သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

အများမျှော်နေကြတဲ့ သမ္မတကြီး ထရန့်ရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတာ

အများမျှော်နေကြတဲ့ သမ္မတကြီး ထရန့်ရဲ့ ရက် ၁၀၀ စီမံကိန်း ဆိုတာ
နိုင်ငံတကာသာဂိ၊ မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၆

နိုဝင်ဘာလ ၈ ရက်နေ့မှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်သူ ဒေါ်နယ်ထရန့်မှာ အကြိတ်အနယ် မဲရလာဒ်များကြားထဲကနေပြီး ဒီမိုကရက်ပါတီက သမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ရပြီး အမေရိကန်သမ္မတကြီးအဖြစ် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အများပြည်သူတွေကြားထဲမှာ အမေရိကန်က ပထမဆုံးအမျိုးသမီး သမ္မတရွေးချယ်လိမ့်မယ်လို့ စိတ်ကူးယဉ်နေကြရာကနေ လူပြိန်းတို့ အချစ်တော် ဒေါ်နယ်ထရန့် ဖြစ်သွားတဲ့အတွက် စိတ်ကူးယဉ်သူများ၊ လစ်ဘရယ်များ၊ မီလီနီယံမျိုးဆက်သစ်များ အကြီးအကျယ် စိတ်ထိခိုက်သွားကြပါတယ်။ မီဒီယာတွေ၊ နှစ်ဖက်ပါတီက လူဟောင်းတွေ၊ အရင်းရှင်ငွေရှင်ကြီးတွေရဲ့ အကူအညီ ထောက်ခံမှုမပါဘဲ တဦးတည်း ကြဲပြီး တယောက်တည်း အောင်ပွဲဆင်သွားတဲ့ ထရန့်ကို အမေရိကန်တပြည်လုံးသာမက ကမ္ဘာကြီးကပါ တခဲနက် လေးစားခန့်ညား တုန်လှုပ်သွားကြတယ်လို့ ဆိုနိုင်ပါတယ်။ သူရဲ့ အဓိက ထောက်ခံသူတွေဖြစ်တဲ့ ပညာတတ် လူဖြူတွေ၊ အလုပ်သမား လူဖြူတွေ၊ သက်ကြီးရွယ်အို လူဖြူတွေတင်သာမက ဘာသာမတူသူ၊ အသားအရောင်ချင်း မတူသူတွေကို အဆင့်အတန်းခွဲခြားတဲ့ သူတွေ၊ မျိုးချစ်တွေ မျိုးစောင့်တွေဟာ လက်ရှိ အမေရိကန်နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေကို ဘယ်လောက်တောင် တူးတူးခါးခါး ဖြစ်နေသလဲဆိုတာကို ဆန္ဒထုတ်ဖော်ပြသလိုက်တာပဲလို့ အကဲခတ်တွေက ဆိုကြပါတယ်။ ရုရှားနဲ့ တရုတ်ကတော့ အမေရိကန်သမ္မတကြီးနဲ့ ပြည်သူတွေကိုပါ ဆက်ပြီး လက်တွဲသွားမယ်လို့ ၀မ်းသာစကားကို အခြားနိုင်ငံများ နည်းတူ ပြောကြားကြပါတယ်။

ထရန့်ဟာ ရီပတ်ဘလစ်ကန်ပါတီကို ကိုယ်စားပြုပြိုင်တယ်ဆိုပေမယ့် လွှတ်တော် ၂ရပ်မှာ ၀င်ပြိုင်ကြတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ အတော်မျာများနဲ့ ကဏ္ဍကောစ လုပ်ပြီး ပြိုင်ရတာမို့လို့ သမ္မတရွေးကောက်ပွဲ၊ လွှတ်တော် ၂ ရပ် ရွေးကောက်ပွဲဟာ သီးခြားစီလို့ ဆိုရမှာပါ။ ရီပတ်ဘလစ်ကန်အမတ်တွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ လွှတ်တော်တွေကို နိုင်အောင် ထရန့်ကို ခွာခွာထားပြီး ပြိုင်ရတာမို့ ထရန့်သမ္မတဖြစ်ပြီဆိုတဲ့အခါ သူ့ပါတီအမတ်ခေါင်းဆောင်တွေကိုယ်တိုင်က ထရန့်ကို အောက်ကြို့ပြီး ပေါင်းရတော့မယ့် အခြေအနေဖြစ်နေပါတယ်။ ဒါကလည်း စိတ်ဝင်စားစရာကောင်းတဲ့ ပါတီတွင်း လွှတ်တော်နဲ့ အစိုးရတို့ကြား ပွတ်တိုက်မှု အလားအလာတွေ ဖြစ်ပါတယ်။ အနိုင်ရသွားသူ ထရန့်ကတော့ တနိုင်ငံသားတည်း စိတ်ဓာတ်နဲ့ တိုင်းပြည်ကို ပြန်လည် ကြီးကျယ်အောင် ပြန်လုပ်ကြမယ်လို့ တည်ငြိမ်စွာ (မောက်မာမှု မပါဘဲ) ပြောသွားတာကို တွေ့ရပါတယ်။

သည်တော့ ထရန့်ရဲ့ သမ္မတဖြစ်ခဲ့ရင် ချက်ခြင်း လုပ်ဆောင်မယ့် ရက် ၁၀၀ စီမံကိန်းတွေဆိုတာ ဘာတွေများပါလိမ့်လို့ ကြည့်ကြပါစို့။ ဒါတွေကို အောက်တိုဘာလတွင်းမှာ ထရန့်မဲဆွယ်စဉ်တုန်းက လူသိရှင်ကြား ကြေညာထားတာမို့ နောက်သမ္မတ ကျမ်းကျိန်ပြီးရင် ဒါနဲ့ ချိန်ထိုးပြီး ကြည့်ရမှာပါ။ လွှတ်တော်၊ ပြည်သူနဲ့ ပြည်ပတွေနဲ့ ပွတ်တိုက်မှု ဘယ်လို ဖြစ်ပေါ်လာမလဲဆိုတာကိုလည်း သူ့ပေါ်လစီတွေ အကောင်အထည်ပေါ်တဲ့အခါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(၁) ရာသက်ပန် အကန့်အသတ်မဲ့ အကြိမ်ကြိမ် ၀င်ပြိုင်နိုင်တဲ့ လွှတ်တော်အမတ် သက်တမ်းကို ကန့်သတ်ရန်

(၂) ပြည်ထောင်စု အစိုးရ၀န်ထမ်းများ ခန့်အပ်ခြင်းကို ဆိုင်းငံ့ရန်၊ မလိုအပ်သော ၀န်ထမ်းဦးရေများ လျော့ချရန် (စစ်တပ်၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ မပါ)

(၃) ပြည်ထောင်စု ဥပဒေများအတွင်း မလိုအပ်ပဲ  ၂ ခု ဖြစ်နေတဲ့ ဥပဒေများကို ဖျက်သိမ်းရန်

(၄) အစိုးရနှင့် လွှတ်တော် ၀န်ထမ်းများ အလုပ်ကထွက်ပြီးနောက် အပြင်လော်ဘီအဖွဲ့များတွင် ချက်ခြင်း အလုပ်လုပ်ခွင့် မရှိ၊ ၅ နှစ် စောင့်ဆိုင်းရန်

(၅) အစိုးရ ၀န်ကြီးများ ပြည်ပနိုင်ငံများတွင် လော်ဘီအလုပ် ရာသက်ပန် ၀င်မလုပ်စေရ

(၆) နိုင်ငံခြား လော်ဘီသမားများ အမေရိကန်ရွေးကောက်ပွဲများအတွက် ရန်ပုံငွေ မတည်ထူထောင်ခြင်း မလုပ်ရ

လို့ ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော် ပြုပြင်မှုကို အထက်ပါအတိုင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။ ပြီးတော့ အမေရိကန်အလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေးအတွက် ဒီ လမ်းညွှန်ချက် ၇ ရပ် ချမှတ်မယ်လို့ ဆိုထားပါတယ်။

(၁) NAFTA လို့ ခေါ်တဲ့ စီးပွားကုန်သွယ်ရေး စာချုပ်ကို ပြန်လည် ပြင်ဆင်ရန် မဟုတ်ပါက ရုတ်သိမ်းပစ်ရန်

(၂) ပစ္စဖိတ်ကုန်သွယ်ဖက် စာချုပ် TPP မှ နှုတ်ထွက်ရန်

(၃) တရုတ်ပြည်သည် ငွေကြေးကစားသူအဖြစ် ကြေငြာချက် ထုတ်ရန်

(၄) အမေရိကန်အလုပ်သမားများကို ထိခိုက်စေသည့် မည်သည့် ကုန်သွယ်ရေးသဘောတူညီချက်များကို မဆို ဖော်ထုတ် အရေးယူရန်၊ ထိုအခွင့်အရေးများကို အမြတ်ထုတ်နေသူများ နိုင်ငံများကို အရေးယူသွားရန်

(၅) အမေရိကန်ပြည်တွင်း စွမ်းအင်ထုတ်လုပ်ငန်းများဖြစ်သည့် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး အလုပ်များအားလုံး ထိန်းချုပ်ထားခြင်းအား လွတ်လပ်ခွင့်ပေးပြီး ဒေါ်လာ ထရီလျံ ၅၀ ဖိုး လုပ်ငန်းများ ပြန်ဖော်ပေးရန်

(၆) အိုဘားမားနဲ့ ကလင်တန်တို့ ပိတ်ဆို့ထားသည့် ကနေဒါမှ တင်သွင်းနေသည့် ကီးစတုန်း ရေနံလိုင်းကို ပြန်လည် ဖွင့်လှစ်ပေးရန်

(၇) ကုလသမဂ္ဂကို ပေးသွင်းနေသည့် ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော သဘာ၀၀န်းကျင် ထိန်းသိမ်းရေး အစီအစဉ်များမှ အမေရိကန်က နှုတ်ထုတ်ပြီး ထို ငွေများကို အမေရိကန်၏ ရေနှင့် ပတ်ဝန်းကျင် အဆောက်အအုံများတွင် ရင်းနှီး မြှပ်နှံရန်

စသည်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ထရန့်က တိုင်းပြည်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အောက်ပါ အရေးယူမှုများကိုလည်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

(၁) အိုဘာမား ချမှတ်ထားခဲ့သည့် ဥပဒေများ အမိန့်များ အားလုံးကို ပြန်စိစစ်ပြီး တရားမ၀င်ကြောင်း တွေ့ပါက အကုန် ဖျက်သိမ်းရန်

(၂) ပြည်ထောင်စုဗဟိုတရားရုံး၏ တရားသူကြီး ၁ ဦး လိုအပ်နေသည့် နေရာအတွက် မိမိစိတ်တိုင်းကျ လူ ၂၀ ထဲမှ ရွေးချယ် ခန့်ထားရန်

(၃) တရားမ၀င်ပြည်ပနိုင်ငံသားများအား ခိုလှုံခွင့်ပေးထားသည့် မြို့အားလုံးကို ပြည်ထောင်စု အထောက်အပံ့မှ ဖြတ်တောက်ရန်

(၄) တရားမ၀င်ပြည်ပနိုင်ငံသား ရာဇ၀တ်ကောင် သန်း ၂၀ ကို ပြည်ပသို့ နှင်ထုတ်ရန်၊ သက်ဆိုင်ရာ တိုင်းပြည်များက လက်မခံလျင် ထိုနိုင်ငံများနှင့် ပတ်သက်သည့် ဗီဇာများကို ပယ်ဖျက်ရန်

(၅) အစွန်းရောက်အကြမ်းဖက်သူများ နေထိုင်သည့် တိုင်းပြည်များအား ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းရန် နှင့် အထူးစိစစ်ပြီးမှသာ လက်ခံရန်

ဆိုတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။

ပြီးတဲ့အခါကျရင်တော့ လွှတ်တော် ၂ရပ်နဲ့ ပူးပေါင်းပြီးတော့ အောက်ပါ ဥပဒေအစီအမံများ ပြဌာန်းမယ်ဆို လိုက်ပါတယ်။

(၁) လူလတ်တန်းစားများအတွက် အခွန်အတုတ် သက်သာခွင့်ပေးခြင်း ဖြင့် အလုပ်အကိုင်များ ၀င်ငွေများ တိုးတက်လာစေခြင်း၊ စွမ်းအင်လုပ်ငန်းများကို အားပေးခြင်း၊ အခွန်သက်သာစေခြင်း။ ကလေး ၂ ဦးနဲ့ အထက် မိသားစုများကို ၃၅% အခွန်အခ လျော့ပေါ့ပေးခြင်း။ လုပ်ငန်းရှင်များ၏ အခွန် ၃၅ %မှ ၁၅ % သို့ လျော့ချခြင်း။ ပြည်ပတွင် ငွေကြေးသိမ်းဆည်းထားသော လုပ်ငန်းများကို ၁၀% အခွန်ဖြင့် ပြည်တွင်းသို့ ပြန်လည် မြုပ်နှံစေခြင်း

(၂) ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်များ ပြောင်းရွှေ့ခြင်းကြောင့် ပြည်တွင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်မှုကို တားဆီးနိုင်ရန်၊ အဆိုပါသွင်းကုန်များကို အခွန် ကြီးကြပ်ရန်

(၃) ဒေါ်လာ ၁ ထီလျံ သုံးစွဲပြီး ပြည်တွင်း လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများတွင် ပြန်လည် ရင်းနှီးရန်

(၄) ပြည်ထောင်စု ပညာရေးစာရိတ်ကို မိဘများထံ တိုက်ရိုက်ပေးဝေပြီး သူတို့စိတ်ကြိုက် ကျောင်းများတွင် ကလေးတွေကို အခပေးထားနိုင်ရေး၊ ပညာရေး ပြုပြင်ပြောင်းလဲရန်။ ကောလိပ်ပညာရေး သက်သာချောင်ချိစေရန်

(၅) အိုဘားမား ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ပြန်လည် စဉ်းစားရန်၊ ဖျက်သိမ်းရန်၊ အစားထိုးရန်

(၆) မိဘသက်ကြီးများ ကလေးသူငယ်များ စောင့်ရှောက်သည့် စာရိတ်များကို အခွန်သက်သာခွင့်ပေးရန်၊ ၀င်ငွေနည်း မိသားစုများကို ကူညီပေးရန်

(၇) မက္ကဆီကို နယ်စပ်တွင် အုတ်နံရံကြီး ဆောက်ပြီး တရားမ၀င်ပြည်ပသားများ ရန်မှ ကာကွယ်ရန်၊ အဆိုပါ ကုန်ကျငွေကို မက္ကဆီကိုအစိုးရက အကုန် ကျခံပေးရန်။ တရားမ၀င် လာရောက်သူများ ထောင်ဒဏ် ၂ နှစ် ချမှတ်ရန်။ ပြန်လည် ခိုးဝင်သူများကို ထောင် ၅ နှစ် ချမှတ်ရန်။ ဗီဇာစနစ်ကို ပြင်ဆင်ပြီး အမေရိကန်များကို ဦးစားပေးသည့် အလုပ်ခန့်စနစ်ကို ထူထောင်ရန်။

(၈) ရာဇ၀တ်မှုများ၊ မူးယစ်မှုများနှင့် အကြမ်းဖက်မှုများ အားလုံးကို သီးသန့်တပ်ဖွဲ့ ထူထောင်ပြီး နှိမ်နှင်း အရေးယူသွားရန်။ ဒေသခံ အာဏာပိုင်များကို အားပေးကူညီသွားရန်။

(၉) စစ်အင်အားကို ပြုပြင် ပြင်ဆင်မှုများ လုပ်ရန်၊ စစ်မှုထမ်းဟောင်းများကို အားပေးကူညီရန်။ ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင်ရန်။

(၁၀) ၀ါရှင်တန်ရှိ ခြစား ပျက်စီးနေသော နိုင်ငံရေးသမားများကို ဖော်ထုတ် အရေးယူရန်

စသည်တို့ ဖြစ်ကြပါတယ်။

ကဲ … ပရိသတ်ကြီးရေး … ဒီလောက်ဆိုရင်ဖြင့် အမေရိကန်ပြည်သူတွေထဲက ဘယ်သူတွေက ဒေါ်နယ်ထရန့်ကို ဘယ်အတွက်ကြောင့် ချစ်ခင် နှစ်သက် လေးစား ကြည်ညို အားကိုး အားထားပြုပြီး မဲဆန္ဒတွေ တအားပေးခဲ့ကြသလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါပြီ။

လက်ရှိမှာတော့ဖြင့် ၀ါရှင်တန်ဒီစီ မြို့တော်ဟာ ရွေးကောက်ပွဲပြီး မနက်ခင်းမှာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြီးသွားတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားက ကောလိပ်ကျောင်းတွေမှာလည်း လူငယ်တွေဟာ တက်ကြွ အားရစွာနဲ့ ရွေးကောက်ပွဲ အောင်ပွဲခံနေကြတာ မမြင်ကြရပါဘူး။ အားလုံးဟာ ‘၀ပ်’ သွားကြတယ်လို့ တိတ်တဆိတ် မှတ်ချက်ပေးသွားကြပါတယ်။ မီဒီယာတွေလည်း နည်းနည်းတော့ ၀ပ် သွားကြပုံပဲလို့ ဆိုလိုက်ချင်ကြောင်းပါ။

ဆက်လက် စောင့်မျှော်ကြပါစို့။ ပြောင်းလဲမှုကို မြင်ချင်ကြသူတွေ အပြောင်းအလဲတွေ မြင်ကြရမလားဆိုတာတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts