ကဗျာ

အောင်ခိုင်မြတ် – အရေးထဲ အသားကို မျှော်လင့်နေတယ်

အောင်ခိုင်မြတ် – အရေးထဲ အသားကို မျှော်လင့်နေတယ်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆
အရေးဟာ အသားနဲ့ပေါင်းတော့
အရေးအသားဖြစ်လာတယ်

အရေးဟာ အရိုးနဲ့ပေါင်းလို့မရဘူး
အရေးဟာ မပါတာတွေနဲ့ပေါင်းတော့
အရေးမပါဘူးပေါ့

အရေးကို ကြီးလို့ရသလို မကြီးလို့လည်း ရပါတယ်
အရေးမှာ အရာရှိသလို
အရေးမှာ အကြောင်းလည်းရှိပါတယ်
အရေးကိုပိုင်တော့ အရေးပိုင်လို့ပြောလို့ရလား
အရေးဟာ ပါတယ်တွေနဲ့ပေါင်းတော့
အရေးပါတယ် ပြောရမှာပေါ့

အရေးကိုနိမ့်လိုက်ရင်
အရေးနိမ့်တယ်ခေါ်မှာပေါ့
အရေးဟာ အခင်းနဲ့ပေါင်းတော့
အရေးအခင်းဟာ ဖြစ်လာတယ်

တစုံတယောက်က
တစုံတခုကိုတောင်းဆိုနေရင်တော့
အရေးဆိုနေတယ်ပြောရမလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts