News Features Nyein Chan Aye

ဓာတ်ပုံများက ပြောနေသည် (Nyein Chan Aye)

ဓာတ်ပုံများက ပြောနေသည်
ငြိမ်းချမ်းအေး၊ အောက်တိုဘာ ၁၂၊ ၂၀၁၃
Photo by Hong Sar Subnaen
ဓာတ်ပုံကနေ မြင်စေချင်
“Photography helps people to see” ဆိုတဲ့ အမေရိကန် နာမည်ကြီး ဓာတ်ပုံဆရာမ တယောက် စကားကို ဓာတ်ပုံကောင်းကောင်းလေးတွေ တွေ့တိုင်း မကြာခဏ ထုတ်နှုတ်ပြောမိတယ်။  တကယ်တော့ ဓာတ်ပုံရယ်မှ မဟုတ်ပါဘူး။  ကဗျာ တပုဒ်၊ စာ တပုဒ်၊ သီချင်း တပုဒ်၊ ရုပ်ရှင်ကားကောင်း တခု စတဲ့ အနုပညာ ဖန်တီးမှု တခုခု ဟာ လူတွေကို သိစေ၊ မြင်စေတယ်။  မြင်နိုင်တဲ့ မျက်လုံးများ ရှိပါလျက်၊ ခံစားနားလည်နိုင်တဲ့ နှလုံးသား ရှိပါလျက်၊ တွေးတောဆင်ခြင်နိုင်တဲ့ ဦးနှောက် ရှိပါလျက် မမြင်နိုင်၊ မခံစားနိုင်၊ မဆင်ခြင် နိုင် အမိုက်ဖုံးနေတဲ့ မျက်စိ၊ မာကျောနေတဲ့ နှလုံးသား၊ ခေါင်းပါးနေတဲ့ ဆင်ခြင်ဉာဏ် ကို ရသ နဲ့ အတတ်ပညာ ပေါင်းစပ်ပြီး ထုတ်လုပ်လိုက်တဲ့ အနုပညာ ကြားခံပစ္စည်း အကူအညီ ယူ ဖွင့်ပေးလိုက်တဲ့အခါမှာ သိမြင် ခံစား နားလည် ဆင်ခြင်နိုင်စွမ်း ဖြစ်ပေါ်စေတယ်။  ဒါဟာ အနုပညာ ပစ္စည်းတခု က လူသားတွေကို ပေးနိုင်တဲ့ အား၊ ရသ အစွမ်းပဲ ဖြစ်တယ်။
ဗမာ့လူမှုအသိုင်းအဝန်း အနေနဲ့ ယခင် ကထက် Online Social Media တွေကို ပိုမို အသုံးပြုလာတဲ့ မျက်မှောက်ခေတ်မှာ ဆိုခဲ့တဲ့ “Photography helps people to see.” စကားလေး အစား “Photography helps people to be seen.” ဆိုတဲ့ စကားလေးကိုပဲ အမြဲလိုလို စိတ်ထဲမှာ တီးတိုး ရေရွတ် ပြောဖို့ ဖြစ်လာခဲ့ရတယ်။
“Photography helps people to be seen.” သဘော နီးစပ် က တကယ်တော့ ပညာရပ်ဆိုင်ရာ အနေနဲ့ တည်ရှိခဲ့တာ ကြာပါပြီ။
ခေတ်သစ် ဆယ်သွယ်ရေး စနစ် လူမှုကွန်ရက် စာမျက်နှာ Online Social Media များ စတင် ထွန်းကားလာချိန်၊ Web နည်းပညာ ဖြစ်ပေါ်တိုးတက်လာခဲ့မှု သမိုင်း နဲ့ ဆိုရရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် အချိန် က စလို့ စတင် တည်ရှိလာခဲ့တဲ့ သမားရိုးကျ သတင်းအချက်အလက်ကိုသာ အသေ Static ဖော်ပြပေးတဲ့ Web ပထမမျိုးဆက်။ နောက်တော့ နည်းပညာခေတ်အလွန် Web ဒုတိယမျိုးဆက်အစ။ ပြီးတော့ Online ဖန်တီးသူ Creators များသာမက အသုံးပြုသူ (Web နည်းပညာ၊ ပညာရှင် ဖြစ်စရာ မလိုတဲ့ သာမန်) Users များပါ အလွယ်တကူ အပြန်အလှန် ပါဝင် လှုပ်ရှားနိုင်တဲ့ Web နည်းပညာ တွေ ဖြစ်တဲ့ Blogs, Wikis, Social Networking Sites တွေ၊ YouTube လို ဗွီဒီယိုဖိုင် ဖြန့်ဝေလို့ရတဲ့ နည်းပညာ ကွန်ရက်စာမျက်နှာတွေ ဖြစ်လာပါတယ်။
အဲသည်လို ခေတ်အဆင့်ဆင့်ထွန်းကား လာချိန်မှာ ပြောင်းလဲလာတဲ့လူမှုဆက်သွယ်ရေးသဘော ကို ပညာရပ်ဆိုင်ရာ ဆွေးနွေးသုံးသပ်ရာမှာ “to see and be seen.” ဆိုတဲ့ ကဏ္ဍ တခုလည်း ပါခဲ့တယ်။
သူများကို မြင်စေချင်တာနဲ့ ကိုယ့်ကို မြင်စေချင်တာ
ဆိုလိုချင်တဲ့ သဘော က ဆိုခဲ့တဲ့ ဒုတိယ မျိုးဆက် Web နည်းပညာကို အသုံးချပြီး အောင်မြင်ကျော်ကြား ထင်ရှားသူ Celebrities များ၊ စီးပွားရေး လုပ်ငန်းကြီးများ၊ လူမှုရေး၊ နိုင်ငံရေး သမားများ ဟာ မိမိတို့ ရဲ့ ပုံရိပ် Image ကို မြှင့်တင်ရာမှာ အသုံးပြုနိုင်တယ်၊ မိမိ ပရိသတ်ရဲ့ အင်အားကို သိနိုင်၊ မြင်နိုင်၊ ခန့်မှန်းနိုင်တယ်၊ လူအများ နဲ့ ထိတွေ့နိုင်တယ်၊ မိမိ ကိုယ် မိမိ မြင်သာအောင် လုပ်နိုင်တယ် ဆိုတဲ့ သဘောပါပဲ။  ဥပမာ – နာမည်ကြီး Celebrities များ  မိမိတို့ရဲ့ ပရဟိတ လူမှုရေး အလုပ်တွေ အကြောင်း ဓာတ်ပုံတွေကို ကိုယ်ပိုင် Socia Media တခုခု မှာ တင် လူထု၊ ပရိသတ် ကို အသိပေးရင်းနဲ့ မိမိ နာမည်ကို မြှင့်တင်တာမျိုး ပေါ့။
ဗမာပြည် လူမှုအသိုင်းအဝန်းက Online အသုံးပြုသူ လူအများ (Netizens များ အားလုံး၊ Celebrities ချည်းပဲ မဟုတ်) လူမှုကွန်ရက် စာမျက်နှာတွေကို ကျယ်ကျယ်ပြန့် ပြန့်  သုံးလာတဲ့ လက်ရှိခေတ်မှာတော့ ဆိုခဲ့သလိုပဲ “Photography helps people to see.” စကားလေး နေရာမှာ “Photography helps people to be seen.” ဆိုတဲ့ စကားကိုပဲ အမြဲလိုလို ရွတ်ဖို့ ဖြစ်လာခဲ့ရတယ်။
အကြောင်းက လူသာမန် အများ ဟာ မိမိ ပုံရိပ် ကို မြှင့်တင်ဖို့ ဆိုတဲ့ သဘော မလိုတော့ လူမှုကွန်ရက်စာမျက်နှာတွေကို ပုဂ္ဂလိက Personal အနေနဲ့ အသုံးပြုရာမှာ ဓာတ်ပုံတွေကို အသုံးပြုရင်းနဲ့ မထင်မှတ်ဘဲ (မရည်ရွယ်ဘဲ) မိမိရဲ့ “ပကတိ သဘော” တွေကို လှစ်ဟ ပြသလို ဖြစ်သွားတတ်တယ်။  အဲဒီအခါမှာ ဆိုခဲ့တဲ့ “Photography helps people to be seen.” ဆိုတဲ့ စကား ကို တီးတိုး ရွတ်ဖို့ ဖြစ်လာခဲ့ရပါတယ်။
(စကားချပ် – အခုတော့ တီးတိုး မဟုတ်ဘဲ အားလုံး သိနားလည်၊ မြင်နိုင်အောင်၊ သတိပြုနိုင်အောင် ခပ်ကျယ်ကျယ် ရွတ်၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလိုက်ပါတယ်။  စာဖတ်သူများ အပြုသဘော ဆိုလိုချင်တာကို နားလည်နိုင်ဖို့ မျှော်လင့်ပါတယ်။)
Facebook လို လူမှုကွန်ရက်စာမျက်နှာ ကို မိတ်ဆွေ အဟောင်း၊ အသစ် များ နဲ့ ဆက်သွယ်ဖို့၊ ဝါသနာပါ ရာ အကြောင်း ကိစ္စ တွေကို ရင်ဘတ်တူ မိတ်ဆွေများ နဲ့ ဆွေးနွေးဖလှယ်ဖို့၊ မျက်မှောက် ရေးရာ သတင်းများကို လက်လှမ်းမီဖို့၊ ဖလှယ်ဖို့ စတဲ့ အကြောင်း အမျိုးမျိုးအတွက် လူအများ ဟာ တကိုယ်ရေ တကာယ သဘော အသုံးပြုကြတယ်။  ဓာတ်ပုံ အသားပေး မီဒီယာ ဖြစ်တာကြောင့် ဓာတ်ပုံ တင်ခြင်း၊ ပြန်လည် မျှဝေခြင်းဟာ Facebook မှာ လူအများအတွက် နိစ္စဓူဝ ကိစ္စ ဖြစ်လာတယ်။
ဒီနေရာမှာ ပုဂ္ဂလ သဘောဆောင်တဲ့ Personal ဓာတ်ပုံ များအပြင် လူအများဟာ မိမိ စူးနစ် စိတ်ဝင်စားရာ သတင်း၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ စာပေ၊ အနုပညာ၊ ကျန်းမာရေး၊ အစားအစာ၊ ဝတ်စားဆင်ယင်မှု ဖက်ရှင်၊ ဖျော်ဖြေရေး၊ ဟာသ အစရှိတဲ့ ကဏ္ဍပေါင်းစုံ နဲ့ ဆက်စပ်ရာ၊ ကိုယ် သန်ရာ သန်ရာ ဓာတ်ပုံ များ တင်ကြ၊ ပြန်လည် မျှဝေ ကြတယ်။  ဒီလိုတင်ရင်းနဲ့ပဲ တပါတည်း တွဲလျက် တင်သူရဲ့ သဘော သဘာဝ၊ စရိုက် လက္ခဏာ၊ အမူအကျင့်၊ ဝါသနာ၊ ကိုယ်ရည်ကိုယ်သွေး ကို ပုဂ္ဂိုလ်ရေး မရင်းနှီးသူ တစိမ်းများ၊ အွန်လိုင်းမိတ်ဆွေများ က သိလာနိုင်၊ ခန့်မှန်းလာနိုင်ပါတော့တယ်။  အဲဒီမှာ “Photography helps people to be seen.” ဖြစ်လာပါတော့တယ်။  
တင်သူက အကြောင်းအရာ တခု ကို အများ သိစေချင်၊ မြင်စေချင် “to see” ဖြစ်စေချင် လို့ တင်ရင်းနဲ့မှာ မရည်ရွယ်ဘဲ တပါတည်း တွဲလျက် အကြောင်းအရာ နဲ့ တင်ပြပုံ ကြောင့် တင်သူ ဟာ မိမိ ကိုယ် မိမိ ဖွင့်ဟ ပြခြင်း “to be seen” လည်း ဖြစ်ခံရပါတယ်။  အဲဒီ အခါမှာ “ဓာတ်ပုံများက ပြောနေသည်” ဖြစ်လာပါတော့တယ်။
ဒီအချက်ကို Facebook လို လူမှုကွန်ရက်စာမျက်နှာများ သုံးစွဲသူ လူအများစု သတိထားမိနိုင်ပါတယ်။ အလွယ် သတိထားမိနိုင်တာတခုက အမြဲမပြတ် (သို့မဟုတ်) အများစု တင်နေတဲ့ အကြောင်းအရာ ကို ကြည့်ပြီး ဒီလူက စာသမား၊ ဒီလူက ရုပ်ရှင်သမား၊ ဒီပုဂ္ဂိုလ်ကတော့ ပျော်ပျော်နေတတ်သူ စသလို တင်သူရဲ့ ဝါသနာကို ခန့်မှန်းနိုင်၊ မြင်နိုင်တာ ပါပဲ။
သူများကို ဖော်ရင်း ကိုယ့်သဘောထားတွေ ပေါ်
ဒါပေမယ့် ဓာတ်ပုံများက ပြောနေတဲ့ အသံ မပါတဲ့ စကားလုံးတွေ၊ စာ မပါ တဲ့ စာကြောင်းတွေဟာ သိမြင်၊ ခံစား၊ ဆင်ခြင် နိုင်သူအတွက်တော့ ဒီသဘော ထက်ပိုတဲ့ ပုဂ္ဂိုလ် တဦးတယောက် ရဲ့ သီလကျင့်ဝတ် စရိုက် လက္ခဏာ နဲ့ ကိုယ်ရည်ကိုယ်သွေး၊ အတွေးအခေါ် ရေချိန်ကိုလည်း မြင်စေ၊ ပေါ်စေပါတယ်။  (သည်းခံပေးပါ) အင်္ဂလိပ်စကားလုံး အကူအညီ ယူ ဆိုရရင် “Character and Personality Traits” ကို ထင်းကနဲ မြင်နေရတတ်ပါတယ်။
ဒီသဘောကိုတော့ လူအများ သတိမမူမိတာ များပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အလေးဂရုမပြု ပေါ့ပေါ့ပါးပါး လက်လွတ်စပယ် ကိုယ်ပိုင် Personal မဟုတ်တဲ့ ဓာတ်ပုံတွေ၊ အထူးသဖြင့် အခြား လူပုဂ္ဂိုလ် တဦးတယောက် ပါတဲ့ ဓာတ်ပုံတွေ၊ အထူး အထူးသဖြင့် ထင်ရှားကျော်ကြားပြီးသူများ မဟုတ်တဲ့ သာမန် လူပုဂ္ဂိုလ်များ ရဲ့ ဓာတ်ပုံတွေကို လွယ်လင့်တကူ တင်နေ၊ ဖြန့်နေ၊ အသုံးပြုနေ ကြတာပေါ့။  သိပ်မကြာခင် က Facebook က အသစ်ထည့်လိုက်တဲ့ စွမ်းဆောင်ရည် Feature တခုဖြစ်တဲ့ မှတ်ချက် ပြုရာမှာပါ ဓာတ်ပုံ တွဲလျက် ဖော်ပြလို့ ရလာခြင်းဟာ ဒီသဘောကို ပို ထင်ရှားလာစေတယ်။
လူအများ ကြား ထင်ရှားကျော်ကြားပြီး “Public Figures” “Celebrities” ဓာတ်ပုံများကို အသုံးချ မှုမှာ တလွဲ အသုံးချမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှု၊ မလိုလားအပ်တဲ့ အဓိပ္ပာယ် ပေါ်စေမှု စတာတွေ အတွက် ဆွေးနွေး စရာ အကြောင်းတချို့ ရှိပေမယ့် အတိုင်းအတာ တခုအထိ လက်ခံနားလည်ပေးနိုင်ပါသေးတယ်။  ဒါပေမယ့် ဓာတ်ပုံများကို အပြောင်အပြက် (သို့မဟုတ်) တလွဲ အသုံးချ မှု ရဲ့ သားကောင် ဓားစာခံ တွေမှာ လူသာမန် တွေရဲ့ပုံတွေလည်း ပါနေတယ်။ 
အထူးသဖြင့် အသားအရောင်၊ သွင်ပြင်လက္ခဏာ၊ ရုပ်ရည် အပေါ် ကိုမူပြီး တလွဲ အသုံးချကြတယ်။  ဥပမာ – အသားအရောင် မည်းတဲ့ လူမျိုး အနွယ် တွေရဲ့ ပုံတွေ ကို ဟာသ သဘောလုပ်ခြင်း၊ ရုပ်ဆင်း အင်္ဂါ၊ ခန္ဓာကိုယ် နဲ့ ကျား/မ လိင် ကွဲပြားမှု၊ လိင်တိမ်းညွတ်မှု မတူညီမှု အစရှိတဲ့ မတူကွဲပြားခြားနားမှုတွေ အပေါ် မူတည်ပြီး ပြက်ရယ် ပြုခြင်း၊ မကောင်းတဲ့ ပုံပေါ်စေခြင်း၊ ပုံဖော်ခြင်း စတာတွေပါ။  ဒါတွေဟာ ကျင့်ဝတ် အသိ “Moral Conscience” အရ ဘယ်လို သဘော၊ ဘာ အကြောင်းပြချက်မျိုး နဲ့မှ မလုပ်အပ်ပါဘူး။
အသုံးပြုသူ၊ တင်သူ၊ ပြန်လည် မျှဝေသူ ဟာ မကောင်းတဲ့ သဘော၊ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီလို လွယ်လွယ်ကူကူ မဆင်မခြင် အသုံးချခြင်း ကိုက အသုံးချသူရဲ့ အဆင့်မြင့် နုနယ်သိမ်မွေ့၊ ဆတ်ဆတ်ထိမခံ အလေးထား ဆင်ခြင် သတိပြုရမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာတွေ အပေါ်ကို အလေးဂရုမပြုတတ်ဘူး၊ မဆင်ခြင်တတ်ဘူး၊ မတွေးတောတတ်ဘူး ဆိုတဲ့ စရိုက် လက္ခဏာ က အထင်အရှား ဖော်ပြနေတယ်။  မိမိ ခလုတ်ကလေး တချက်၊ နှစ်ချက်နှိပ်ရင်း ပြုမူလိုက်တဲ့ အပြုအမူတခုဟာ (ဓာတ်ပုံပါ) သူတပါး (အုပ်စု) ကို မရည်ရွယ်သည့်တိုင်အောင် နှိမ်ချသလို၊ စော်ကားသလို ဖြစ်စေရုံသာမက မိမိကိုယ်မိမိလည်း ကျင့်ဝတ်မဲ့ကြောင်း၊ ဆင်ခြင်ဉာဏ်နည်းကြောင်း အထုပ် ဖြေ ပြသလို ဖြစ်နေတယ်။
ဒါ့အပြင် အရွှန်းမဖောက်သင့်၊ မဖောက်အပ်တဲ့ လက်တွေ့ ဘဝထဲက ဘဝတူ လူသားတွေရဲ့ အတိ ဒုက္ခရောက် ဆင်းရဲနေမှုတွေကို ကိုယ်ချင်းစာနာနိုင်ဖို့ ပုံဖော်ထားတဲ့ ဓာတ်ပုံကောင်းလေးတွေကို ပါ ဖျက်ဆီးတတ်ကြသေးတယ်။
လူအများ ရဲ့ အတွေးအခေါ်၊ ပညာ၊ ဆင်ခြင်ဉာဏ် နည်းပါးမှု နဲ့ လူသားရင်းမြစ် စွမ်းဆောင်ရည် ကျဆင်းမှု အကြောင်း ကို စနစ်ကို ဗဟိုပြု အကြောင်းရင်းခံ ရှာ စာ တွေ ရေးဖူးခဲ့တယ်။  ကျင့်ဝတ်၊ သီလ နဲ့ စာရိတ္တ မဏ္ဍိုင် လျော့ရိလျော့ရဲ ဖြစ်မှု ကဏ္ဍ အတွက်လည်း အလားတူ အကျိုး၊ အကြောင်းပြ အဖြေရှာတဲ့ စာတွေ ရေးဖူးခဲ့တယ်။  ဒါပေမယ့် စနစ်ဆိုး ဘယ်လောက်ပင် ကြီးစိုး ကျယ်ပြန့် အသားကျ နေခဲ့ နေခဲ့ လူသားရဲ့ ပင်ကိုယ် စိတ်ရင်း စာနာမှု သဘော၊ မေတ္တာတရား နဲ့ ဘာသာတရား က သွန်သင်ပေးမှုကြောင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စာရိတ္တ တရား စံနှုန်း ဟာ စနစ်ဆိုးဒဏ်ခံ ပညာ၊ အတွေးအခေါ် စံနှုန်း ထက်တော့ (နည်းနည်းဖြစ်ဖြစ်) သာမှာပါပဲလေလို့ “လွဲမှားစွာ” မျှော်လင့်မိခဲ့တယ်။  လူ “တချို့” ရဲ့ လူသားပီသမှု နဲ့ သီလ ကျင့်ဝတ် ရေချိန် ဟာလည်း အသိဉာဏ် ရေချိန်နဲ့ “ထူးမခြားနား” ဆိုတဲ့ သဘောကို အခုလို အွန်လိုင်းခေတ်မှာ ဓာတ်ပုံတချို့က ကျယ်ကျယ်လောင်လောင် လှစ်ဟ ပြတော့မှပဲ “အမှန်” သိခွင့် ရတော့တယ်။
ကိုယ့်စိတ်နဲ့ နှိုင်းတော့ မရိုင်းဟု အထင်ရောက်
လူတချို့ တင်ကြ၊ ဖြန့်ကြတဲ့ ပုံတပုံ ကို ဥပမာ ပြုပြချင်တယ်။  (ဆောင်းပါး ခေါင်းကြီး ဓာတ်ပုံကို ရှုပါ။)
ဓာတ်ပုံကလေးက လူတွေရဲ့ ခံစားချက် ကို ကိုင်လှုပ်၊ အသိ၊ အမြင် ကို အလင်းဖွင့်ပေးစွမ်းတဲ့ ဓာတ်ပုံကောင်းလေးတခုပါ။  နာမည်လည်း ကြီးခဲ့ပါတယ်။  မနှစ် နှစ်ဆန်းလောက်က ထိုင်းနိုင်ငံ ချင်းမိုင် မှာ ဓာတ်ပုံ ပြပွဲ ကျင်းပ သွားတဲ့ မွန်လူမျိုး ဓာတ်ပုံ ဆရာ တယောက် ရဲ့ စနစ်ဆိုးရဲ့ ပြယုဂ် လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ နုံခြာ ချို့ငဲ့၊ ဆင်းရဲတွင်းနက် လှတဲ့ ဗမာကလေးငယ် အများစု ရဲ့ ပကတိ လက်တွေ့ ဘဝကို အတိုင်းသား မြင်စေတဲ့ တကယ့် ပုံကောင်းလေးပါ။ 
ပုံမှာ မဲဆောက် မြို့ အမှိုက်ပုံဘေး မှာ ဗမာ ကလေးငယ် တဦး ထမင်းစားနေတဲ့ ချစ်စဖွယ်၊ သနားစဖွယ်၊ ကရုဏာ သက်ဖွယ် မြင်ကွင်းကလေး ကို မြင်ရတယ်။  နေ့စဉ် မိမိ ကျင်လည်ရာ ပတ်ဝန်းကျင်မှာလည်း မြင်တွေ့နေရတတ်တဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး စနစ်ဆိုး စစ်အာဏာရှင်စနစ် ရဲ့ သားကောင် မြေစာပင် ဗမာပြည်က အခြေခံလူတန်းစား ကလေးသူငယ်များ ရဲ့ ဆင်းရဲမွဲတေမှု ဘဝကို ဓာတ်ပုံ ဆရာ ရဲ့ ပညာစွမ်း နဲ့ မှတ်တမ်းပြု ထုတ်နှုတ်ပြလိုက်တော့ မှ ရင်ထဲ ‘လှိုက်’ ခနဲဖြစ်ကာ စနစ်ဆိုး ကို ကွက်ကွက်ကွင်းကွင်း သိမြင်၊ ခံစား၊ နားလည်စေတယ်။  ဒါကြောင့်လည်း ဓာတ်ပုံပညာရပ်ဟာ လူတွေကို မြင်စေဖို့ အထောက်အကူပြုတယ် လို့ဆိုကြတာပေါ့။
ဒီလို အဓိပ္ပာယ် ပြည့်ဝ လှတဲ့ အနုပညာ နဲ့ အတတ်ပညာ ပေါင်းစပ်မှု တန်ဖိုးရှိ ပစ္စည်းလေး တခုကို လူတချို့က အနှစ်မပါတဲ့ မဟုတ်ကဟုတ်က စကားလုံး တချို့ ဖြည့်စွက် ဖျက်ဆီးကြတယ်။  ဒါကို ပြန်လည် မျှဝေတဲ့ သူကလည်း ပြန်လည် မျှဝေကြတယ်။
သူတို့ စကားက ဘာတဲ့ “လကုန်ရက်အထိတော့ အောင့်အည်းသည်းခံပြီး ဖြစ်သလို စားရဦးမှာပဲ” တဲ့..။  ထမင်းဝ နေတဲ့ ကိုယ့် ဗိုက်ကိုမှ အားမနာ၊ သုံးနေတဲ့ အဆင်မြင့် နည်းပညာ ပစ္စည်းများ ဖြစ်တဲ့ Internet, Computer, Mobile Phone ကို အားမနာ အလဇ္ဇီ အလေဏတော ပြောထွက်ကြတယ် (ရေးကြတယ်)။  အားမနာ စတမ်း  ဆိုရရင် ကျင့်ဝတ် သီလ နဲ့ စာရိတ္တ ပိုင်းဆိုင်ရာ ထောက်ပြစရာ အပြင် ပညာ အရည်အသွေး ကျဆင်းမှု ပြယုဂ် မိခင်ဘာသာစကား မြန်မာစာလုံးပေါင်း သတ်ပုံကပါ မှားနေပြန်သေးတယ်။  သူတို့ ဖျက်ဆီးထားတဲ့ ဓာတ်ပုံ မှာ အမှန်တကယ် ရေးထားတာက “အောင့်အီးသီးခံ” ပါတဲ့။  ဒါကို စာတတ်တယ်လို့ ယူဆရတဲ့ လူတချို့ကလည်း အမှုမဲ့အမှတ်မဲ့၊ အဆင်အခြင်မဲ့၊ အလေးအနက်မထား လွယ်လွယ်ပဲ ပြန်လည် ဖြန့်ဝေကြသေးတယ်။
လူတွေရဲ့ မိုက်မဲမှု ကို အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်၊ ဖြစ်စဉ် တွေ မကြာခဏ မြင်ရနေလည်းပဲ အသစ်၊ အသစ် မြင်ရ၊ တွေ့ရ၊ ကြားရတာတွေက အမြဲလိုလို စိတ်ကို တုန်လှုပ်ဖြစ်စေ နိုင်စွမ်းသေးတယ်။  ဓာတ်ပုံ ပိုင်ရှင် ဓာတ်ပုံဆရာ သာ ဖျက်ဆီးခံထားရတဲ့ သူ့ ဓာတ်ပုံ ကို မြင်ရင် ငိုမယ်။  ဓာတ်ပုံ ပါ ကလေးငယ်သာ ဒီ အကြောင်းတွေ သိနိုင်ခဲ့ရင် ပိုလို့ ငိုမယ်။  ဒါမှဟုတ် ကလေးငယ်သာ ပုံဖျက်သူများလောက် အခြေအနေ အခွင့်အရေး ရခဲ့လို့ရှိရင် သိမှုစွမ်းနိုင်ပြီး ဆရာ စိုင်းခမ်းလိတ် ရဲ့ “မကြားဝံ့မနာသာ ပြောသွားကြမယ်၊ ရွှေလင်ဗန်းနဲ့ အချင်းဆေးသူ လူမှုရေး ညံ့တတ်တယ်” ဆိုတဲ့ “ဆင်းရဲသားအတွေး” သီချင်း ဆိုပြလိမ့်မယ်။
ဒါက ဥပမာအနေနဲ့ တခုသာ ထုတ်ပြတာပါ။
သူများအမြင်ကို အသိအမှတ်ပြု လေးစားဖို့
လူအများ ဓာတ်ပုံတွေကို ဆင်ခြင်တုံတရားမဲ့ အသုံးပြုနေကြတာတွေက အများကြီးပါပဲ။  ဆိုခဲ့တဲ့ သဘောတွေ အပြင် လူအများစု မှာ ကို သိမှတ်မှု မရှိဘူးလို့ ဆိုနိုင်တာ တခုက ဓာတ်ပုံ ပါ လူတွေကို “လူသား” ရယ်လို့ အသိအမှတ်ပြုမှု အားနည်းမှုပါ။  ဓာတ်ပုံတွေထဲမှာ မြင်နေရတဲ့ ကလေးဖြစ်ဖြစ်၊ လူကြီး ဖြစ်ဖြစ်၊ ဖြူဖြူ၊ မည်းမည်း၊ ညိညို၊ ပုပု၊ ရှည်ရှည်၊ ဝဝ၊ ပိန်ပိန် အားလုံးဟာ လူသားတွေပါ။  သူတို့မှာ အပြင်က သူလို၊ ကိုယ်လို အများတန်းတူ လူ့ ဂုဏ်သိက္ခာ အပြည့် ရှိတယ်။  လူသိများသူ Celebrity မဟုတ်ရင် သူ့မှာ ပုဂ္ဂလိက တကိုယ်ရေ လွတ်လပ်ခွင့် အပြည့်အဝ ရှိတယ်။  အဲဒီလို ဓာတ်ပုံမျိုးကို ဓာတ်ပုံ ပြန်လည် အသုံးပြုမှု မှာ (ဖျက်ဆီးမှု မပါ ရိုးရိုးပြန်လည် အသုံးပြုမှာကို) မြင်သာတဲ့ လူအများလည်း အများစု အမြဲ ကျူးလွန် နေကျ ဓာတ်ပုံ ဆရာ (သို့မဟုတ်) ဓာတ်ပုံရရှိရာ နေရာ Source အသိအမှတ်ပြုမှု Credit မပါမှု အပြင် ကျင့်ဝတ် ပိုင်းဆိုင်ရာ အရ အမြင့်မားဆုံး၊ အရေးကြီးဆုံး နဲ့ အချိုးဖောက်ဆုံးက လူသားတဦးရဲ့ ဂုဏ်သိက္ခာ နဲ့ လွတ်လပ်ခွင့် ကို ချိုးဖောက်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း ကိစ္စ ပါပဲ။
(စကားချပ် – ဓာတ်ပုံ မူပိုင်ခွင့် ချိုးဖောက်မှု ကိုတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာသာ အသုံးပြုခြင်း သဘော၊ အခကြေးငွေ အလို့ငှာ လူအများ သုံးကြတာ မဟုတ်ခြင်း သဘောကြောင့် ချန်လှပ်၊ ခြွင်းချက် ပြုနိုင်ပါတယ်။  ဒါပေမယ့် အခြေခံသဘောအားဖြင့်တော့ မူရင်း ဓာတ်ပုံ ပိုင်ဆိုင်ခွင့် ရှိသူ ကို ခွင့်တောင်ဖို့က လိုတာပါပဲ။)
အများပိုင်၊ ပရိသတ်ပိုင်၊ ပြည်သူပိုင် လို့ ဆိုချင်ရင် ဆိုနိုင်တဲ့ လူသိများ ထင်ရှား ကျော်ကြားသူ ပုဂ္ဂိုလ်များ ဓာတ်ပုံ ကို အသုံးပြုရမှာလည်း စောင့်ထိန်းရမယ့် လူ့ ကျင့်ဝတ်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါသေးတယ်။  ဥပမာ – ဓာတ်ပုံဆရာ၊ ဓာတ်ပုံ ရရှိခဲ့ရာ နေရာ ကို အသိအမှတ်ပြု ဖော်ပြတာမျိုး မပျက်မကွက် ပြုဖို့ လိုအပ်သလို ပုဂ္ဂလိက ဘဝ လွတ်လပ်မှု အခွင့်အရေး ကို တရားမဲ့ ကျူးလွန်တာမျိုး၊ သတင်း (သို့မဟုတ်) မိမိ ပြောချင်တဲ့ အကြောင်းအရာ၊ ဖြစ်စဉ်တခု ကို ဖော်ပြရမှာ ဖြစ်စဉ် မှာ မပါတဲ့ နာမည်ကြီး တယောက် ရဲ့ ပုံ ကို ခေါင်းကြီးမှာ ဖော်ပြတာမျိုး မပြုလုပ်ဖို့ ဆင်ခြင်တာမျိုးတွေပါ။
အလွဲသုံးစားခံရတဲ့  ဓားစာခံပုံရိပ်များ
နောက်တမျိုး ဆင်ခြင်စရာ ဓာတ်ပုံ ကိစ္စတခုက နိုင်ငံရေး အရောင် ရှိတဲ့ ပုဂ္ဂိုလ်များ အသုံးချကြနေကြတဲ့ ဓာတ်ပုံတွေထဲက သဘောတခုပါ။  စစ်အာဏာရှင်စနစ် ကို မနှစ်မြို့ မုန်းတီးတော့ စစ်အာဏာရှင်တွေ၊ စစ်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို အမျိုးသမီး အဝတ်အစား ဝတ်ပေးတာ၊ မိန်းမလျာ လိုပုံဖော်တာမျိုးရဲ့ ကျင့်ဝတ် သိက္ခာ မဲ့မှု နဲ့ ခုတ်ရာ တခြား ရှရာ တလွဲ ဖြစ်မှုပါ။
ဒါဟာ ကျား/မ လိင် ခွဲခြားမှု၊ အမျိုးသမီးတွေ၊ လိင်တိမ်းညွှတ်မှု မတူကွဲပြားတဲ့ လိင်တူချစ်သူတွေကို ချိုးနှိမ်မှု၊ ဖိနှိပ်လိုမှု ကျား ဗဟိုပြု၊ ယောက်ျားကြီး ဝါဒ ရလဒ် ယောက်ျား မဟုတ်တဲ့ တခြားသူ အားလုံးကို အဆင့်နိမ့်သူ၊ ယုတ်ညံ့သူ လို့ အကျိုး၊ အကြောင်း ဆင်ခြင်မဲ့ မတရား သတ်မှတ်မှု၊ ခွဲခြားမှု သက်သက် ပဲ ဖြစ်တယ်။  အမျိုးသမီး ဖြစ်နေလို့ အမျိုးသား ထက် ထူးခြား အရည်အချင်း၊ အရည်အသွေး၊ စာရိတ္တ ဘာမှ နိမ့်ကျ ယုတ်လျော့ မသွားသလို ယောက်ျားစစ်စစ် တယောက် နဲ့ မိန်းမလျာ တယောက် ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အကျင့်သီလ ဟာလည်း တန်းတူပဲ ဖြစ်တယ်။  အားလုံးဟာ လူသား သာ ဖြစ်တဲ့ အတွက်ကြောင့် ကောင်းသူ၊ ဆိုးသူ၊ တော်သူ၊ ညံ့သူ၊ အကျင့်သီလ စင်ကြယ်သူ၊ ပျက်ယွင်းသူ အမျိုးမျိုး ကျား၊ မ၊ မိန်းမလျာ အားလုံးမှာ တဦးချင်း အလိုက် ရှိတာပဲ ဖြစ်တယ်။
ဒီလို သဘော မှာ စစ်အာဏာရှင်တွေ၊ စစ်ခေါင်းဆောင် တွေကို ဆိုခဲ့သလို မိန်းမ အဝတ်အစား ဝတ်ပေး၊ မိန်းမလျာ လိုပုံဖော် လို့ သူတို့ အပေါ် ဘာမှ ထိခိုက်နစ်နာမှု မဖြစ်သလို ဘယ်သူ့ အတွက်မှလည်း အကျိုးမရှိတဲ့ အပြင် အလကားသက်သက် အမျိုးသမီးများ နဲ့ မိန်းမလျာ အုပ်စု နှစ်စု သာ တလွဲ အသုံးချခံ၊ ဓားစာခံ ဖြစ်ရတယ်။
စစ်အာဏာရှင် စနစ် အုပ်စု ဟာ ပြည်သူပြည်သား အများရဲ့ လွတ်လပ်မှု၊ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ ဓန အင်အား ကို နင်းချေ အသုံးချပြီး ကိုယ်ကျိုးရှာ အာဏာ တည်တံ့ ရှင်သန် ရပ်တည် နေသူများ ဖြစ်တဲ့ အတွက် ပကတိ နဂို မူလ အတွင်း အနှစ် သဘောမှာကိုက စာရိတ္တ၊ ကျင့်ဝတ်၊ သီလ၊ တရား မဲ့ ယုတ်ညံ့ပြီး ဖြစ်တယ်။  ဒီထက် ပို စာရိတ္တ ဖောက်ပြန်မှု၊ ယုတ်ညံ့တဲ့ သဘော၊ နှစ်လိုဖွယ် မရှိ ပုံဖော်နိုင်စရာ အကြောင်းကို မရှိပါ။  သူတို့ ကို အဟိတ် တိရစ္ဆာန် “ခွေး” နဲ့ နှိုင်း ဓာတ်ပုံ ပြုရင်ကို သခင် အပေါ် ကျေးဇူးသိတတ်၊ သစ္စာ ရှိ၊ တာဝန်ကျေ တဲ့ “ခွေး” က နစ်နာဖို့ ရှိတယ်။  အကြောင်းက စစ်အုပ်စု ဟာ အရှင်သခင်၊ အမိ၊ အဖ ဖြစ်တဲ့ ပြည်သူပြည်သား လူထု အပေါ် ကျေးဇူးမသိ၊ သစ္စာ မရှိ၊ တာဝန်မဲ့ တဲ့ အပြင် အနိုင့်အထက် ပြု ဖိနှိပ် သတ်ဖြတ်၊ နှိပ်စက်နေလို့ ဖြစ်တယ်။
ဆိုတော့ ဒီလို ဓာတ်ပုံတွေ ဖန်တီးသူ၊ တင်သူ၊ မျှဝေသူ တွေရဲ့ ကျင့်ဝတ် နဲ့ အတွေးအခေါ် ရေချိန်ဟာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။  ဒီလို ဓာတ်ပုံတွေကလည်း စကားတွေ အများကြီး ပြောနေပါတယ်။
စာနယ်ဇင်းကြေးမုံပြင်က သတင်းသမားစရိုက် ရောင်ပြန်
ကောင်းပြီ။  ဒါက လူသာမန်တွေ အသုံးပြုနေ၊ တင်နေ၊ မျှဝေ နေကြတဲ့ ဓာတ်ပုံတွေက ပြောနေတဲ့ အကြောင်းတွေ၊ ဖွင့်ဟ ပြနေတဲ့ သူတို့ ရဲ့ စရိုက် လက္ခဏာ နဲ့ ကိုယ်ရည်ကိုယ်သွေး တွေပါ။  သတင်းလုပ်ငန်း ကို အသက်မွေးဝမ်းကြောင်း အနေနဲ့ လုပ်နေတဲ့ ဗမာ့ စာနယ်ဇင်း Professional Media တွေရဲ့ ဓာတ်ပုံတွေက ဘယ်လို စကားတွေ ပြော၊ ဘယ်လို စရိုက်တွေကို လှစ်ဟ ပြနေပါသလဲ။ သိပ် ထူးမခြားနားလို့ပဲ ဝမ်းနည်းဖွယ် ဆိုရပါမယ်။
သိပ်မကြာသေးခင်ကတင် မိမိ ခန္ဓာကိုယ် ရင်းပြီး အသက်မွေးဝမ်းကြောင်း ရှာနေရရှာသူ အမျိုးသမီးငယ်တွေ အကြောင်းကို ရေးထားတဲ့ သတင်းဆောင်းပါး တခု မှာ မသက်ဆိုင်တဲ့ သာမန် အမျိုးသမီးငယ်များ ပါဝင်တဲ့ ဓာတ်ပုံ ကို သတင်းဆောင်းပါး ခေါင်းကြီး ပုံ အဖြစ် စာနယ်ဇင်း တစောင် က အသုံပြုလိုက်လို့ ဓာတ်ပုံ ပါ အမျိုးသမီးငယ်တွေ သက်သက်မဲ့ လုပ်ငန်းခွင်မှာ ထိခိုက်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်း ပျက်ပြား၊ လူမှု-စီးပွား ဒုက္ခ၊ သုက္ခ အဖုံဖုံ ကြုံတွေ နစ်နာ ခဲ့ရတဲ့ ဖြစ်ရပ် တခု ဖြစ်သွားခဲ့ပါသေးတယ်။
ဒါမျိုး ဖြစ်စဉ်တွေ အပြင် ဗမာ့ စာနယ်ဇင်းလောက မှာ အမြဲ ကြုံတွေ့ မြင်နေရတဲ့ ဓာတ်ပုံ ပြဿနာတွေကတော့ အများလည်း သတိပြုမိတဲ့ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ ခိုးယူ အသုံးပြုခြင်း၊ ဓာတ်ပုံဆရာ ရဲ့ အတတ်ပညာ၊ အသိ ဉာဏ် ပညာ ဆိုင်ရာ အခွင့်အရေး နဲ့ ရပိုင်ခွင့် ကို အလေးဂရုမပြုခြင်း၊ ပုဂ္ဂလိက တကိုယ်ရေ လွတ်လပ်ခွင့် နဲ့ အခွင့်အရေး ကို ကျူးလွန် ချိုးဖောက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး လို အထိအခိုက် မခံတဲ့ သတင်းဆောင်းပါးတွေမှာ သတင်း ဖြစ်စဉ် နဲ့ မသက်ဆိုင်တဲ့ ဓာတ်ပုံမျိုးကို စာနယ်ဇင်း စောင်ရေ တက်ရေး၊ ရောင်းကောင်းရေ အလို့ငှာ အပြင် အုပ်စု တခုခု ကို ပင်းချင်၊ တို့မီး ရှို့မီး လုပ်ချင်၊ မီးလောင်ရာ လေပင့် ချင်၊တဲ့ သဘော နဲ့ ရည်ရွယ်ချက် ရှိရှိ တလွဲ ဖော်ပြ အသုံးချခြင်း အစရှိတဲ့ သဘောတွေပါပဲ။ 
ဥပမာ ပြစရာ ဒုနဲ့ဒေး အများကြီး ရှိသလို ဗမာ့ စာနယ်ဇင်း (Oneline နဲ့ Print မီဒီယာ နှစ်ခုစလုံး) ရဲ့ ကျင့်ဝတ် သိက္ခာ ပိုင်းဟာ မေးခွန်းထုတ်စရာ၊ ထောက်ပြစရာ၊ ဆင်ခြင် ဆွေးနွေး စရာတွေ အပြည့်ပါပဲ။  ဆိုတော့ Professional ဗမာ့စာနယ်ဇင်း ရဲ့ ဓာတ်ပုံတွေကလည်း စကားတွေ အကျယ်ကြီး ပြော၊ အဆင့်အတန်း နဲ့ ကျင့်ဝတ်၊ စရိုက်၊ လက္ခဏာတွေ ကို လှစ်ဟ ပြနေပါတော့တယ်။
နိဂုံးချုပ်ရရင် အသက်မွေးဝမ်းကြောင်း သဘောဖြစ်စေ၊ တကိုယ်ရေ တကာယ ဝါသနာ ပါလို့ ပြုလုပ်တဲ့ အပျော်တမ်း သဘောဖြစ်စေ ဓာတ်ပုံတွေကို အသုံးပြု၊ အသုံးချရာမှာ အသုံးပြုသူ ရဲ့ အကြောင်းအရာ ရွေးချယ်မှု၊ ဓာတ်ပုံရွေးချယ်မှု၊ ပြုလုပ်မှု၊ တင်ဆင်မှု ပုံစံတွေကနေ တဆင့် ဓာတ်ပုံများ ဟာ အသံတွေထွက်၊ စကားတွေ ကျယ်ကျယ်လောင်လောင် ဆိုကာ အသုံးပြုသူ၊ တင်ဆက်သူရဲ့ ကိုယ်ကျင့် စရိုက် နဲ့ အရည်အသွေး ကို ရောင်ပြန် ထင်ဟပ် ပြသနေတယ် ဆိုတဲ့ သဘောကို လူအများ သဘောပေါက် ဆင်ခြင်သင့်လှပါတယ်။  ဓာတ်ပုံ ကို အသုံးမချခင် စိတ်နှလုံးသား က ခံစား မှု နဲ့ ဦးနှောက်က တွေးခေါ်မြော်မြင် ဆင်ခြင် မှု ဖြစ်စဉ် အလုပ် နှစ်ခု ကို အရင် အချိန်ပေး လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။  မိုးမခ စာဖတ်ပရိသတ်၊ အထူးသဖြင့် လူငယ်များ နားလည် ဆင်ခြင်နိုင်အောင် “ဓာတ်ပုံများက စကားပြောနေတဲ့ အကြောင်း” ကို သိမြင်သလောက် ဆွေးနွေးတင်ပြလိုက်ပါတယ်။
ငြိမ်းချမ်းအေး
၁၂၊ အောက်တိုဘာ၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts