ရသဆောင်းပါးစုံ သတင်းဆောင်းပါး သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြားက ဂီဒွန်

မောင်မောင်စိုး ● ငြိမ်းချမ်းရေးနှင့် စစ်ပွဲကြားက ဂီဒွန်
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆

● ဂီဒွန်
ယခုလပိုင်းအတွင်း ကချင်ပြည်နယ်ရှိ နာမည်ကျော် ခါဂါဘိုရာဇီ၊ ဖုန်ကန်ရာဇီတောင်များကိုကျော်လွန်၍ လူသိများသော တောင်ကြောတခုမှာ အင်ခရမ်ဘွမ်တောင်ကြောနှင့် ၎င်းတောင်ကြောပေါ်ရှိ ပေ ၃၃၀၀ ကျော်မြင့်သည့် ဂီဒွန်တောင်ဟု ဆိုရပါမည်။ စိမ်းစိုလှပသော ထိုတောင်သည် လှပသောသဘာဝပတ်ဝန်းကျင်စည်ကားသော နိုင်ငံခြားခရီးသွားများဖြင့် စည် ကားသည်မဟုတ်ပေ။ အမြောက်သံ ဗုံးသံများဖြင့် စစ်ပွဲကြောင့် ကျော်ကြားလာခဲ့ရခြင်းဖြစ်သည်ကတော့ စိတ်မချမ်း မြေ့ ဘွယ်ရာဟု ဆိုရပါမည်။

စိမ်းစိုသော အင်ခရမ်ဘွမ်တောင်ကြော အောက်ခြေတွင် ဒဘတ်ခချောင်းက ရစ်ခွေစီးဆင်းနေသည်။ မြစ်ကြီးနား၌ သွယ် တန်းထားသော လျှပ်စစ်မီးသည် ထိုဒဘတ်ခမှဖြစ်သည်။ ဂီဒွန်တောင်သည် လိုင်ဇာမှ ၂၃ မိုင်ကျော်ဝေးပြီး မြောက်ဖက် ဆ ဒုံးနှင့် တောင်ဖက် လိုင်ဇာတို့ကြား အလယ်လောက်တွင်ရှိသည်။ ဂီဒွန်သည် ဗန်းမော် မြစ်ကြီးနား ကားလမ်း (မလန်းယန်) တဝိုက်မှ အဖြောင့်တိုင်းတာလျင် ၇ ကီလိုမီတာခန့်သာ ဝေးကွာပါသည်။

● ဆွေးနွေးပွဲနှင့် စစ်ပွဲ
KIO/KIA သည် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်ဖြစ်သည်။ NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့်သာမက NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးသောအဖွဲ့များနှင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းဆွေး နွေးရန် NLD အစိုးရသစ်၏ သဘောထားအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်ခဲ့ပြီး ၂၀၁၆ သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင်လည်း KIO/KIA ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

ထိုသို့ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၂၁ ရာစုပင်လုံသို့တက်ရောက်ပြီး သူတို့၏သဘောထားများကို တင်ပြခွင့်ရပြီးနောက် ငြိမ်းချမ်းရေးအခြေအနေ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု အများက အကောင်းမြင်မျှော်လင့်ထားခဲ့ကြသည်။ သို့သော် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။

တကယ်တော့ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံမစမှီကပင် KIA နှင့်တပ်မတော် တိုက်ပွဲငယ်များဖြစ်ပွားနေခဲ့ပြီဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံအပြီး တိုက်ပွဲအရှိန်လျှော့ချနိုင်ကြလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အထင်နှင့်အမြင် တက် တက်စင်လွဲချော်ခဲ့သည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တဖြေးဖြေးကြီးထွားလာသည်ကို တွေ့ရသည်။

၂၁ ရာစုပင်လုံအပြီး တနိုင်းဒေသ ဖားကန့်ဒေသနှင့် ဗန်းမော်ဒေသတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ ဂီဒွန်တောင်ကုန်းတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည်ကို ကြားသိနေရပါသည်။

● ဂီဒွန်တိုက်ပွဲ
တကယ်တော့ ဂီဒွန်တိုက်ပွဲများအစသည် ၂၁ ပင်လုံမကျင်းပမှီ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က စတင်သည်။ သြဂုတ် လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် KIA ဂီဒွန်စခန်း၏ရှေ့ ကာကင်းဖြစ်သော ဂီဒွန်စခန်းမှ ပေ ၃၀၀၀ ကျော်အကွာ တွင်ရှိသည့် အင်ခရမ်စခန်းငယ်အား တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အင်ခရမ်စခန်းမှ KIA တပ်သားများလည်း ဂီဒွန်စခန်းသို့ ပြန်လည်ပူးပေါင်းခဲ့သည်ဟု ဆိုသည်။ ထိုနောက် သြဂုတ်လ ၂၃ ရက်မှစ၍ ဂီဒွန်စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်၍ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီးတွင်လည်း တိုက်ပွဲအရှိန် ဆက်လက်မြှင့်တင်ခဲ့သည်။ လက်နက်ကြီးပစ်ကူများ အပြင်တိုက်ခိုက်ရေးရဟတ်ယဉ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယဉ်များအပြင် တိုက် လေယာဉ်အချို့ အသုံးပြု၍ တိုက်ခိုက်ကာ လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူ ပေါင်းစပ်၍ KIA ဂီဒွန်စခန်းအား တိုက် ခိုက်ခဲ့သည်။ KIA ၏သတင်းများအရ သြဂုတ်လ ၁၆ ရက်မှ အောက်တိုဘာ ၁၄ ရက်နေ့ထိ ၂ လနီးပါးကာလအတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲ ကြီးငယ် ၁၄၀ ခန့် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုပြင် မြေပြင်သတင်းများအရလည်း လက်နက်ကြီးတင် သံချပ်ကာကားများ၊ တင့်ကားများ ပြည်မမှနေ၍ ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်ဒေသသို့ ထွက်ခွာနေကြောင်း ကြားသိနေရသည်။ တပ်မတော်မှ စစ်မက်အင်အားများစွာလည်း တိုက်ပွဲ ဖြစ်ပွားရာဒေသသို့ တိုးမြှင့်ရောက်ရှိလာနေကြောင်း မြေပြင်သတင်းများအရ သိရပါသည်။ ဤသို့မြေပြင်မှ လက်နက်ကြီးများ ဖြင့်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့်လည်းကောင်း၊ ပေါင်းစပ်၍ ပြင်းထန်စွာတိုက်ခိုက်နေသည်မှာ ယခုအချိန် ဆိုလျှင် ၃ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ယခုအထိတော့ ဂီဒွန်စခန်းတွင် KIA တို့ ခုခံတိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်ကို တွေ့ရသည်။ မတ်စောက်သော ဂီဒွန်တောင်ကုန်း၏မြေအနေအထားသည် KIA တို့ ခံစစ်ဆင်နိုင်ရန်အတွက် သဘာဝက ပေးသည့် အားသာချက်ဟု ဆိုရပါမည်။ သို့သော် တပ်မတော်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ခြင်း မရှိသေးရာ ဂီဒွန်တောင်ကုန်း၌တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။

● အချက်အခြာလော ဂုဏ်သိက္ခာလော
ဤမျှ အချိန်ကြာမြင့်စွာ ဂီဒွန်တောင်ကုန်းအား တိုက်ခိုက်နေပေရာအဘယ်ကြောင့် တိုက်ခိုက်နေရသနည်း၊ ထိုဂီဒွန်စခန်း၏ အရေးပါမှု မည်မျှရှိသနည်းဆိုသည့်အချက်မှာ စိတ်ဝင်စားဘွယ်ရာဖြစ်သည်။ တပ်မတော်၏သတင်းထုတ်ပြန်ချက်အရ ဗန်း မော် မြစ်ကြီးနားကားလမ်းလုံခြုံရေး စိုးမိုးထားနိုင်ရေးအတွက် ကားလမ်း၏ အရှေ့ဘက်တောင်ကြောရှိ KIA ဂီဒွန်စခန်းအား တိုက်ခိုက်သည်ဟု ယူဆရဘွယ်ရှိသည်။

တကယ်တော့ အဆိုပါ အင်ခရမ်ဘွမ်တောင်ကြော၏ တောင်ဘက်တွင် ဂီဒွန်တောင်၏ တောင်ဘက် ၅ ကီလိုမိုင်ခန့်အကွာတွင် အမြင့်ပေ ၄၀၀၀ ကျော်ရှိသည့် ပွို င့် ၁၃၉၄ ဟုခေါ်သည့် ကာဂန်ဘွမ် ရှိသည်။ ၎င်းတောင်ထိပ်တွင် အင်္ဂလိပ်ခေတ်ကာလကပင် ခံတပ် တည်ဆောက်ထားပြီးယခုအခါ တပ်မတော်က တပ်စွဲထားသည်။ ဂီဒွန်စခန်းအား အထက်စီးကစိုးမိုးထားသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းကာဂန်ဘွမ်ထက် ပေ ၇၀၀ ကျော်နိမ့်သော ဂီဒွန်စခန်းက ဒဘတ်ခချောင်းဘက်ခြမ်းမှတဆင့် မလန်းယန်ဒဘတ်ယန်၊ ဂါရာယန်၊ ကဇူး စသည့် ဗန်းမော် မြစ်ကြီးနားကားလမ်းကြောင်း တလျှောက်အား လှုပ်ရှားစိုးမိုးနိုင် သည်ကို ဟန့်တားဖြတ်တောက်နိုင်ရန် ရည်ရွယ်ပုံရသည်ဟု သုံးသပ်ရပါသည်။

ထို့ပြင် ကာဂန်ဘွမ်၏အရှေ့ဖက် ၆ ကီလိုမိုင်ခန့်အကွာတွင်ရှိသော ပွိုင့် ၁၃၇၉ ဆမား၊ တဖန် ၎င်းဆမားမှ အရှေ့စူးစူး တရုတ်နယ်စပ်အထိ ၅ ကီ လိုမိုင်အရောက်တွင် တရုတ်နယ်စပ်သို့ ရောက်ရှိပြီဖြစ်သည်။ ထိုလမ်းကြောင်းအား တပ်မတော်မှ ထိမ်းချုပ်ထားနိုင်ရေးအတွက် ဂီဒွန်တောင်ကုန်းသည် အရေးပါနေ၍လော စဉ်းစားဘွယ်ဖြစ်သည်။ ဗန်းမော် မြစ်ကြီးနား ကားလမ်း မလန်းယန်တောင်ဖက် ၆ ကီလိုခန့်အကွာမှ အရှေ့စူစူး ကားလမ်းမှ ၆ ကီလိုမိုင်ခန့်အကွာရှိ ကာဂန်ဘွမ်၊ ၎င်းမှ ဆမားနှင့် တရုတ်နယ်စပ်ထိ စုစုပေါင်း ၁၇ ကီလိုမိုင်ခန့်လမ်းကြောင်းအား တပ်မတော်က ချုပ်ကိုင်နိုင်ရန်ရည်ရွယ်ချက်ထားရှိ၍လော စဉ်းစားဘွယ်ဖြစ်သည်။

ထိုလမ်းကြောင်းအား ချုပ်ကိုင်နိုင်ပါက KIA တပ်မဟာ ၅ အား အလယ်မှပိုင်းခြားနိုင်သည့်ပြင် KIA ဗဟိုဌာနချုပ် လိုင်ဇာနှင့် မြောက်ပိုင်းရှိ KIA တပ်မဟာ ၁ / တပ်မဟာ ၇ တို့အား ဖြတ်တောက်ပိတ်ဆို့ရန် ရည်ရွယ်သည်လော စဉ်းစားဘွယ်ဖြစ်သည်။ ဤသို့နှင့် KIO/KIA ဌာနချုပ် လိုင်ဇာအား ချိနဲ့သွားစေရန် ရည်ရွယ်ပုံသည်ဟု ဆိုရမည်။ ဂီဒွန်စခန်းနှင့် လိုင်ဇာမှာ ၂၃ မိုင်ခန့် ကွာဝေးသည်ဖြစ်ရာ လိုင်ဇာဌာနချုပ်အား တိုက်ရိုက်ခြိမ်းခြောက်ခြင်းမဟုတ်ဟူ၍တော့ ဆိုနိုင်ပါသည်။ လိုင်ဇာဌာနချုပ်အား ထိန်းချုပ်နိုင်သည့် ခါယာဘွမ်အား ၂၀၁၁ စစ်ပွဲကာလက တိုက်ခိုက်သိမ်းပိုက် ထိမ်းချုပ်ထားပြီး ဖြစ်သည်။

KIA အတွက်လည်း မြစ်ကြီးနား ဗန်းမော်ကားလမ်းအား စိုးမိုးနိုင်ရေးနှင့် ကချင်ပြည်နယ်မြောက်ပိုင်းရှိတပ်များနှင့်  လိုင်ဇာဌာ နချုပ်ဆက်သွယ်ရေးအတွက် အရေးပါသောစခန်းတခုအဖြစ် ရည်ရွယ်ချက်ထား၍ ကာကွယ်နေသည်ဟု သုံးသပ်ရပါသည်။

တခါတရံတွင်စစ်ပွဲများတွင် တွေ့ရတတ်သည်မှာ စခန်းတခု စွန့်လွှတ်ဆုံး ရှုံးရသည်မှာ သို့မဟုတ် စခန်းတခု သိမ်းပိုက်၍ မ ရသည်မှာ စစ်ပွဲဦးစီးသူများ၏ဂုဏ်သိက္ခာ၊ တပ်များ၏ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေတတ်သည်။ တိုက်ပွဲကြာမြင့်လာ သည် နှင့်အမျှ တိုက်ပွဲ၏ရည်ရွယ်ချက်ထက် ဂုဏ်သိက္ခာနှင့်မာန်မာနက ရှေ့ရောက်လာတတ်ပြီး စစ်ပွဲရပ်တန့်ရန် ခက်ခဲကာ အ ကျိုးမရှိ အချည်နှီးဖြစ်သောတိုက်ပွဲများ ဖြစ်နေတတ်ပေသည်။

● အံ့သြဘွယ် မိုးရာသီစစ်ဆင်ရေး
ယေဘုယျအားဖြင့် မြန်မာနိုင်ငံကဲ့သို့ မိုးများသောနိုင်ငံများတွင် မိုးရာသီတွင် သွားလာလှုပ်ရှားရန် ခက်ခဲလေ့ရှိသည်။ မိုးရာ သီ၌ တောင်တန်းများပေါ်၌ ရွံ့ဗွက်များကြောင့် လမ်းလျောက်ရန် အဆင်မပြေသည့်အပြင် တောင်တက်တောင်ဆင်းများတွင် လမ်းများချောနေသောကြောင့် တဗိုင်းဗိုင်းလဲကာခရီးမတွင် လူပင်ပန်းသည်။ ထို့ကြောင့်လည်း စစ်ဆင်ရေးများကို ပွင့်လင်း ရာသီဟုဆိုလေ့ရှိသည့် အောက်တိုဘာလကုန်မှ နောက်နှစ် ဧပြီလကြားတွင် ပြုလုပ်လေ့ရှိကြသည်။ ယခု အပြင်းအထန်ပြု လုပ်နေသော စစ်ဆင်ရေးမှာမိုးရာသီတွင်ဖြစ်၍ အံ့သြဘွယ်ဟု ဆိုရပါမည်။

မိုးရာသီစစ်ဆင်ရေးတွင် ခက်ခဲသည့်နောက်ပြသနာတခုမှာ မိုးရွာနေချိန် မိုးတိမ်ထူထပ်နေချိန် မြူဆိုင်းနေချိန်များတွင် မြေ ပြင်မှ လက်နက်ကြီးများအတွက်ဖြစ်စေ လေကြောင်းပစ်ကူအတွက်ဖြစ်စေ မြင်ကွင်းမရှင်း၍ ပစ်ခတ်ရန်ခက်ခဲသည့်အပြင် အချို့အချိန်များတွင် လုံးဝပစ်၍မရပေ။ လက်ရှိ ဂီဒွန်တိုက်ပွဲတွင်လည်း လက်နက်ကြီးပစ်မရသည့်နေ့ လေယာဉ်များ ပစ်မရဘဲပြန်လှည့်သွားရသည့်နေ့များ မနည်းလှပေ။

မိုးရာသီတွင် အမိုးအကာမရှိသည့် တောတောင်ထဲတွင် စစ်သည်များအတွက် ထမင်းချက်စားရန်ပင်ခက်ခဲသည်။ ထိုပြင် စစ်သည်များသည် မိုးမိသည့်အပြင် ကတုတ်ကျင်းအတွင်း မြေကြီးပေါ်တွင် စိုစိုစွတ်စွတ်နေရသည့်အချိန်ကာလကြာပါက အဖျားအနာများပြားလာပြီး ထိခိုက်ဒဏ်ရာရသူထက် ဖျားနာ၍ ဆေးရုံပို့ရသူက ပိုများလေ့ရှိသည်။ ခြောက်သွေ့ရာသီ စစ် ဆင်ရေးတွင် ဤပြဿနာမရှိချေ။ သို့ဖြစ်ရာ ဤသို့သော အခြေအနေအောက်တွင် မိုးရာသီစစ်ဆင်ရေးတရပ်ကို နှစ်လကျော် ခန့်ပြုလုပ်နေသည်မှာ အံ့သြဘွယ်ဟု ဆိုရပါမည်။

● ငြိမ်းချမ်းရေးနှင့် ဂီဒွန်တောင်တိုက်ပွဲ
ဂီဒွန်တိုက်ပွဲကြာမြင့်လာသည်နှင့်အမျှ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်၊ ကွတ်ခိုင်နှင့် ချင်းပြည်နယ် ဟားခါးနှင့် ရန်ကုန်တို့တွင် ပြုလုပ်လာသည်ကို တွေ့ရသည်။ ထို့အတူ စစ်ပွဲအရှိန်မြင့်လာသည့်အခါ အောက် တိုဘာလအတွင်းပြုလုပ်သည့် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များနှင့် ဆွေးနွေးပွဲတွင်လည်းကောင်း၊ UPDJC ပူးတွဲ ဆွေးနွေးပွဲတွင်လည်းကောင်း တက်ရောက်သည့် UNFC ၏ ကိုယ်စားလှယ်အဖွဲ့ဖြစ်သော DPN တွင် KIA ကိုယ်စားလှယ်များ ပါဝင်လာခြင်းမရှိတော့သည်ကို တွေ့ရသည်။

KIA သည် အခြား UNFC အဖွဲ့ဝင်များနည်းတူ NCA လက်မှတ်မထိုးသေးသော်လည်း ဦးသိန်းအစိုးရလက်ထက်တွင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို တာဝန်ယူသည့် ဦးအောင်မင်းခေါင်းဆောင်သည့် UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးလုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ တွင်လည်းကောင်း၊ သဘောတူညီချက် ၂ ကြိမ် လက်မှတ်ရေးထိုးပြီးဖြစ်သည်။

ထိုနှစ်ကြိမ်စလုံးတွင် ဦးသိန်းစိန်အစိုးရဖက်မှ ဦးအောင်မင်း (UPWC) ခေါင်းဆောင်ပြီး တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ပါဝင်ခဲ့ပြီး KIO/KIA ဖက်မှ အဖွဲ့ ခေါင်းဆောင် ဆလန်ကဘာဆွမ်လွတ်ဂမ် ဗိုလ်ချုပ်ဆွမ်လွတ်ဂွန်မော်တို့ ပါဝင်ခဲ့သည်။ ထို့ပြင် အသိသက်သေအဖြစ် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအပြင် ကုလသမဂ္ဂကိုယ်စားလည် တရုတ်ပြည် အာရှရေးရာ အထူး ကိုယ်စားလှယ်တို့ပါ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုထားခဲ့သည်။

လက်ရှိ NLD အစိုးရအနေနှင့် ယခင်အစိုးရချုပ်ဆိုခဲ့သော NCA ကို ဆက်ခံသည့်နည်းတူ ယခင်အစိုးရပြုလုပ်ထားခဲ့သည့် သဘောတူညီချက်များကို ဆက်ခံရန်လိုအပ်ပေမည်။ NCA မထိုးနိုင်သေးသည့် အဖွဲ့များကိုရှိပြီးသား သဘောတူညီချက်များ ခိုင်မြဲစေသည်မှ တဆင့်ပြီးတဆင့် တက်လှမ်းစေရန် လိုအပ်မည်။ ယခုအခြေအနေကတော့ အတန်ငယ်နောက်သို့ ပြန်လျှော ကျနေသည်ဟု ဆိုရပါမည်။

ထို့ပြင် ဂီဒွန်တိုက်ပွဲအား မြေပြင် ဝေဟင်ပစ်ကူများဖြင့် ပြင်းထန်စွာဖြစ်ပွါးနေသည်မှာ နှစ်လကျော်ကြာမြင့်လာသော်လည်း NLD အစိုးရအနေနှင့်တစုံတရာ မှတ်ချက်ပြု မပြောဆိုခြင်းနှင့် အကဲခတ်များသာမက ပါဝင်ပတ်သက်နေသူအားလုံး သို့ လော သို့လောနှင့် မချင့်မရဲဖြစ်နေကြသည်။ ၂၀၁၆ နိုဝင်ဘာလဆန်းတွင် UNFC ၏ DPN ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်း ရေးကော်မရှင် တို့ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ထားသည်။ UNFC အဖွဲ့ဝင် KIA ၏ကိစ္စလည်း ပါဝင်မည်ဖြစ်သည်။

သို့သော် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအခြေအနေအရ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အနေနှင့် KIO ကိုယ်စားလည်အဖွဲ့နှင့် သီးခြားတွေ့ဆုံဆွေးနွေးရန် လိုအပ်မည်ဟု သုံးသပ်ရသည်။ NLD အစိုးရအနေနှင့် ယခင် အစိုးရပြုလုပ်ခဲ့သော NCA သဘောတူညီချက်ကို ဆက်လက်သယ်ဆောင်သကဲ့သို့ ယခင်အစိုးရပြုလုပ်ခဲ့သည့် KIO/KIA နှင့် သဘောတူညီချက်များ ဆက်လက်သယ်ဆောင်ရန် လိုအပ်ပေမည်။

● မှတ်တိုင်တခုဖြစ်သွားသော ဂီဒွန်
မည်သို့ဆိုစေ ဂီဒွန်သည် ကွန်လုံ၊ ဟိုက်ကဘား၊ စီစီဝမ်တာပန်ကဲ့သို့ပင် ရက်ရှည်ဖြစ်ပွားသည့် တိုက်ပွဲတခုအဖြစ် မှတ်တိုင် တခု ဖြစ်သွားခဲ့ပေပြီ။ NCA ဆိုသည်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်ပေရာ တနိုင်ငံအပစ် အ ခတ်ရပ်ရန် လိုသည်။ သို့မှသာ NCA ဟု ဆိုနိုင်ပေမည်။ နိုင်ငံရေးသဘောတူချက်ရယုရန် စစ်ရေးဖိအားပေးခြင်းသည် ယုံကြည်ချက်ပျက်ပြားပြီး အဆိုးဖက်ကို ဦးတည်စေနိုင်သည်ကို သတိပြုရန်လိုအပ်ပါသည်။ အလားတူပင် ဂီဒွန်အားလည်း စစ်ပွဲ၏မှတ်တိုင်တခုအဖြစ်မှ ငြိမ်းချမ်းရေးဆီသို့ တဆင့်တက်လှမ်းနိုင်သည့်မှတ်တိုင်တခု ဖြစ်စေလိုပါသည်။ ဂီဒွန်တောင်ထိပ် တွင် ငွေဂျိုးဖြူ ကူစေလိုပါသည်။

ပြီးပါပြီ။
Mg Mg Soe (မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts