မိုးမခကို ပေးတဲ့စာ

ကျော်ကျော်မင်း – ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်

Photo – Irrawady


ကျော်ကျော်မင်း – ယာဉ်အန္တရာယ် ဟုဆိုရာဝယ်

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၆
ယနေ့ နံနက် ရန်ကုန်ဆေးရုံကြီး လူနာဆောင်၅/ ၆သို့ ကျွန်တော် ရောက်ခဲ့သည်။ လူနာသတင်းမေးရန်ဖြစ်သည်။ လူနာမှာ ယာဉ်တိုက်မှုဖြစ်သော ကျွန်တော့် အကိုဝမ်းကွဲဖြစ်၏။ လူနာကုတင်ပေါ်ရှိ အကို၏ အဖြစ်က မမြင်ရက်စရာ။ လက် ခြေ အားလုံး ပတ်တီးအဖွေးသား၊ မျက်နှာမှာလည်း ပလာစတာ ဗရဗွ နှင့်။ ခြေ လက်တို့ အားလုံးအပိုင်းပိုင်းကျိုးကုန်သတဲ့။ ညာဖက် တံတောင်ဆစ်နားက အရိုးပါကျေ ကုန်သည်ဟုသိရသည်။ မျက်နှာ တစ်ခြမ်းမှာလည်း ဟက်တက်ကွဲ ပြီး မေးရိုးပါပေါ်သွားလောက် အောင် ယာဉ်တိုက်မှုက ပြင်းထန်လှပေသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကို ကြားလိုက်ရသောအခါ ကျွန်တော်၏သွေးတို့ ဆူလာတော့သည်။ ဖြစ်စဉ်မှာ- ၄-၁၁-၁၆ နေ့ စနေနေ့ ည ၉ နာရီကျော်ကျော် တ/ ဥက္ကလာ စာတိုက်အနီး မီးပွိုင့် တွင် မီးစိမ်း သဖြင့် ကွေ့ ထွက်လာသော အကို၏ ကားကို မီးနီ ဖြတ်ဝင်လာသော BM ကားမှ အရှိန်ဖြင့် ဝင်တိုက်ခြင်းဖြစ်၏။ အရှိန်မည်မျှပြင်းသနည်းဆိုသော် အကို၏ Nissan NOTE ကားလေးခေါင်းပိုင်းမှာ ဖွာလန်ကျဲသွားပြီး ကားရုပ်ပင်မပေါ်တော့ချေ။ သတိလစ်သွားသော အကို့ ကို သူ၏ကားပေါ်မှ ဂျိုက်ဖြင့် ထောက်ပြီး ဆွဲထုတ်ယူခဲ့ရသည်။ သွေးထွက်လွန်နေသော အကိုတစ်ယောက် ဆေးရုံ အရောက်စော၍သာ သေကံမရောက်ခဲ့ခြင်းဖြစ်သည်။ BM ကားဆရာကတော့ ထုံးစံအတိုင်း ရှိန်းဆာယာ ပိုမောက်၍ ကိုယ်ပျောက်သွားချေပြီ။

အကိုက ဘုရားတရား သမား၊ လူချစ်လူခင်ပေါ၍ လူတကာကိုကူညီတတ်သူ။ ထိုနေ့ညကလည်း ဝိသုဒ္မိမဂ် သင်တန်းမှအပြန် ကံဆိုးသွားရခြင်းဖြစ်သည်။

တွေ့မရှောင်
========

လက်ဝှေ့ကျော်နာမည်မဟုတ်ပါ။ EH 700 ကဲ့သို့ အင်ဂျင်ကြီး၊ ဂီယါ ကြီး၊ အကြီးပတ်လည် တပ်ဆင် ထါးပြီး ဘယ်ဒေသ ဘယ်လမ်းပေါ်၌မဆို မိမိနှင့် ငြိပါက ဘယ်ကားကိုမျှ ချမ်းသာမပေးသော အနှီ BM တို့ကိုပေးထားသောနာမည်ဖြစ်ပါသည်။ လမ်းပြောင်းပြန် ဝင်လာပြီး လမ်းမှန်မောင်းလာသော ကားကို သံတုတ်ကိုင်ပြီး ကြမ်းတာကြည့်မလား၊ မီးနီဖြတ်ပြီး တဖက်ကားကို တိုက်တာကြည့်မလား၊ အတည့်လာသောကားကို ဂရုမစိုက်ပဲ ဖြတ်ကွေ့တာကြည့်မလား၊ စုံလှသည်။ ထင်တိုင်းကျဲ နေသည်မှာ မမြင်ချင်အဆုံးဖြစ်၏။

လက်ပိုက်ကြည့်နေရတော့မှာလား
==================

” ပြိုင်လာလျှင် အရှူံးပေး နှလုံးအေးတဲ့ဆေး ” ၊ အခုတော့ အရှုံးပေး ရုံမက အသက်ပါပေးနေရသူတွေ တနေ့တခြား များလာပြီ။ စည်းကမ်းတကျ မောင်းနှင်သူ နှင့် အခြားလမ်းအသုံးပြုသူများ အတွက် လုံခြုံမှု ကင်းမဲ့သော အန္တရာယ် လမ်းမ များအဖြစ်ပြောင်းလဲကုန်ပြီ။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ဘယ်ရောက်ကုန်ပြီလဲ၊ အရေးယူမည့် ယာဉ်ထိန်းရဲများ ဘယ်ရောက်နေကြလဲ၊ ဥပဒေက လုံခြုံမှု မပေးနိုင်တော့ဘူးလား၊ ဒီအတိုင်း လက်ပိုက်ကြည့်နေရတော့မှာလား သိလိုလှသည်။

စိန်ခေါ်နေတာလား
==========

ယနေ့ အစိုးရသည် တရားဥပဒေ စိုးမိုးရေး ကိုတွင်တွင် အော်နေသည့်ကြားမှ ဥပဒေ ကိုမထေမဲ့မြင်ပြုသည့် လုပ်ရပ်များ တရပ်စပ် ဖြစ်ပွားနေသည်မှာ အသည်းယားစရာ ကောင်းလှသည်။ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေသူများကို နားရွက်တံတွေးဆွတ်ရုံမက မျက်နှာကို တံတွေးနှင့် တည့်တည့်ထွေး လိုက်သလိုပင်။

ပြဿနာ၏ ဇစ်မြစ်
========

ပြဿနာ တို့ မည်သည် စတင်ဖြစ်ပွားရခြင်း ဇစ်မြစ်တို့ရှိစမြဲဖြစ်သည်။ ယခု ကိစ္စ ကိုဆန်းစစ်ကြည့်လျှင်- ယနေ့ ဘစ်စကားလောက၌ ကျင်လည်နေသော ယာဉ်မောင်းတို့မှာ အတွေ့ အကြုံနုနယ်သော၊ မခံချင်စိတ်ပြင်းပြသော၊ လူသစ်တန်းများ အများစုဖြစ်နေသည်ကို တွေ့နိုင်၏။ အချို့မှာ လိုင်စင်ပင်မရှိ။ ယခင် ဝါရင့် ယာဉ်မောင်းတို့ ဘယ်ရောက်ကုန်သနည်း။ မစို့မပို့ ဝင်ငွေဖြင့် ကျားစား ဖားစား ရှာဖွေစားသောက်ရသော ဘစ်စကားလောကကို ကျောခိုင်းကာ ဝင်ငွေ ကောင်းသော Express လိုင်း၊ Tour ကားများ၊ အငှါးကားငယ်များ မောင်းနေကြသည်ကို တွေ့နိုင်၏။

ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
================

စည်းကမ်းကို ချစ်တတ်ဖို့သာလိုသည်။ ကြောက်ရန်မလိုပါ။ ခေတ် အဆက်ဆက် အစိုးရ တို့ နည်းပေါင်းစုံဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ဖူးသည်။ ကြီးလေးသော ပြစ်ဒဏ် များချဖူးသည်။ ယခု ပညာပေး ဒဏ်ပေးလုပ်သည်။ အောင်မြင်သင့်သလောက် မအောင်မြင်။ ပြဿနာ ဇစ်မြစ်ကို မကုစားနိုင်၍ဖြစ်သည်။

ယာဉ်မောင်းတို့ကို လောက်ငှသော လစာရရှိစေရမည်။

ပညာအဆင့်အတန်း ကန့်သတ်ချက်ထားပြီးမှ အလုပ်ခန့်ထားရမည်။

ယာဉ်ကြောကျပ်တည်းမှုကြောင့် ရှည်လျားသော အလုပ်ချိန်များ မဖြစ်စေပဲ၊ အလုပ်အဆိုင်းနှင့် မောင်းနှင်စေရမည်။

စိတ်ဖိစီးမှု နည်းစေရန် ကောင်းမွန်၍ သက်သောင့်သက်သာ ရှိသော ယာဉ်အသစ်များလဲလှယ် အစားထိုးရမည်။

အလုပ်မဆင်းမီ လုပ်ငန်းခွင်၌ နေ့စဉ် မိနစ် ၃၀ ခန့် တရားထိုင် ခိုင်းရမည်။

ဆုပေး ဒဏ်ပေးစနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရမည်။

”ပျော်ရွှင်သော ဝန်ထမ်းတို့သည် ကုန်ထုတ်စွမ်းအား ကိုတိုးစေသလို ၊ စိတ်ဖိစီးမှု နည်းသော ယာဉ်မောင်းတို့သည်လည်း လမ်းအသုံးပြုသူတို့ကို အန္တရာယ် ကင်းစေကြောင်း” အကြံပြုရေးသားလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျော်ကျော်မင်း – ယာဉ်အန္တ​ရာယ် ဟုဆိုရာဝယ်
  1. I agree and I m a long time meditator but you cannot force meditation upon people. There might be people from other beliefs that don’t believe in meditation. If you want them to do meditstion, there need to be a quiet place too

Comments are closed.