Op-Ed

Maung Wuntha – Sixteen Thousands Problems in Burma

သောင်းခြောက်ထောင်မက ပြသနာတွေ(မောင်ဝံသ)

by Maung Wuntha (Notes) on Monday, June 10, 2013 at 9:07am

ပြည်သူ့ခေတ်ဂျာနယ် ၁၃ ၀၆ ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
 ကျွန်တော့်ဆောင်းပါးတွေအဆုံးမှာ စာပြီး ရက်စွဲနဲ့ ကျွန်တော့် အီးမေးလ် လိပ်စာ အမြဲတမ်းဖော်ပြခဲ့တာ သတိထားမိကြမယ်ထင်ပါတယ်။ အမေရိကန်သတင်းစာ တွေက ဆောင်းပါးရှင်တချို့နဲ့ နိုင်ငံရေးသမားများ သူတို့ရဲ့ စာတို့ ကြေညာချက် တို့ အဆုံးမှာ အီးမေးလ်နဲ့ ဖုန်းနံပါတ် ဖော်ပြကြတဲ့ ဓလေ့ကို သဘောကျလို့ အတုခိုးခဲ့တာပါ။ သူတို့ဆီက သတင်းစာ ဆောင်းပါးရှင်တွေက စာဖတ်ပရိသတ် ဆီက တုံ့ပြန်သံတွေကို တိုက်ရိုက် ကြားသိနိုင်အောင် ရည်ရွယ်ပါတယ်။ နိုင်ငံရေးသမား၊ အမတ်၊ မြို့တော်ဝန်၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေကျတော့ သူတို့နဲ့သက်ဆိုင်တဲ့ နယ်မြေဒေသထဲက ပြည်သူလူထုအနေနဲ့ သူတို့ဆီ တိုက်ရိုက် ဆက်သွယ် နိုင်အောင် ရည်ရွယ်ကြပါတယ်။ သူတို့ဆီ အဲသလို တိုက်ရိုက်ဆက်သွယ်ပြောဆိုကြတာကို ဌာနတစ်ခုဖွင့်ပြီး သေချာမှတ်တမ်း တင်ပါတယ်။ တင်ပြချက်တွေရဲ့ အကျဉ်းချုပ်တွေကို သက်ဆိုင်ရာ အတွင်းရေးမှူး တွေက အမတ်မင်းများထံ တင်ပြကြရပါတယ်။ သူတို့ဆီ တိုက်ရိုက်ဆက်သွယ်တဲ့ ပြည်သူဦးရေ များရင် များသလို အင်မတန်မှ ဂုဏ်ယူကြပါတယ်။ မကျေနပ်ချက် တွေ တင်ပြကြတာကို နားပူတယ်လို့ သဘောမထားဘူး။ ပြသနာရဲ့ ဇာစ်မြစ် ပေါ်အောင် ထိထိရောက်ရောက်စုံစမ်းပြီး ဖြေရှင်းပေးပါသတဲ့။ ဖြေရှင်းပြီး သမျှကိုလည်း တိုင်ကြားတဲ့ ကာယကံရှင်ထံ မပျက်မကွက် အကြောင်းပြန်ကြား သတင်းပို့ ပါသတဲ့။
စာဖတ်သူတို့ရဲ့ အမြင် သဘောထားတွေ
    ကျွန်တော်နဲ့ သက်ဆိုင်တာတချို့ကို ပြောရရင် စာဖတ်ပရိသတ် များထံက ကျွန်တော့်ဆီကို အီးမေးလ်နဲ့ စာတွေလာတတ်ပါတယ်။ ကျွန်တော်ရေးလိုက်တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ သူတို့ အမြင် သူတို့သဘောထားကို ပြောပြီး ထောက်ခံခြင်း၊ ဝေဖန်ခြင်းပြုကြတာ ဖြစ်ပါတယ်။ ကျွန်တော့်ကျန်းမာရေးကိစ္စ ဖြစ်ပေါ်ပြီးချိန်မှာတော့ မေတ္တာ၊ ကရုဏာ၊ စေတနာ ထားကြသူများထံက ဆုတောင်းမေတ္တာပို့သတဲ့ စာတွေ အတော်များများ လာခဲ့ပါတယ်။ ကျွန်တော့်ဆောင်းပါးတွေကို ပြည်သူ့ခေတ်မှာ ဖော်ပြပြီးရင် ပုံမှန်အတိုင်း Face book တင်ပါတယ်။ အဲဒီအခါကျရင်တော့ ပိုပြီး ထောင့်စုံတဲ့ အမြင်တွေနဲ့ ပါဝင်ဆွေးနွေးမှုတွေနဲ့ comment တွေ တက်လာတတ်ပါတယ်။
ကျောမွဲတွေနဲ့ ရင်ကြားစေ့ရေး
    ခုတစ်လော ကျွန်တော့်ထံ အီးမေးလ်နဲ့ ပို့တဲ့ စာတချို့မှာ တိုင်းရေး ပြည်ရေးတွေ အများဆုံးပါနေတာ တွေ့ရပါတယ်။ စာရေးသူတချို့က သူတို့ ဘယ်သူဘယ်ဝါဆိုတာ ပြောပေမယ့် တချို့က မပြောပါဘူး။ တူညီတာကတော့  စိတ်ပျက်လက်ပျက်ငြီးတွားနေကြတာပါပဲ။ အစိုးရက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်နေပြီလို့ ပြောခဲ့တာ နှစ်နှစ်ရှိပါပြီ၊ ခုထိ ကျွန်တော် ကျွန်မတို့မှာ ဘာမှ မထူးခြားရုံမကဘဲ  ဆင်းရဲနွမ်းပါးတဲ့အဆင့်ကနေ ဆင်းရဲမွဲတေတဲ့အဆင့်အထိ ကျဆင်းကုန်ပါပြီလို့ ၀မ်းနည်းပက်လက် ရေးကြပါတယ်။ စာတစ်စောင်ကတော့ နည်းနည်းတောင် ဘေးရောက် သွားလေသလားပဲ။ ]]နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေးတွေ၊ နိုင်ငံတကာ စင်မြင့်ပေါ် ပြန်တက်နိုင်ရေးတွေ ပြောမနေပါနဲ့၊ ဘယ်အစိုးရ တက်တက် မျောက်လောင်းဘ၀က မတက်နိုင်တဲ့ ကျုပ်တို့ ကျောမွဲ ပြည်သူတွေနဲ့လည်း ပြန်လည် ရင်ကြားစေ့ရေးလုပ်ဖို့ မစဉ်းစားတော့ဘူးလား}}လို့ ရေးလိုက်ပါတယ်။
လက်ရှိတိုင်းပြည်အခြေအနေ
    ယခင် ၀န်ကြီးချုပ်ကြီး ဦးနု ပြောတတ်တဲ့ စကားလုံးတစ်ခု သတိရမိပါတယ်။ ]]ပြသနာပေါင်း သောင်ခြောက်ထောင်}}တဲ့။ ကျွန်တော် လက်ရှိအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနေရာက စဥ်းစားကြည့်တယ်။ လက်ရှိတိုင်းပြည်အခြေအနေက ပြသနာပေါင်း သောင်းခြောက်ထောင်လို့ ပြောရင် နည်းတောင်နည်းသေးတယ်လို့ ပြောစရာ ဖြစ်နေပြီထင်တယ်ဗျာ။
    စားရမဲ့သောက်ရမဲ့ဖြစ်ရုံမက နေစရာ ကျောတစ်ခင်းစာတောင် မရှိအောင် ဆင်းရဲတွင်းနက်နေတဲ့ မြို့ပြ လက်လုပ်လက်စားများရဲ့ ပြသနာ၊ လုပ်ခလစာနဲ့ ဘယ်လိုမှ မလောက်ငလို့ စာရိတ္တပျက်ယွင်းမှုတွေပါ ဖြစ်ပွားနေတဲ့ အောက်ခြေအစိုးရ၀န်ထမ်းနဲ့ စက်ရုံ အလုပ်ရုံ အခြေခံ လုပ်သားများ ပြသနာ၊  လယ်ယာမြေအသိမ်းခံရခြင်းနှင့် ပဋိပက္ခမှုများ၊ မြစ်ဆုံတစ်ကျော့ပြန်အန္တရာယ်နဲ့ လက်ပံတောင်းတောင်၊ ဦးပိုင်၊ တရုတ်၊ ရခိုင်၊ ဓာတ်ငွေ့ပိုက်လိုင်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ၀ပြည်နယ်ပြသနာ၊ တရုတ်နှင့်ဆက်ဆံရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတား၊ အခြေခံအဆောက်အအုံပမာဏ။
    ကျွန်တော်ဖြင့် ခေါင်းစဉ်တွေလိုက်စဉ်းစားကြည့်ရင်းတောင် ရင်တလှပ်လှပ် ဖြစ်မိတယ်ဗျာ။
ဒီမိုကရေစီမှာ ဒဏ်ရာတွေနဲ့    
      ကျွန်တော်တို့နိုင်ငံမှာ စစ်အစိုးရအဆက်ဆက်က နာမည်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလက နှစ်ငါးဆယ်ရှိပါတယ်။ အဲဒီကာလရဲ့ ရှေ့မှာရှိခဲ့တဲ့ ဒီမိုကရေစီ အရပ်သားအစိုးရအုပ်ချုပ်တဲ့ခေတ်ဆိုတာက ၁၄ နှစ်ပဲ ရှိခဲ့တာပါ။ ဒါတောင်မှ အဲဒီထဲမှာ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရအုပ်ချုပ်တဲ့ ၂နှစ်ကို ဖယ်လိုက်ရင် ၁၂နှစ်ပဲ ကျန်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီကာလဟာလည်း ဒီမိုကရေစီခေတ်ဆိုပေမယ့်” ရောင်စုံသူပုန်” တွေ အစပျိုးခဲ့တဲ့ ပြည်တွင်းစစ်ကြီးကြောင့် ဒီမိုကရေစီဟာ ဒဏ်ရာမျိုးစုံရပြီး သွေးအလူးလူးနဲ့ နေခဲ့ရတာပါ။
မူပြောင်းတယ်ဆိုတာ ဟုတ်ရဲ့လား
     ဒါကြောင့် လွတ်လပ်ရေးသက်တမ်း ၆၅နှစ်သာ ရောက်လာ တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဟာ အခုအထိ ဥမမယ် စာမမြောက်ပိုးတုံးလုံးကောင်ဘ၀ မှာပဲ ရှိနေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေက ဦးစီးကြီးမှူး အကောင်အထည်ဖော်နေတဲ့ ဒီမိုကရေစီဆိုတာကို မယုံသင်္ကာဖြစ်သူတွေ ရှိနေသေးတာ သဘာဝကျပါတယ်။ လူတွေက မပြောင်းတဲ့အတွက် သူတို့တစ်တွေ မူပြောင်းတယ်ဆိုတာ တကယ် ရော ဟုတ်ရဲ့လားလို့ သံသယပွားစရာတွေ ရှိလာတာ သဘာဝပါပဲ။ လူရော မူရော ပြောင်းမှ ပြောင်းလဲမှုစစ်စစ်လို့ လူများစုက လက်ခံချင်ကြတာ လောကရဲ့ ဓမ္မတာတစ်ခုပါပဲ။ အထူးသဖြင့် ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးဆိုသလို အမြီးနုတ် ခေါင်းနုတ် ဒီမိုကရေစီနဲ့လည်း ကြုံခဲ့ဖူး၊ သုည ဒီမို ကရေစီနဲ့လည်း တိုးခဲ့ဖူးတဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အထူးသဖြင့် အဲဒီ ထဲက အတိုးတက်ဆုံးအလွှာလို့ ဆိုရမယ့် နိုင်ငံရေးသမားနဲ့ ပညာတတ်အင်အား စုတွေက ]ရေမရောတဲ့ ဒီမိုကရေစီ} ဆိုတဲ့ တောင်းဆိုချက်နဲ့ လက်ရှိအစိုးရကို မျက်စိဒေါက်ထောက် ကြည့်ပြီး ဆန်းစစ် သုံးသပ်ချင်နေကြတာ သိပ်ကို ကျိုး ကြောင်း ဆီလျော်ပါတယ်။
ပြဒါးတစ်လမ်း သံတစ်လမ်း
    အဲသလိုမျိုး မျက်တောင်မခတ်ကြည့်နေကြတဲ့ မျက်လုံးတွေအောက် မှာ တော်ရုံတန်ရုံ အရပ်သားအစိုးရစစ်စစ်ဆိုရင်တောင် အနေရခက်မှာ ဖြစ်ပါ တယ်။ သူတို့ကိုယ်တိုင်က ဒီမိုကရေစီစနစ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်တဲ့ အမိန့်ပေး အမိန့်ခံစနစ်အောက်မှာ နှစ်ပေါင်းများစွာ ရှင်သန် လှုပ်ရှားလာခဲ့ကြ ရတဲ့ လက်ရှိအစိုးရခေါင်းဆောင်တွေအဖို့ သံသယ အစွဲ ကြီးမားသူတွေ အပါ အ၀င် ပြည်သူတွေရဲ့ စီစီတီဗွီမျက်လုံးတွေအောက်မှာ ဘယ်လောက် အသက်ရှု ကျပ်လိုက်မလဲဆိုတာကို တွေးပြီး ကိုယ်ချင်းစာမိပါတယ်။
ပြောချင်တာပြော လုပ်ချင်တာလုပ်
    စစ်အစိုးရတွေ အုပ်ချုပ်တဲ့ခေတ်မှာ စစ်အရာရှိကြီးတွေဟာ စကားကို ပြောချင်သလို ပြော၊ အလုပ်ကို လုပ်ချင်သလို လုပ်နိုင်ကြပါတယ်။ ပြောလည်း ပြော လုပ်လည်း လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို ပြည်သူတွေ မပြောနဲ့ သူတို့ လက်အောက် အဆင့်ဆင့်က စစ်အရာရှိတွေကတောင် တုံ့ပြန် ပြောဆိုဖို့ နေနေသာသာ မျက်မွေးထော် မော်ကြည့်ဝံ့ခဲ့ကြတာ မဟုတ်ပါဘူး။ တော်လှန် ရေး ကောင်စီခေတ်အစ မဆလ ခေတ်အလယ်၊ န-အ-ဖ ခေတ်အဆုံး ကိုယ့် အထက်အရာရှိရဲ့ သဘောထားနဲ့ မတူညီတဲ့ ကိုယ့်သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့လို့ ]ဖြုတ်ထုတ်} ခံခဲ့ကြရတဲ့ စစ်အရာရှိကြီးတွေ မနည်းမနောရှိခဲ့တာ အားလုံးအသိပါ။
လျှပ်စစ်ပိုလျှံတယ်ဆိုတဲ့အမြင်
    ]ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်} လို့ ကိုယ်က လည်း အထက်က ညွှန်ကြားတာ ခံခဲ့ရ၊ ကိုယ်ကလည်း အောက်ကို အလားတူ ညွှန်ကြားခဲ့တဲ့ စစ်အရာရှိကြီးတွေထဲကအချို့ဟာ သူတို့ကိုယ်တိုင် ဒီမိုကရေစီကို ဦးဆောင် အကောင်အထည်ဖော်ရတဲ့ခေတ်လည်း ရောက်ရော ဒုက္ခများကုန်ကြ တော့တာပါပဲ။ တစ်နိုင်ငံလုံး လူဦးရေရဲ့ အင်မတန် နည်းပါးတဲ့ အစိတ်အပိုင်းသာ လျှပ်စစ်မီးရနေကြတဲ့အခြေအနေမှာ ]ကျွန်တော်တို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား တွေ ကုန်အောင်တောင် မသုံးနိုင်ပဲ ပိုလျှံနေလို့ နိုင်ငံခြားကို ရောင်းနေရတာပါ} လို့ ပြောတဲ့သူက ပြော၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်တာ ကို တစ်ပြည်လုံးက လက်ခုပ်သြဘာပေးနေကြချိန်မှာ ]အဲဒါသမတရဲ့ ဆုံးဖြတ် ချက်သာ ဖြစ်တယ် ကျွန်တော်တို့အားလုံးရဲ့ သဘောထားမဟုတ်ဘူး} လို့ ပြော တဲ့သူက ပြော၊ လယ်သမားတွေ ထမင်းတစ်နပ်ပဲ စားပြီး အကြွေးကျေအောင် ဆပ်သင့်တယ်၊ ကြွေးမကျေရင် သံသရာမှာ ခံရမယ်} လို့ ပြောတဲ့သူက ပြောနဲ့ ကိုးရို့ကားယား မထော်မနမ်းတွေ ထွက်ပေါ်လာပါတော့တယ်။
    စစ်ဗိုလ်ချုပ်ကြီးတွေ ဦးစီးကြီးမှူး အကောင်အထည်ဖော်နေတဲ့ ဒီမို ကရေစီဟာ စင်းလုံးချော တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကို ကျွန်တော်တို့ ပြည်သူတွေက မျှော်လင့်ထားပြီးသားပါ။ အမိန့်ပေး အမိန့်ခံစနစ်နဲ့ တစ်လျှောက်လုံး ယဉ်ပါးလာသူတွေအဖို့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ပြောမှား ဆိုမှား လုပ်မှား ကိုင်မှားတွေ ရှိနိုင် တယ်ဆိုတာကို မျှော်လင့်ထားကြပြီးသားပါ။ ဒီအပိုင်းက သိပ် အရေးမကြီးပါဘူး။
ပြသနာကို ပြသနာမှန်းသိဖို့
    သည်ဆောင်းပါးမှာ ကျွန်တော်အဓိက ပြောချင်တာကတော့ ပြသနာကို ပြသနာမှန်းသိဖို့၊ ပြသနာအဖြစ်လက်ခံဖို့ပါပဲ။ တချို့က ပြသနာကို သိတယ်။ ပြသနာရှိနေမှန်းလည်း သိတယ်။  သို့ပေမယ့် သူ့အထက်က ပုဂ္ဂိုလ်က ဒါတွေဟာ ပြသနာ မဟုတ်ဘူး၊ ပြသနာတွေ မရှိဘူးလို့မှတ်လို့ မိန့်တော်မူလိုက်တာနဲ့ သူကလည်း ကျုပ်တို့ဆီမှာ ဘာပြသနာမှ မရှိပါဘူးလို့ ဗလောင်းဗလဲ ချက်ချင်း ပြောဖို့ ၀န်မလေးတတ်တာတွေ တွေ့ဖူးပေါင်းများ နေပြီမို့ပါ။
    ပြသနာရှိရင် အဖြေရှိပါတယ်။ အနာသိရင် ဆေးရှိပါတယ်။  ပြသနာမရှိဘူးလို့ မျက်စိမှိတ်ငြင်းနေသမျှတော့ ဘယ်တော့မှ အဖြေတွေ့မှာ မဟုတ်ပါကြောင်း။
၀၉ ၀၆ ၂၀၁၃
maungwuntha@gmail.com   

    (Photo – RFA)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts