ကဗျာ

မောင်ကြီးငြိမ်းချမ်း ● သမီး အရွယ်ရောက်တဲ့အခါ

 မောင်ကြီးငြိမ်းချမ်း ● သမီး အရွယ်ရောက်တဲ့အခါ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂ဝ၁၆

သမီးရေ
ကမ္ဘာကြီးထဲ
လေဆန်တွေကြားပျံသန်းဖို့
တောင်ပံတွေအစား
ပညာတွေသာ တတ်အောင်သာပါကွယ်။

သမီးရေ
အရွယ်တွေ ဘယ်လောက်ပဲရောက်ရောက်
နို့စို့ကလေးတွေမြင်တိုင်း
ဖေဖေရဲ့ညတွေကြား
ရင်ခွင်ထဲက သမီးဟာ
ခြေထောက်တွေဘယ်လိုသန်ကြောင်းပြဖို့
ကန်ကြောက်ခဲ့တာကို မှတ်မိနေတုန်း။

သမီးရေ
၁၇ နှစ်လား ၁၈ နှစ်လား
အချိန်ကာလတခုမှာ
အပျံသင်စကာလ
အိမ်ကနေ ကျောင်း
ကျောင်းကနေ အိမ်
အားလပ်ရက်ဆိုတဲ့ အချိန်ကလေးကို
စောင့်နေတဲ့ လူတယောက်ဟာ
ဖေဖေ ဖြစ်ရဦးမယ်။

သမီးရေ
အန္တရာယ်တွေများတဲ့
လူ့ဘဝကြီးတလျှောက်
ကိုယ်ကျင့်တရားကောင်းကောင်း
အရည်အချင်းပြည့်ပြည့်
ရဲရင့်ခြင်းတွေ သတ္တိတွေ မွေးတဲ့နေ့
အိမ်ကထွက်သွားတဲ့အချိန်
ယုံကြည်ခြင်းတွေအပြည့်နဲ့
ဂုဏ်ယူခြင်းမျက်ရည်တွေဝှက်ပြီး
ဖေဖေဟာ ပြုံးရွှင်နေမဲ့သူ ဖြစ်ချင်တယ်။

သမီးရေ
အရွယ်ရောက် ပညာစုံ
စဉ်းစားချင့်ချိန်နိုင်တဲ့အချိန်တခုရောက်ရင်
မိသားစုစကားဝိုင်းတခုမှာ
ဖေဖေ တာဝန်ကျေခဲ့သလားဆိုတဲ့
ပြန်လည်သုံးသပ်ဝေဖန်ချက်
သမီးဘက်က ခံစားချက်လည်း
ဖေဖေ ကြားချင်သေးတယ်။

သမီးရေ
ပြည့်စုံတယ်ဆိုတဲ့မိဘ
ဒီကမ္ဘာမှာ ဖေဖေမဟုတ်ခဲ့ရင်တောင်
ချို့ယွင်းချက် ဘယ်လောက်များခဲ့သလဲ
မသေခင်မှာ ဖေဖေ ကြားချင်သေးတယ်
စေတနာတွေနဲ့
ဖေဖေ ဘယ်လောက်မှားခဲ့သလဲ
မိဘတာဝန်တွေနဲ့ ဝတ္တရားတွေကြားမှာ
ဖေဖေမာန်မဲခဲ့တာတွေအတွက်
တောင်းပန်ရမဲ့ ဝတ္တရား
ဖေဖေနဲ့သမီးကြားမှာ
အကြွေးအဖြစ်တော့ မထားခဲ့ချင်ဘူး
ကျိန်းသေတာတခုကတော့
ဖေဖေဟာ သမီးကို သိပ်ချစ်တယ်။

မောင်ကြီးငြိမ်းချမ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts