ရေခြားမြေခြား မြန်မာများ

မောင်လူပေ – နှစ်စဉ် နွှဲမြဲ ဆန်ဖရန်က စာပေပွဲ

မောင်လူပေ – နှစ်စဉ် နွှဲမြဲ ဆန်ဖရန်က စာပေပွဲ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆန်ဖရန်ဧရိယာရဲ့ မြန်မာစာပေဟောပြောပွဲလေးကို ယခု ၂၀၁၆ မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပါတော့မယ်။ ၂၀၀၀ခုနှစ်ထဲက စတင်ကျင်းပခဲ့တာမို့ (၁၇)ကြိမ်မြောက်ခဲ့ပြီ။

ဒီနှစ် ဟောပြောကြမဲ့ စာရေးဆရာတွေကတော့ မြန်မာပြည်ကရောက်လာကြတဲ့ ဆရာမရွှေကူမေနှင်း၊ ဆရာကြည်မင်းနဲ့ ဆရာမ မိချမ်းဝေတို့ပါပဲ။

မိတ်ဆွေတဦးက ကျွန်တော့ကိုမေးပါတယ်။ စာပေဟောပြောပွဲဆိုတာ ဘာလဲ။ ဘာတွေပြောမှာလဲ။ ရည်ရွယ်ချက်က ဘာလဲ။ လာနားထောင်သူအတွက် ဘာတွေရမှာလဲ။ ဘာလို့ ရှိသင့်တာလဲ တဲ့။

တကယ်ဖြေသင့်တဲ့သူကတော့ စာရေးဆရာတွေပေါ့။ ကျွန်တော်ကတော့ မြန်မာစာပေကို စိတ်ဝင်စားသူ ချစ်မြတ်နိုးသူ စာဖတ်သူတယောက်ပါ။ စာပေချစ်သူတယောက်အနေနဲ့ ဖြေကြည့်ရအောင်။

စာပေဟောပြောပွဲဆိုတာ စာရေးဆရာတွေရဲ့ ဟောပြောပွဲပေါ့။ အမေရိကန်မှာ နေထိုင်တဲ့ နာမည်ကျော် မြန်မာစာရေးဆရာဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ ကျွန်တော်မှတ်မိသမျှကတော့ ၂၀၀၀ခုနှစ်မှာ ကဗျာဆရာကြီး ဆရာတင်မိုးနဲ့စတင်ခဲ့ကြတာ။ နောက်နှစ်တွေမှာတော့ တင်မိုး၊ မောင်သာရ၊ မောင်စွမ်းရည်၊ ဝင်းဖေ တို့က ပင်တိုင်။ ကြေးမုံဦးသောင်း၊ မာမာအေး၊ ခိုင်မာကျော်ဇော၊ ခက်မာ၊ မေငြိမ်း၊အောင်ဝေး၊ ကိုညို၊ ချိုတူးဇော်၊ ဒေါက်တာခင်မောင်ညို၊ မောင်ကောင်းမြင့်၊ မောင်စိုးချိန်၊ ဆောင်းဝင်းလတ်၊ ဘလော့ဂါနေဘုန်းလတ်၊ သင့်ဘဝ တင်မောင်သန်း၊ မောင်ဝံသ၊ မောင်စိန်ဝင်း၊ ဦးဘုန်း(ဓါတု)၊ ညီမင်းညို စသည်ဖြင့် အမေရိကန်မှာ အခြေချသူတွေရော ခဏတဖြုတ်အလည်လာသူတွေပါ ဟောပြောခဲ့ကြတယ်။ ကံထွန်းသစ်၊ ဉာဏ်ဦးမောင်၊ ဓမ္မဘေရီ၊ ဓမ္မဂဂ္ဂါစတဲ့ ရဟန်းတော် စာရေးဆရာတွေပါ အားဖြည့်ကူညီခဲ့ကြလေရဲ့။

ဘာတွေပြောမှာလဲ ဆိုတော့ ဒီစာရေးဆရာတွေရဲ့ မြန်မာစာပေရေးရာအပေါ်ထားတဲ့ သဘောထားတွေ၊ သူတို့တွေရဲ့ ခံယူချက်တွေ၊ ဘဝအတွေ့အကြုံတွေ အစုံအလင်ကို ဟောကြပြောကြလိမ့်မယ်။ စာပေဟင်းလေးအိုးကြီးပေါ့ဗျာ။ စာပေဗဟုသုတအစုံအလင်ကို တညထဲမှာ တဝကြီး ကြားကြရမဲ့ည ဆိုပါတော့။

အဝေးရောက်နေလို့ မြန်မာစာပေနဲ့ ဝေးနေကြတဲ့ မြန်မာတွေ မြန်မာစာပေ မမေ့မပြောက်ရေးအတွက် ‘စာပေတင့်မှ လူမျိုးမြင့်မည် ‘ ဆိုတဲ့ ခံယူချက်နဲ့ မြန်မာမှု ထုံးစံအစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ မြန်မာစာပေအကြောင်းတွေ၊ နိုင်ငံရေး လူမှုရေး ခေတ်ပြိုင်အတွေ့အကြုံတွေ သိရှိနိုင်စေရေး ရည်ရွယ်ကျင်းပပါတယ်။ လာနားထောင်သူတွေကတော့ စာရေးဆရာတွေပြောတဲ့ဟောတဲ့ အထက်ကအကြောင်းအရာစုံကို သိရှိမယ်။ မေ့နေသူအတွက် အမှတ်တရ ပြန်ဖြစ်စေမယ်။ ဟောကြပြောကြတဲ့အကြောင်းတွေဟာ ကိုယ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ခေတ်တူခဲ့ရင် ရင်ဘတ်ချင်းတူမယ်။ မတူခဲ့ရင်လည်း ဗဟုသုတ တိုးစေမယ်။ စာတအုပ်ဟာ ပြတင်းတပေါက်ဆိုရင် ဒီညဟာ ပြတင်းပေါက်တွေ အများကြီး ဖွင့်ပေးမဲ့ညတညပဲ ဆိုကြပါစို့။

ဒီပွဲကို မလုပ်နိုင်ဖူးဆိုရင် ဒီလိုအခွင့်အရေးတွေ မရတော့ဘူးပေါ့။ ကြာရင် မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အသိအမြင်တွေ မေ့ပျောက်ကုန်ကြမှာပေါ့။ ကိုယ်တိုင်က ဘာမှမသိပဲ နောင်မျိုးဆက်သစ်ကို ဘယ်လို လက်ဆင့်ကမ်းကြမှာလဲ။ ဒါဆိုရင် မြန်မာစာပေဟောပြောပွဲ ဘာလို့ရှိသင့်တယ်ဆိုတာ ရှင်းလောက်မယ် ထင်ပါတယ်။

အဝေးရောက်မြန်မာတွေအတွက် စတိတ်ရှိုးသွင်းရင် လူဝင်မှာသေချာပေမဲ့ စာပေဟောပြောပွဲဆိုတာ စတိတ်ရှိုးလို လူမစည်တာ သေချာပါတယ်။ စာရေးဆရာကြီးတွေနဲ့ စာချစ်သူတွေ ရင်းနှီးစွာတွေ့ဆုံနိုင်ဖို့၊ သူတို့ ဟောပြောကြတာ နားထောင်နိုင်ဖို့၊ သိလိုတာတွေ မေးခွင့်ရဖို့ နှစ်စဉ်ပဲ အခက်အခဲတွေမျိုးစုံကြားက ကိုယ်ပိုင်အချိန်တွေပေး၊ ငွေကြေးစိုက်ထုတ်ပေးကြတဲ့ စာပေမြတ်နိုးသူတွေ ရှိနေလို့သာ ဒီပွဲလေးကို နှစ်စဉ်ပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြတာပါ။ ဒိအတွက်လည်း ဝိုင်းကြ ဝန်းကြသူအပေါင်းကို ကျေးဇူးတင်လို့မဆုံးပါ။

မြန်မာစာပေချစ်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts