasefire Agreement တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ” ဖြစ်ပါသည်။ NCA တွင်

အခန်း ၁ ၊ အခြေခံမူများ။
အခန်း ၂ ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ။
အခန်း ၃ ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ။
အခန်း ၄ ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း။
အခန်း ၅ ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုက်ရာ အာမခံချက်များ။
အခန်း ၆ ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ။
အခန်း ၇ ၊ အထွေထွေ ဟူ၍ အခန်း ၇ ခန်းနှင့် အချက် ၃၃ ချက် ပါဝင်သည်။NCA အခန်း ၄ ပါ သဘောတူညီချက်များအရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ Joint Military Committee JMC အား ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီဝင်များ  ( ယခု အစိုးရ/လွှတ်တော်/တပ်မတော်) ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ နှင့် အများယုံကြည်လေးစားသော ပုဂ္ဂို လ်များဖြင့် ဖွဲ့စည်းရန် ။NCA အခန်း ၅ – နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်း သဘောတူညီချက်များအရ ” တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖေါ် ဆောင်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး Jonit Implentation Coordination Meeting JICM အား လက်မှတ်ရေးထိုးရာတွင် ပါဝင်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များပါဝင် ကျင်းပကြရန်။ထို JICM အစည်းအဝေးမှ JMC အား၎င်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဆွေးနွေးရန် တာဝန်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ Union Peace Dialouge Joint Committee (UPDJC ) အား ဖွဲ့ စည်းရန်။

ထို့နောက် အဆင့်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြု လုပ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ Union Peace Conference UPC ကျင်းပရန် စသဖြင့် NCA သဘောတူညီချက်အရ ကော်မတီ ၂ ခု အစည်းအဝေး ၁ ခု ညီလာခံ တခု ကျင်းပရန် သဘောတူညီခဲ့ကြသည်။ ၎င်းတို့ကို NCA ပါ အင်စတီကျူးရှင်းများဟု ဆိုကြပါသည်။

NCA ဖြစ်စဉ်

သမ္မတဦးသိန်းစိန်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် UPWC ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီတို့ ကြိမ်ဖန်များစွာ တွေ့ဆုံ ဆွေးနွေးခဲ့သည့် ရလဒ်ဟုဆိုပါသည်။ လက်ရှိအစိုးရနှင့် တပ်မတော် တာဝန်ရှိသူများက NCA ပါအချက်အလက်များကို တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ဆွေးနွေး သဘောတူထားပြီးဟုဆိုပါသည်။

သို့သော် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် NCA ပါအချက်အလက်များအား ဆွေးနွေးရာတွင် မပါဝင်သည့် အဖွဲ့ ၆ ဖွဲ့ရှိ သည်ကို တွေရပါသည်။ ၎င်း တို့မှာ

၁။ UWSP/UWSA – ဝ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၂။ PSC/NDAA – မိုင်းလားဒေသတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၃။ PSLF/TNLA – တအန်းပလောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၎။ MNDAA – ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၅။ ULA/AA – ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
၆။ NSCN(K) – နာဂတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တို့ဖြစ်ကြသည်။

ထို ၆ ဖွဲ့ထဲမှ နာဂတပ်ဖွဲ့ပြသနာကို ချွင်းချက်ပြသနာအဖြစ် ထားရှိပါက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့သည် NCA ပါ အချက်အလက်များ ကို ဆွေးနွေးရာတွင် မပါဝင်ခဲ့ကြပေ။

တကယ်တမ်း NCA ကို ဆွေးနွေးကြရာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်မှ NCCT Nationwide Ceasefire Coordination Team တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမှု ညှိနှိုင်းရေးအဖွဲ ၏ ကိုယ်စားပြု မှု တွင် ပါဝင်သော အဖွဲ့ ၁၇ ဖွဲ့ အနက်
၁။ PSLF/ TNLA (တအန်းပလောင်)
၂။ MNDAA ( ကိုးကန့်)
၃။ ULA/AA ( ရခိုင် )
၎။ LDU ( လားဟူ)
၅။ WNO ( ဝ )
၆။ ANC/AA ( ရခိုင် ) အဖွဲ့ ၆ ဖွဲ့ တို့ကို ဦးသိန်းစိန် အစိုးရက အသိမှတ်မပြု ခဲ့ပါ။

ဦးသိန်းစိန်အစိုးရ အသိမှတ်ပြု ထားသည်မှာ NCCT ကိုယ်စားပြု ၁၇ ဖွဲ့ အတွင်းမှ
၁။ KIO/KIA ( ကချင် )
၂။ KNPP ( ကရင်နီ )
၃။ NMSP ( မွန် )
၎။ SSPP/SSA ( ရှမ်း)
၅။ KNU/KNLA ( ကရင် )
၆။ KNU/KNLA-PC ( ကရင် )
၇။ DKBA ( ကရင် )
၈။ PNLO ( ပအို့ဝ် )
၉။ CNF ( ချင်း )
၁၀။ ALP/ALA ( ရခိုင် )
၁၁။ ABSDF ( ကျောင်းသား ) အဖွဲ့ ၁၁ ဖွဲ့နှင့်

NCCT ကကိုယ်စားပြု ခြင်းမရှိသော၁။ UWSA ( ဝ )
၂။ NDAA ( မိုင်းလား )
၃။ RCSS ( ရှမ်းတောင်)
၎။ NSCN(K) ( နာဂ ) အဖွဲ့ ၄ ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ကိုသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပါဝင်ခွင့်ပြု ရန် ဦးသိန်းစိန်အစိုးရနှင့် တပ်မတော်က ဆုပ်ကိုင်ထားခဲ့ပါသည်။၂၀၁၅ ခုနှစ်အတွင် NCA အဆုံးသတ်ပိုင်းတွင် အထစ်အငေါ့ အနဲငယ်ရှိခဲ့သည်။ တိုင်းရင်းသားများဘက်မှ NCA ဆွေးနွေးနေသည့် NCCT အားဖျက်သိမ်း၍ နော်စီဖိုးရာစိန်ခေါင်းဆောင်သည့် SD Special Deligation အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အစားထိုးလိုက်သောအခါ UPWC မှ ချက်ခြင်း လက်မခံခဲ့ပေ။ သို့ဖြစ်ရာ နောက်ဆုံး NCA သဘောတူကြသည်ဆိုရာ၌  အတန်ငယ်အစာမကြေမှု ရှိခဲ့သည်ဟုဆိုရမည်။၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် သမတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးတို့ ဆွေးနွေးရာတွင် NCA ပါအချက် အလက်များထက် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးပြသနာက ရှေ့တန်းရောက်ခဲ့သည်။ လက်နက်ကိုင်တပ်နှင့် ဒေသ ကြီးကြီးမားမား မရှိသည့် LDU/ WNO/ ANC-AA တို့နှင့် ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် ပါဝင်ရန် ဦးသိန်းစိန်အစိုးရက သဘောတူနိုင်ခဲ့သော်လည်း TNLA/ MNDAA / ULA-AA တို့ပါဝင်လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရက သဘောမတူနိုင်ခဲ့ပေ။

ထိုကြောင့်လည်း NCA တွင် အားလုံးပါဝင်ရေးကို ရပ်ခံသည့် KIO/ KIA အပါအဖွဲ့များ NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ဘဲ KNU အပါ အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ထိုးခဲ့သဖြင့် လက်ရှိအချိန်တွင် Nationwide တနိုင်ငံလုံး အပစ်ရပ်သည့်အခြေအနေမရောက်သေးဘဲ Non-Nationwide တနိုင်ငံလုံးမဟုတ်သည့် အပစ်ရပ်အခြေအနေဟုသာဆိုရမည်။

NLD အစိုးရနှင့် NCA
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးရာတွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းမရှိခဲ့ပေ။ NCA လက်မှတ်ထိုးရာတွင် မလောကြရန်ပင် ဆိုခဲ့သည်။ NCA လက်မှတ်ထိုးရာတွင် အားလုံး ပါဝင်ခြင်း မရှိ၍ SNLD မှ ခွန်ထွန်းဦးလည်း မတက်ရောက်ခဲ့ပေ။

၂၀၁၆ ခုနှစ် NLD အစိုးရသစ်တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်၍ NRPC ကိုဖွဲ့စည်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ခေါင်းဆောင်ခဲ့သည်။ ၂၁ ရာစုပင်လုံညီလာခံအား NCA လက်မှတ်ထိုးထားသည့် အဖွဲ့များရော မထိုးသေးသည့်အဖွဲ့များရော ပါဝင်သည့် ငြိမ်းချမ်းရေး ညီလာခံတရပ်ကျင်းပခဲ့သည်။ တက်ရောက်သည့် အဖွဲ့အားလုံက သူတို့၏ အမြင်များကို ပွင့်လင်းလွတ်လပ်စွာ ပြောခွင့်ရခဲ့သည်။

သို့သော် NCA လက်မှတ်မထိုးသေး အဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က သူမတို့ အစိုးရအနေနှင့် ယခင်အစိုးရ လုပ်ကိုင်ခဲ့သည့် စာချုပ်ကတိကဝတ်များကို ဆက်ခံရမည်ဟုဆိုထား ခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၃၁ ရက်တွင်ကျင်းပသည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA ထီးရိပ်အောက်တွင် သွားရမည်ဟုဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ငြိမ်းချမ်းရေးခရီးရှေ့ဆက်ရန် NCA လက်မှတ်ထိုးရန်လိုအပ် ကြောင်းအတိအလင်း ရပ်ခံခဲ့သည်။ NCA နှင့်ပတ်သက်၍ NLD အစိုးရသစ် အနေနှင့် တသဘောတည်း ရပ်တည်ကြောင်း ဖေါ်ပြလိုက်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပသော NCA လက်မှတ်ထိုးခြင်း တနှစ်ပြည့်အခန်းအနားတွင်လည်း သူမတို့အနေနှင့် NCA တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အဖွဲ့အစည်းများမပါဝင်သေးသည်ကိုသိကြောင်း အားလုံးပါဝင်ရန်လိုကြောင်း ပြောဆိုသွားသကဲ့သို့ NCA တနှစ်ပြည့်ပြီဆို သော်လည်း လက်မှတ်ထိုးသည့် အဖွဲ့တဖွဲ့မှ မတိုးသည်မှာ ဝမ်းနည်းစရာဖြစ် သည်ဟု ဆိုခဲ့ပါသည်။

တဖန်ပြီးခဲ့သော အောက်တိုဘာ ၂၈ ရက်က ကျင်းပသော UPDJC အစည်းအဝေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က ” ကျမတို့နိုင်ငံဟာ  အချိန်ဆွဲလို့မရပါဘူး။ ဆယ်စုနှစ်နှင့်ချီ ပြီး ငြိမ်းချမ်းရေးကို ငတ်မွတ်နေတဲ့
နိုင်ငံဖြစ်ပါတယ်။ အဲဒါကြောင့် ဝင်လာပြီးတော့ ငြိမ်းချမ်းရေးညီလာခံထဲမှာ ဆွေးနွေးကြဘို့ တိုက်တွန်းချင်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံးပါဝင်ကြပါ ” ဟုဆိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်

မောင်မောင်စိုး ( Mg Mg Soe )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts