ဘလက်လစ် တထောင် မှသည် ပြည်တွင်းကသောင်းချီသည့် ဆရာဝန်များ လွတ်လပ်ဖို့
မိုးနတ်မင်း၊ အောက်တိုဘာ ၁၂၊ ၂၀၁၃
မိုးနတ်မင်း၊ အောက်တိုဘာ ၁၂၊ ၂၀၁၃
လောလောလတ်လတ် မြန်မာMediaများတွင် ဖော်ပြနေသည့် နိုင်ငံရေးနှင့်မသက်ဆိုင်ဘဲ ပညာရှင်များ (ဆရာဝန်၊ ကွန်ပြူတာလိုင်း) BlackList ကန့်သတ်စာရင်းထဲ ရှိနေသေးကြောင်း ဖော်ပြလာပြီးနောက် သမ္မတရုံးမှ”ဆရာဝန် (၁၀၁၀) ဦးအား BlackListမှ ပယ်ဖျက်ခွင့်ပြုခြင်း” ကြေညာချက် ထွက်ပေါ်လာသည်ကို ကြိုဆိုပါသည်။ ဆရာဇော်အောင်(မုံရွာ) မိုးမခတွင် လူရည်ချွန်ဆောင်းပါးတွင် ဖော်ပြခဲ့သလို ပိုမိုတိုးတက်၊ ပွင့်လင်းလာသည်ကို တွေ့မြင်လိုသော်လည်း ယခုသမ္မတနှင့် ကျန်းမာရေးဝန်ကြီးလက်ထက်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို အသိအမှတ်ပြုပါသည်။ BlackListမှ ဆရာဝန်များကို အောက်ပါအတိုင်း အုပ်စုခွဲမိပါသည်။
(၁) ၂၀၀၁ နောက်ပိုင်း ဆေးကျောင်းပြီးနောက် အတင်းအကြပ် အလုပ်ဝင်စေသည်ကို ငြင်းဆန်သဖြင့် စာရင်းထဲပါသူများ
(၂) ဒုတိယအုပ်စုကတော့ နှစ်အပိုင်းအခြား မရှိပါ။ လောလောလတ်လတ်ကျောင်းပြီးသူများမှ အစ၊ အသက်၅၀ -၆၀ အရွယ် ဆရာဝန်များ ပါဝင်၏။ ဝန်ထမ်းဘဝမှ ထွက်ခွင့် မပေးသဖြင့်၊ နယ်ပြောင်းခိုင်းသည်ကို ငြင်းဆန်သဖြင့် စာရင်းထဲပါသွားခြင်း ဖြစ်သည်။
တရားဝင်စာရင်းတွင်မူ လျှော်ကြေးမပေးရသေးသူနှင့် ပေးပြီးသူဟု ခွဲထားပုံရသည်။ မရှင်းသည်မှာ လျှော်ကြေးပေးပြီးသူ (သိန်း ၂၀ -၃၀ ခန့်) ကို အဘယ်ကြောင့် BlackListထဲတွင် ဆက်လက်ထားရှိပါသနည်း။ အချို့ဆရာဝန်များမှ လျှော်ကြေးပေးပြီးလျှင် ကင်းရှင်းသွားပြီဟု ယူဆသဖြင့် ရိုးသားစွာ ဒဏ်ကြေးဆောင်ခဲ့၏။ သို့ပါလျှက် BlackList စာရင်းထဲတွင် ၁၀နှစ် ယခုအချိန်အထိ ဆက်လက် ထားရှိခဲ့သည်မှာ ကျန်း ဦးစီးမှ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်ခဲ့သည်လော။ ထို့အပြင် ၁၀၁၀ ယောက် ကင်းရှင်းစာရင်းထဲ မပါသေးသူများလည်း ရှိသေးကြောင်း ကြားသိရသည်။ သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီးမှ ရှင်းလင်းပေးနိုင်မည်ဟု ယူဆမိပါသည်။ တနည်းအားဖြင့်ဆိုရသော် ပညာရှင် မည်မျှ BlackListတွင် ကျန်ရှိနေပါသလဲ။
နောက်တဆင့်တက်ပြီး သုံးသပ်ရလျှင် ထိုသို့ မိမိစကားမနားထောင်သဖြင့် ဆရာဝန်အချို့ကို ဆေးကုသခွင့်မပေးခြင်း၊ BlackListတွင် ထည့်သွင်းကာ နိုင်ငံခြားမထွက်နိုင်အောင်ပြုခြင်းသည် တရားနည်းလမ်း ကျပါသလား။ သင်၏ ယာဉ်မောင်းက အလုပ်ထွက်ခွင့်တောင်းလျှင် ခွင့်မပေးဘဲ၊ မိမိသဘောနှင့် ထွက်လျှင် “မြန်မာပြည်တွင်နေသရွေ့ ယာဉ်မောင်းအလုပ် မလုပ်ရ၊ ထင်းသာ ခွေရမည်” ဟု ဥပဒေထုတ်လျှင် သင့်လျှော်ပါမည်လား။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ်သွားနေပါက ဆရာဝန်များအတွက် ဥပဒေတမျိုး၊ အခြားဝန်ထမ်းများအတွက်မူ နောက်တမျိုး မရှိသင့်ပါ။ ကျန်းမာရေးဌာနတွင် အခြားဌာနနှင့်မတူဘဲ “ထူးဆန်းထွေလာ” မူများ ရှိနေသေးသည်ကို သမ္မတရုံးနှင့် ပြည်သူများ သိရှိစေလိုပါသည်။
ဥပမာ … မြန်မာပြည်သူများ အိမ်နီးချင်းနိုင်ငံများသို့ အလည်ခရီး၊ စီးပွားရေး၊ ဆေးကုသရန်စသည်ဖြင့် လွတ်လပ်စွာသွားနေချိန်၊ ဝန်ထမ်းဆရာဝန်များမှာ မိဘနေမကောင်းလျှင်ပင် တရားဝင်သွားခွင့်မရှိပါ။
တိုးတက်လာသည့်ခေတ်နှင့်အညီ ဆေးကောင်စီကိုလည်း မူပြင်ဆင်သင့်ပါသည်။ ဥပမာ United States တွင် ဆ.မ ကို သက်ဆိုင်ရာပြည်နယ်မှ၊ UKတွင် General Medical Council မှ စီစစ်ခွင့်ပြုပါသည်။ အစိုးရနှင့်မသက်ဆိုင်ဘဲ အဆိုပါအဖွဲ့အစည်းများသည် ပြည်သူအကျိုးစီးပွားကို ကာကွယ်ရန်သာ ဖြစ်သည်။ ဥပမာ … ဆရာဝန်သည် မူးယစ်ဆေးဝါးသုံးစွဲလျှင်၊ လူနာများနှင့် မသင့်လျှော်သော (မဖွယ်မရာပြု)လျှင်၊ မှားယွင်းသောကုထုံးကြောင့် လူနာ နစ်နာမှုရှိလျှင် (ဆ၊မ) ပြန်သိမ်းပါသည်။ လူနာများကို ဆက်လက်အန္တရာယ် မပေးနိုင်ရန်ဖြစ်သည်။ သို့သော် အစိုးရနှင့် မသက်ဆိုင်သော Independent Organization ဖြစ်သဖြင့် … ဥပမာ- သမ္မတအိုဘားမားမှ ဝန်ကြီးချုပ်ကင်မလွန်မှ ဆရာဝန်မောင်ဘကို အစိုးရမကောင်းကြောင်းပြောသဖြင့် ဆမ ပိတ်ရန် တောင်းဆိုလျှင် လက်ခံစဉ်းစားမည်ပင် မဟုတ်ပါ။
အတင်းအကြပ်အလုပ်ဝင်စေခြင်းသည် ခေတ်အဆက်ဆက် မအောင်မြင်ခဲ့ပါ။ အကယ်၌ အစိုးရအလုပ်သာ (ရှည်ရှည်ဝေးဝေးမကြည့်ပါနှင့်၊ ကြယ်ငါးပွင့်သင်္ဘောံသား အလုပ်နှင့် နှိုင်းယှဉ်ကြည့်ပါ) ထမင်းဝအောင် ကျွေးနိုင်ပါက၊ ဝန်ထမ်းများကို ခြေချုပ်ဖြင့်ထားသည့်ဥပဒေပင် လိုမည်မထင်။ သင်္ဘောံသားအလုပ်ကို လူအများ အလုအယက် ဝင်ကြသည်သာ ကြားသိရ၏။ သင်္ဘောံသားများ အလုပ်ခွင်တွင်မပျော်သဖြင့် ထွက်ပြေးကြသဖြင့် Black List တွင် ထည့်သွင်းတားမြစ်သည်ကိုတော့ မကြားမိသေးပါ။ ပြင်ပနှင့် တန်းတူလခ မပေးနိုင်လျှင်ပင် ဘွဲ့လွန်ပြည်ပပညာတော်သင် စသည်ဖြင့် သင့်တော်သောချီးမြှောက်မှု ရှိခဲ့လျှင်၊ အဂတိကင်းသော နေရာချထားမှုသာရှိခဲ့လျှင် ယခုထက် များစွာ တိုးတက်နေလေပြီ။
တကယ်တော့ ယခုကဲ့သို့ မြန်မာကျန်းမာရေးတွင် လိုအပ်ချက်များစွာ ရှိနေချိန်တွင် အစိုးရ၊ ပြင်ပ မခွဲခြားဘဲ လူသားအရင်းအမြစ်ရှိသမျှ အသုံးချသင့်သည်။
Myanmar Times ဆောင်းပါးအရ ဖော်ပြရလျှင် မြန်မာလူဦးရေ သန်း ၆၀ အတွက် ဝန်ထမ်းဆရာဝန် ၅,၃၈၁ သာ ရှိသည်။ (ဆမ ကုသခွင့်ရှိသူ ၃၀,၀၀၀ ရှိသည်ဟု သိရပါသည်။) ပြည်သူ ၁၀,၀၀၀ ကျော် အတွက် ဆရာဝန် ၁ ယောက်နှုန်းဖြစ်သည်။ အထူးကုများ အခြေအနေကတော့ ပိုမိုဆိုးဝါးပါသည်။ မြန်မာတနိုင်ငံလုံးအတွက် ဦးနှောက်အာရုံကြော Neurologist ၁၅ ယောက်သာ ရှိသည်။ ထို့ကြောင့် လွှတ်တော်တွင် ပြည်ထောင်စုအမတ်က တိုင်းဆေးရုံတွင် အထူးကုများ စေလွှတ်ပေးရန် ကျန်းမာရေးဝန်ကြီးကို တောင်းဆိုသောအခါ မဖြစ်နိုင်ကြောင်း သိရှိရသည်။
ကျွန်ပ်ကျောင်းသားဘဝက ဦးနှောက်အာရုံကြော ခွဲစိတ် Neuro-Surgeon များနှင့် ပညာသင်ဖူးသည်။ တနိုင်ငံလုံးပေါင်းမှ ၉ ယောက်သာ ရှိသဖြင့် ဆရာများခမြာ ရန်ကုန်၊ မန္တလေးတွင် တနေကုန်ထိုင်ပြီး လာသမျှလူနာကို ခွဲစိတ်ရသည်။ အခြားမြို့ကြီးများတွင် ဦးနှောက်အာရုံကြော အရေးပေါ် လိုအပ်လျှင်တော့ ကံမ္မသကာပင်။ ကျန်းမာရေးဌာန Budget သိသိသာသာ မတိုးပေးနိုင်သေးသရွှေ့ ဝန်ကြီးကို ထုထောင်းလျှင်လည်း ဘာမျှမလုပ်ပေးနိုင်ပါ။
ပိုပြီးဆိုးသည်က ဆေးကျောင်းမှ အောင်မြင်ပြီးနောက် (တနှစ်၂၀၀၀ ခန့်) အစိုးရအလုပ် ဝင်လိုလျှင်ပင် နေရာမရှိသဖြင့် စောင့်ဆိုင်းနေရသူ ၆၀၀၀ ခန့်ရှိသည်။ သည်လူငယ်များ၏ နောင်ရေး အစိုးရမှ မည်သို့ စီစဉ်ခဲ့ပါသနည်း။ မည်သို့စီစဉ်လိုပါသနည်း။ အလုပ်မပေးနိုင်မည့်အတူတူ ဆေးကုသခွင့် ဆမ ထုတ်ပေးကာ ပြင်ပဆေးကုသခွင့် ပေးကာ စောင့်ဆိုင်းစေလျှင် အစိုးရအတွက် အကျိုးယုတ်စရာ မမြင်မိပါ။ အမြင်ကျယ်သင့်ပါပြီ။ ၃ – ၄ နှစ်ဆိုသည်မှာ ဘဝတွင် တန်ဖိုးရှိလှပါသည်။
သို့ဖြစ်ပါသဖြင့် Private Sector ဆေးရုံဆေးခန်းများကို ပိုမိုအားပေးသင့်သည်။ ပိုက်ဆံရှိသူများ ထိုဆေးရုံများသို့သွားလျှင် အစိုးရဆေးရုံတွင် နွမ်းပါးသူများကို ပိုမို ကူညီနိုင်မည်။ လက်ရှိအချိန်တွင်လည်း တတ်နိုင်သည့်သူများ နိုင်ငံခြားထွက် ဆေးကုကြသည်။ Major Player မဟုတ်သော ထိုင်းနိုင်ငံဆေးရုံတခုကပင် မြန်မာများ တနှစ်လျှင် ဒေါ်လာ သန်း ၃၀၀ ကျော်သုံးသွားကြောင်း သိရှိရသည်။ သို့ဖြစ်ရာ စုစုပေါင်းလိုက်လျှင် Singapore, Thailandတွင် တနှစ် ဒေါ်လာ ၁ကုဋေမက သုံးသည်ဟု ထင်ပါသည်။ ထိုဆေးရုံများ အလွန်ဖော်ရွေကြပါသည်။ မြန်မာစကားတတ်သူများနှင့် လေဆိပ်တွင် လာကြိုသည်။ Medical Tourismကို ပညာယူသင့်သည်။ သို့သော် နိုင်ငံသားများ သုံးစွဲသောဒေါ်လာများမှာ Singapore, Thailand၏ ဝင်ငွေဖြစ်သွားသည်ကို မြင်စေလိုသည်။
ထို့ကြောင့် မြန်မာလူနာများ၏ positive experience ရှိခဲ့ဖူးသည့် Singapore, Thailandမှ အဆင့်မြင့်ဆေးကုသမှုများကိုလည်း မြန်မာနိုင်ငံတွင် ပိုမိုဖြစ်မြောက်လာရန် အားပေးသင့်သည်။ ထိုနိုင်ငံများမှ ဆရာဝန်ကြီးများ လာရောက်ကာ ဆေးကုသပေးနေသဖြင့် လူနာရှင်နှင့် မိသားစုပါ ခရီးစရိတ် သက်သာစေနိုင်သည်။ ပြင်ပဆေးရုံများ များပြားတိုးတက်လာပါက ထိုင်စောင့်နေရသောလူငယ်များလည်း ဝါသနာပါရာ ဆေးကုခွင့်၊ ပညာရှာခွင့်ရမည်။ အစိုးရအနေဖြင့်လည်း ပြင်ပဆေးရုံထံမကဘဲ အလုပ်လုပ်သူဆရာဝန်၊ ဝန်ထမ်းများထံမှ အခွန်ပိုမိုရမည်။
အထက်တွင်ဖော်ပြခဲ့သည့် တနှစ် ဒေါ်လာ ၁ ကုဋေကို လုံးဝဆုံးရှုံးနေရာမှ အချို့ပြန်ရလျှင်ပင် မဆိုးလှပါ။ အစိုးရအခွန်ပိုရလျှင် ပြည်သူကျန်းမာရေး၊ ပညာရေးအတွက် ပိုမိုသုံးနိုင်မည်။ “သားရွှေအိုး ထမ်းကိန်း” ပင်။
သည်အချိန်တွင် ကန့်သတ်ခံ ဆရာဝန်များ၊ မိမိအပြစ်ကြောင့်မဟုတ်ဘဲ ထိုင်စောင့်နေရသည့် အောင်ခါစ ဆရာဝန်များကို (ဆမ) ပေးကာ ပြင်ပဆေးခန်း ထိုင်ခွင့်ပေးလျှင် အပ်ပုန်း၊ ရမ်းကုများထက် အနည်းဆုံး (အများကြီး) သာမည်။
ဆေးခန်းမထိုင်ဘဲ NGO အလုပ်ဝင်ခါ ရောဂါကာကွယ်ရေးလုပ်ခွင့်ပေးလျှင် တိုင်းပြည်မည်သို့မျှ အကျိုးမယုတ်သွားပါ။ (ဆမ) ရှိသဖြင့် ဆေးပေးဝေစဉ် စမ်းသပ်ကုသမှု လုပ်နိုင်မည်လည်း ဖြစ်သည်။ ထိုသူများကို အစိုးရအလုပ်မဝင်သော၊ ဒေါ်လာစားများ ဟု ရန်မမူသင့်ပါ။ ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် လုပ်ခွင့်ပေးသင့်သည်။ (အထက်တွင်ဖော်ပြပြီး)။
Reference:
1)http://www.mmtimes.com/index.php/national-news/1481-young-doctors-face-job-shortage.html
2)http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F10%2F10%2Fid-4652
3)စာရင်းအပြည့်အစုံကိုကြည့်ရှုရန်http://www.president-office.gov.mm/zg/?q=briefing-room/news/2013/10/10/id-4666
4)https://www.facebook.com/drmaungmaungoo/posts/579016795489661