ဖြစ်ရပ်များ၊ အမှတ်တရများ

ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ ကမ္ဘာ့လူသားများ မသိသေးတဲ့ အမှန်တရားတစ်ခု

ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ ကမ္ဘာ့လူသားများ မသိသေးတဲ့ အမှန်တရားတစ်ခု
ဒေါက်တာဓမ္မပိယ (ITBMU)
(သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) (၁-၂၊ ၉၊ ၂၀၁၃ု)၌   Security, Peace and Co-existence↔ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော   အပြည်ပြည်ဆိုင်ရာ ပညာရှင်များ ညီလာခံ၌ ဖတ်ကြားဆွေးနွေးခဲ့သော စာတမ်း)
အပိုင်း (၁)
          ယနေ့ မျက်မှောက်ခေတ် ကမ္ဘာကြီးဟာ ဆန့်ကျင်ဘက် ပဋိပက္ခတွေ၊ ၀မ်းနည်းဖွယ်အဖြစ်ဆိုးတွေ၊ စိတ်သောက ဖြစ်စရာတွေ၊ ကြောင့်ကြပူပန်မှုတွေနှင့် နေရာတိုင်းမှာ (နိုင်ငံတိုင်းမှာ) တွေ့ကြုံရင်ဆိုင်နေကြရ တယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ်ဆိုးတွေနှင့် ရင်ဆိုင်နေရခြင်းပါ။ ဒီလိုဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ မူလအကြောင်းရင်းက ဘာလဲ။ အကြောင်းကို ရှာနိုင်ကြဖို့ပါ။
          သီတဂူဆရာတော်ကြီးက “ဒီပဋိပက္ခတွေကို ဖြစ်ပေါ်စေနိုင်တဲ့ မူလအကြောင်းရင်းကတော့ ဆင်းရဲ မွဲတေမှုကြောင့် ဖြစ်ရတာ↔လို့ မိန့်ဆိုထားတယ်။ ကျွန်ုပ်လည်း ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဘာကြောင့် လဲဆိုရင် အင်္ဂလိပ်စကားပုံလေးတစ်ခုရှိတယ်။ “A hungry man is an angry man” “ဆာလောင် မွတ်သိပ်နေ သူဟာ ဒေါသတွေဖြစ်နေတတ်တယ်↔တဲ့။ ဒီနေ့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဒေါသထွက်နေတဲ့သူတွေ အများ ကြီးရှိနေခြင်းပါ။
          ဒီအကြောင်းအရာများနှင့်ပတ်သက်ပြီး အဘိဓမ္မာမှာ ပြဆိုထားတာကတော့ – “အကျိုးတရားများ ဖြစ်ပေါ်လာပြီဆိုရင် အကြောင်းတရားတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ အကြောင်းပေါင်းများစွာ ကြောင့် (အကြောင်းများစွာ ပေါင်းဆုံလာခြင်းကြောင့်) အကျိုးတရားတွေ ဖြစ်ပေါ်လာခြင်းဖြစ်တယ်↔လို့ ဆိုထားတယ်။  ဒါကို ထောက်ရှုပြီး ကောက်ချက်ချကြည့်မယ်ဆိုရင် ဆင်းရဲမွဲတေခြင်းအမျိုးအစားကို ခွဲခြားပြီး ပြောမှ ပိုပြီး သင့်လိမ့်မယ်လို့ ထင်မြင်မိတယ်။ ဆင်းရဲခြင်း အမျိုးအစားဟာ သုံးမျိုးရှိနိုင်တယ်။ (၁) စီးပွားမရှိတဲ့ ဆင်းရဲမွဲတေခြင်း၊ (၂)ပညာမရှိတဲ့ ဆင်းရဲမွဲတေခြင်း၊ (၃)ကိုယ်ကျင့်သိက္ခာမရှိတဲ့ ဆင်းရဲမွဲတေခြင်း-ရယ်လို့ သုံးမျိုးရှိနိုင်တယ်။ ဒီသုံးမျိုးဟာ ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်နေခြင်းပါ။ 
          သို့သော် ကျွန်ုပ်ယုံကြည်ထားတာက အဲဒီအကြောင်းတွေအပြင် တစ်ခြားအကြောင်းတွေလဲ ရှိနိုင်သေး တယ်ဆိုတဲ့ အချက်ပါ။ ဘာကြောင့်လဲဆိုရင် တချို့အကြောင်းတရားတွေက ထင်သာမြင်သာရှိသော်လည်း၊ တချို့အကြောင်းတရားတွေက ထင်သာမြင်သာ မရှိလို့ပါ။ ဒါကြောင့် နောက်ထပ်ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်မှာတော်မူချက်ကို မူလအကြောင်းအရင်းအနေနှင့် ဆွေးနွေးတင်ပြလိုခြင်းပါ။ မြတ်ဗုဒ္ဓက – ပြဿနာအမျိုးမျိုးတွေ၊ ပဋိပက္ခအမျိုးမျိုးတွေ ဖြစ်ပေါ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်အမြင့်နှင့် မှန်ကန်စွာ မသိနိုင်ကြလို့ ဖြစ်နေရတာလို့ ဟောကြားထားခြင်းပါ။
          ဒီနေရာမှာ သစ္စာဉာဏ်အလင်းရဲ့ ဆန့်ကျင်ဘက်တရားဟာ မသိမှု(အ၀ိဇ္ဖာ)ပါ။ ထိုအ၀ိဇ္ဖာတရားမှာ ကြီးမားတဲ့၊ အစွမ်ထက်တဲ့ စွမ်းအင်တွေရှိနေခြင်းပါ။ သတ္တ၀ါတို့ရဲ့သန္တာန်မှာ သူကိန်းဝပ်နေရင် ဒေါသထွက် လွယ်တယ်။ အမုန်းပွားလွယ်တယ်။ ဂလဲ့စားချေချင်တယ်။ ခုတ်မယ်။ ထစ်မယ်။ ပါးပါးလှီးမယ်ဆိုတဲ့ စိတ်ရိုင်းတွေကို မွေးမြူတယ်။ ဒီလိုဖြစ်နေတော့ လူသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ဖို့၊ အပြန်အလှန် လေးစားဖို့၊ သူ့စည်း ကိုယ်စည်း မကျူးကျော်ဖို့ စတဲ့ကောင်းမြတ်တဲ့ စိတ်နေစိတ်ထားတွေကို ဒီအ၀ိဇ္ဖာတရားက  ဖျက်ဆီးပစ်တယ်။ ဒီတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့နှင့် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးနှင့် နေနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေက အလှမ်းဝေးနေဆဲဖြစ်တယ်။ အခြေအနေကောင်းတွေကို ဖျက်ဆီးပစ်နေ တာက အ၀ိဇ္ဇာ (အသိတရားခေါင်းပါးမှု) တရားဆိုတာ သစ္စာသိမြင်ထားသူများမှာသာ သိနိုင်တဲ့အရာမျိုး ဆိုတော့ … ။
          လွန်ခဲ့တဲ့ နှစ်ပတ်လောက်က (၉-၁၀-၁၁-၁၂၊ ၉၊ ၂၀၁၃-ခု) ကျွန်ုပ် အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ “International Buddhist Confederation (IBC)” လို့ အမည်တပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးတစ်ခုကို တက်ရောက်ခွင့်ရခဲ့တယ်။ အဲဒီညီလာခံကြီးကို နိုင်ငံပေါင်း (၄၂)နိုင်ငံမှ ဘာသာရေးခေါင်း ဆောင်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြတယ်။ အဲဒီညီလာခံကြီးမှာ ဘာသာရေးခေါင်းဆောင်တစ် ယောက်က – “ကမ္ဘာ့ လူသားများဟာ မတရားဘူးတဲ့။ ဘာကြောင့်လဲဆိုရင် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကို မူစလင် များက ဗုံးခွဲတိုက်ခိုက်တာကိုတော့ ကမ္ဘာက ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ မူစလင်ပေါင်း ငါးသိန်းကျော် သတ်ဖြတ်ခံခဲ့ရတာကိုကြတော့ လျစ်လျူရှုထားကြတယ်။ ဒါ မတရားဘူးပေါ့↔ တဲ့။
          ထိုပုဂ္ဂိုလ်ရဲ့စကားက ဗုဒ္ဓဘာသာဝင်များကို အံ့အားသင့်စေခဲ့တယ်။ ဒီလိုမှားယွင်းစွာ ဖေါ်ပြတဲ့ စတိတ်မင့် (statement) တစ်ခုကို အခြေခံပြီး ကျွန်ုပ်တို့ နားလည်သဘောပေါက်လာခဲ့တာက – မီဒီယာ သမားများက ဖေါ်ပြသော သတင်းမှားများသည် (သို့မဟုတ်) ဘာသာရေးခေါင်းဆောင်များ၏ မှားယွင်းစွာ ပြောဆိုခဲ့ကြသော သတင်းမှားများသည် ကမ္ဘာ့လူသားများအား မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များအပေါ်မှာ နားလည်မှုများ လွဲမှားစေခဲ့တယ်ဆိုတာ သဘောပေါက်မိခြင်းပါ။ လူများစုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင်များက လူနည်းစုဖြစ်တဲ့ အစ္စလမ်ဘာသာဝင်များကို တိုက်ခိုက်နေခြင်းဟာ တရားမျှတမှုမရှိ။ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ လူများစုက လူနည်းစုကို အနိုင်ကျင့်တိုက်ခိုက်တာကို ကမ္ဘာလူသားများက ၀ိုင်းဝန်းရှုတ်ချသင့် တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သက်ရောက်စေခဲ့ခြင်းပါ။ ထိုကဲ့သို့သော သတင်းမှားများကြောင့် ဒေါသမီးတောက် များသည် မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားပြီး မူစလင်အစွန်းရောက်များက ထိုနိုင်ငံများ အလုပ်လုပ်နေကြသော မြန်မာဗုဒ္ဓဘာသာဝင်များကို တစ်ယောက်ပြီးတစ်ယောက် နေ့တိုင်းနီးနီး (ဂလဲ့စားချေတဲ့အနေနှင့်) သတ်ဖြတ် နေခဲ့ကြတယ်။ (ယနေ့ထိ မပြီးဆုံးနိုင်သေးပါ)။
          ကျွန်ုပ်လေ့လာမိသမျှ ပြောရမယ်ဆိုရင် … ဟစ်စ် ဟိုးလီးနက်စ် (His holiness) လို့ လူသိများလှတဲ့ တိဘက်ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးသည်ပင် ဒီလိုသတင်းမှားတွေကို ယုံကြည်လျှက် မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်များအပေါ် နားလည်မှုလွဲမှားကာ တစ်ဖက်သက် ဝေဖန်ပြောဆိုမှုတွေ ရှိလာခြင်းပါ။ သူပြောလာတာက – “ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များ သည် မူစလင်များဖြစ်ကြတဲ့ ညီတော်၊ နောင်တော်များအပေါ်မှာ ဒေါသတွေဖြစ်ပေါ်လာတဲ့အခါ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ ဗြဟ္မစိုရ်တရားတော်အတိုင်း မေတ္တာတရားများ (သတ္တ၀ါများအပေါ်မှာ အကျိုးစီးပွား လိုလားတဲ့ မေတ္တာစိတ်များ)၊ ကရုဏာတရားများ (သနားကြင်နာစိတ်များ)ကို မွေးမြူနိုင်အောင် ကြိုစားသင့်ပါကြောင်း လွန်ခဲ့တဲ့တစ်လခန့်က ပြောကြားသွားခဲ့ခြင်းပါ။ တဖန် လွန်ခဲ့တဲ့နှစ်ပတ်ခန့်က ဒလိုင်းလားမားက ကမ္ဘာသိအောင် တဖန်ပြောပြန်တယ်။ သူပြောခဲ့တာက – လူများစုဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာဝင်များက လူနည်းစု ဖြစ်တဲ့ အစ္စလမ်ဘာသာဝင်များကို အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရပ်တန့်ကြပါလို့ ပြောခဲ့ပြန်တယ်။ သူ့လို ထင်ပေါ်ကျော်ကြားသူက ပြောလိုက်တဲစကားဟာ  ဘယ်လိုအဓိပ္ပါယ်မျိုးု သက်ရောက်သွားနိုင်တယ်ဆိုတာကို ပြောသူကိုယ်တိုင် သတိထားမိဟန်မတူပါ။ (မြန်မာတို့ရဲ့ ကံကြမ္မာပဲလို့ ပြောရတော့မှာပါ)။
          တကယ်တော့ အမှန်တရားကို အမှန်အတိုင်း မသိရှာတဲ့ တိဘက်ရဟန်းတော် ဒလိုင်းလားမားကြီးက တစ်ဖက်သတ် ဟိုက်လိုက်လုပ်ပြီး ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် မြန်မာများကိုသာ တစ်ဖက်သတ်ကြီး ပြစ်တင်ရှုတ်ချပြောဆိုခြင်းဟာ တစ်ဖက်သားအတွက် (အပြောခံရသူအတွက်) မည်၍မည်မျှ အန္တရာယ်ကြီးမားကြောင်း ပြောသူက သူသိချင်မှသိမှာပါ။ ကမ္ဘာ့လူထုကြီးက နားလည်မှုများ ဘယ်လိုလွဲမှား သွားနိုင်တယ်ဆိုတာ ပြောသူကိုယ်တိုင် သတိမူနိုင်မည်မဟုတ်ပါ။ တကယ်တော့ “အကျိုးတရားများ ဖြစ်ပေါ် လာတိုင်း အကြောင်းတရားတစ်ခုတည်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ၊ အကြောင်းပေါင်းများစွာ ပေါင်းဆုံ လာခြင်းကြောင့် ဖြစ်ရတယ်↔ဆိုတဲ့ မြတ်ဗုဒ္ဓတရားတော်များကို ဘာသာရေးခေါင်းဆောင်များ  နှလုံးသွင်း ဆင်ခြင်နိုင်ဖို့ပါ။
          တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံတွင် (ဘာသာရေးအသွင်ဆောင်တဲ့) လူမျိုးရေးအဓိကရုဏ်းများကြောင့် ရခိုင်၊ မြန်မာ ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များအပါအ၀င် မြန်မာနိုင်ငံသူ၊ နိုင်ငံသား စုစုပေါင်း နှစ်ရာငါးဆယ်နီးပါး သေကြေပျက်စီးခဲ့ရခြင်းပါ။ သေကြေပျက်စီးခဲ့ရတဲ့ အကြောင်းရင်း ကတော့ တစ်ဖက်နှင့်တစ်ဖက် ဒေါသ၊ အာဃာတ၊ မာန်မာနတရားဆိုးတွေဖြင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြ တာကြောင့် သေကြေပျက်စီးခဲ့ကြရခြင်းပါ။ ထိုအတွက် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ၀မ်းနည်းလို့မဆုံး ဖြစ်ခဲ့ကြရခြင်းပါ။ တည်ငြိမ်အေးချမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအမှတ် မထင် ပဋိပက္ခအသွင်၊ လူမျိုးရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားသွားခဲ့တဲ့အတွက် ယူကြုံးမရ ဖြစ်ကြရခြင်းပါ။ (ကမ္ဘာ့လူထုကြီးရဲ့ အထင်လွဲမှားမှုများကို ခံခဲ့ရတဲ့ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင် မြန်မာများအတွက် စိတ်မကောင်း ဖြစ်ရပါ၏။)
          ပိုပြီးစိတ်မကောင်းဖြစ်မိတာက ကမ္ဘာပြည်သူအများစုဟာ မှားယွင်းစွာ ရေးသားဖေါ်ပြထားသည့်  သတင်းမှားများကြောင့် ဘယ်အုပ်စုက အများစု၊ ဘယ်အုပ်စုက အနည်းစုဆိုတာကို သဲကွဲစွာ မသိနိုင်ကြခြင်းဟာလည်း မြန်မာပြည်အတွက် ကံဆိုခြင်းတစ်မျိုးပါ။ မူလအကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်နှစ်ခု ရခိုင်ဗုဒ္ဓဘာသာဝင်ဦးရေဟာ ၃%ရာခိုင်နှုန်းမျှသာရှိပြီး၊ အစ္စလမ်ဘာသာဝင်ဦးရေက ၉၆%ရာခိုင်နှုန်းနှင့် အခြားလူမျိုးစုနွယ်က ၁%ရာခိုင်နှုန်းခန့် ရှိနေခြင်းပါ။ သို့သော် ထိုဒေသ၌ နေထိုင်သူ လူများစုက အစ္စလမ်ဘာသာဝင်များဖြစ်ပြီး၊ လူနည်းစုက ရခိုင်ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသည်ကို ကမ္ဘာလူထုကြီးက လုံးဝသိဟန်မတူ့ပါ။ (ယခုအချိန်ထိလဲ အများစုက သိဟန်မတူသေးပါ)။          အဓိကရုဏ်းများ စတင်ဖြစ်ပွားရာ ထိုဒေသ ဘယ်သူက လူနည်းစု၊ ဘယ်သူက လူများစုဆိုတာ ကမ္ဘာ့လူထုကြီး သဲကွဲစွာ မသိသေးခင်မှာ (ထိုအသိမှားများကို ဆက်လက်ဖုံးကွယ်ထားနိုင်ရန်) ထိုဒေသ ဖြစ်ပွားနေသော လူမျိုးရေးအဓိကရုဏ်းကို အချိန်တိုတိုအတွင်း ပြည်မကြီးထဲရောက်သွားအောင် ကြံဆောင်၍ မိတ္ထိလာအရေးအခင်းကို အလျှင်အမြန် ဖန်တီးနိုင်ခဲ့ကြခြင်းပါ။ (ထိုပရိယာယ်၏ အတိမ်အနက်ကို မြန်မာများကိုယ်တိုင် ယခုအချိန်အထိ သိသူနည်းနေသေးခြင်းပါ။)
          (မိတ္ထိလာ အရေးအခင်းစတင်ဖြစ်ပွားလာပုံ – ရွှေဝယ်သူနှင့် ရွှေရောင်းသူတို့အကြား ဖြစ်ပေါ်လာတဲ့ လူမှုရေးပြဿနာ။ သို့သော် ဒီပြဿနာကို အခြေခံပြီး ဘာသာရေးအသွင်ဆောင်တဲ့ လူမျိုးရေးအဓိကရုဏ်းကြီး ဖြစ်ပွားလာအောင် ဖန်တီးနိုင်ခဲ့ကြခြင်းပါ။ ထိုဖြစ်စဉ်ကို ကောက်ချက်ချကြည့်ရင် – နံပတ်(၁)အဆင့်က ရွှေဆိုင် တွင် ဖြစ်ပွားခဲ့သော ရွှေရောင်းသူ၊ ရွှေဝယ်သူတို့၏ လူမှုရေးပြဿနာ။ နံပတ်(၂)အဆင့်က ရဟန်းတစ်ပါးအား ဓာတ်ဆီလောင်း၍ မီးရှို့သတ်မှုပြဿနာ။ (ဆိုင်ကယ်မောင်းသူနှင့်အတူ ဆိုင်ကယ်နောက်မှစီးပြီး ယဉ်ကျေးမှု သင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ်ခဲတန်ဝယ်ယူရန်) မိတ္ထိလာမြို့သို့ ဈေးဝယ်ကြွလာသော ရဟန်းတစ်ပါးအား (ဦးသောဘိတ၊ ဟံဇားရွာ၊ သာစည်မြို့နယ်) ရွှေဆိုင်ပြဿနာကြောင့် လူစုလူဝေးဖြစ် နေချိန်တွင် အစွန်းရောက် မူစလင်အုပ်စုအနီးသို့ ရောက်လာသော ဦးသောဘိတအား ဆိုင်ကယ်နှင့် ဖြတ်သွား စဉ် ထိုလူအုပ်သည် နောက်ကနေ ဆိုင်ကယ်ပေါ်တွင်ရှိနေသော ဦးသောဘိတ၏ဦးခေါင်းကို ဓါးနှင့်ခုတ်ချခဲ့ပြီး၊ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလာသော ဦးသောဘိတအား သင်္ဃန်းနှင့်ပတ်ကာ ဗလီအပေါက်ဝသို့ ဒရွတ်ဆွဲခေါ် ဆောင်သွားကာ ထိုဗလီပေါက်ဝ ဓာတ်ဆီနှင့်လောင်း၍ မီးရှို့သတ်မှုပြဿနာ (မြန်မာများ ရောက်လာပြီး ကယ်တင်ခဲ့ရာ အသက်မသေသေး၍ ဆေးရုံပို့၊ ဆေးရုံရောက်မှ သေဆုံးသည်)။ နံပတ် (၃)အဆင့်က ဒေါသဖြင့် အချင်းချင်းတုံ့ပြန်ကြလျှက် ဗလီများ၊ ကျောင်းများ၊ အိမ်များကို သူ့ဘက် ကိုယ့်ဘက် အပြန်အလှန် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကိုပါ ကျုးလွန်းခြင်းဆိုတဲ့ ပြဿနာ၊ ဒီလိုပြဿနာများ အဆင့်ဆင့် ပါဝင်နေခြင်းပါ။
 သို့သော် နံပတ် (၂)အဆင့်ကို မီဒီယာသတင်းသမားများက ဘယ်သတင်းဌာနများမှာမှ ဖေါ်ပြနိုင်ခြင်းမရှိခဲ့တဲ့အတွက် ကြောင့် သို့မဟုတ် တမင်တကာ ထိမ်ချန်ထားခဲ့တာမျိုးလည်း ဖြစ်နိုင်တဲ့အကြောင့် ရက်စက်မှုသရဖူကို (မီဒီယာဥပါယ် မကျွမ်းကျင်တဲ့) မြန်မာတို့ရဲ့ ဦးခေါင်းထက်မှာ အဆောင်းခံလိုက်ရခြင်းပါ။ ဒါဟာလဲ မြန်မာတို့ရဲ့ ကံကြမ္မာပဲလို့သာ ပြောရတော့မှာပါ။ စာနာစိတ်နှင့် နားလည်နိုင်ကြဖို့ပါ။)
အပိုင်း (၂)
          ပြည်မကြီးထဲရောက်အောင် အဓိကရုဏ်းကို ပါးနပ်စွာ ဖန်းတီးနိုင်ခဲ့ပြီဖြစ်၍ ကမ္ဘာ့လူထုကြီး၏ အမြင် လူမျိုးရေးအဓိကရုဏ်းကြီး ဖြစ်ပျက်နေပုံများကို ဒေသအလိုက် ပုံမဖေါ်နိုင်ကြဘဲ၊ လူမျိုးအလိုက် ပုံဖေါ်ကြည့်တဲ့ အခါ ဂ၅%ရာခိုင်နှုန်းခန့်ရှိသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစုနေထိုင်ရာ မြန်မာပြည်တွင်း ဖြစ်ပျက်ခဲ့ သော ဘာသာရေးအသွင်ဆောင်တဲ့ လူမျိုးရေးအဓိကရုဏ်းကြီးဖြစ်နေ၍ သူတို့ရဲ့ပုံရိပ်လွှာ ဗုဒ္ဓဘာသာဝင် မြန်မာလူများစုက အစ္စလမ်ဘာသာဝင် လူနည်းစုအား အကြမ်းဖက်တိုက်ခိုက်နေခြင်း-ဆိုတဲ့ ပုံကြမ်းကြီး ပေါ်ထွက်လာခဲ့ခြင်းပါ။
          အမှန်မှာမူ ပြဿနာရဲ့အစဟာ တောင်ကုတ်မြို့အနီး စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ထိုပြဿနာကို လူမျိုးရေး အဓိကရုဏ်းအသွင်ဖြစ်အောင် ဖန်တီးလျှက် မောင်တောဒေသနှင့် ဘူးသီးတောင်ဒေသများ၌ သိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ် တိုက်ခိုက်နိုင်ခဲ့ကြခြင်းဟာလည်း ဥပါယ်များပါဝင်နေတယ်လို့ ထင်မြင် ယူဆမိခြင်းပါ။ ထိုဒေသ၌ နေထိုင်သော လူမျိုးစုတွင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များက လူနည်းစု၊ ကုလားလူမျိုး အစ္စလမ်ဘာသာဝင်များက လူများစု ဖြစ်နေခဲ့ခြင်းကို ကမ္ဘာလူထုကြီး သဲသဲကွဲကွဲ မသိခြင်းဟာလည်း  ၀မ်းနည်းစရာ အကြောင်းတစ်ချက်ပါ။ ယခုအချိန်ထိလည်း ထိုအမှန်တရားကို ကမ္ဘာ့လူထုကြီးက မသိနိုင်ကြ သေးပါ။ (ရခိုင်၊ မြန်မာ လူမျိုးတို့ရဲ့ ကံကြမ္မာလို့ပဲ ဆိုရတော့မှာပါ။)
          ထိုအဓိကရုဏ်း၌ လူပေါင်းများစွာ (၂၀၀ နီးပါး) သေကျေပျက်စီးခဲ့ရပြီး၊ အိုးအိမ်ပေါင်းများစွာ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်။ ထိုအဓိကရုဏ်းကြီးကြောင့် ထိုဒေသ၌ ထောင်ပေါင်းများစွာသောလူများ (ရခိုင်၊ မူစလင်၊ ဟိန္ဒူများအပါအ၀င်) အိုးမဲ့အိမ်မဲ့များ ဖြစ်ခဲ့ကြရတယ်။ ထိုသူများအားလုံးအတွက် (ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၊ မြန်မာမူစလင်များ၊ ဟိန္ဒူဘာသာဝင်များနှင် ရခိုင်တိုင်းရင်းသားနွယ်ဖွား လူမျိုးများအားလုံး အတွက်) အထူးဝမ်းနည်းမိခြင်းပါ။ ထိုပွဲ၌ တကယ်အထိနာခဲ့သူများက လူနည်းစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာ ၀င်များဖြစ်ကြောင်း ကြားသိခဲ့ရခြင်းပါ။
          ၁၉၄၀-ခုနှစ်များဆီက ထိုမောင်တောဒေသနှင့် ဘူးသီးတောင်ဒေသများ၌ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး ၅၀%ရာခိုင်းနှုန်းကျော် နေထိုင်ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရခြင်းပါ။ သို့သော် ယခုအခါတွင် ထိုဒေသ ရခိုင်လူမျိုး ၃%ရာခိုင်နှုန်းမျှသာရှိတော့၍ အထူးပင်ဝမ်းနည်းမိခြင်းပါ-လို့ ပြောဆိုခြင်းမျိုးထက် ခံစားချက်နှင့် ထပ်တူကျတဲ့စကားမျိုးကို ပြောမထွက်နိုင်အောင် ရှိနေခြင်းပါ။ (ရခိုင်ရဟန်းတော်တစ်ပါး ပြောပြခဲ့သည်မှာ ထိုဒေသ သူငယ်စဉ်က အလည်အပတ်ရောက်ခဲ့ဖူးသော ရခိုင်ကျေးရွာများသည် ယခုအခါ လူမျိုးခြားရွာတွေချည်း ဖြစ်နေပြီဖြစ်ကြောင်း ၀မ်းနည်းစွာဖြင့် ပြောပြခဲ့သည်ကို ကြားယောင် နေမိခြင်းပါ။) 
          ယခုအခါ လူနည်းစုဖြစ်တဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်အချို့သည် သူတို့ရဲ့ အိုးအိမ်များရှိရာ မောင်တော ဒေသနှင့် ဘူးသီးတောင်ဒေသများသို့ မပြန်နိုင်ကြသေးပဲ ရှိနေခြင်းအတွက် စိုးရိမ်မိခြင်းပါ။ သူတို့သည် သူတို့ရဲ့ အိုးအိမ်မြေယာများနှင့် သူတို့ရဲ့အသက်ကို လှုံခြုံမှုများ မပေးနိုင်သမျှကာလပတ်လုံး ပြန်နေဖို့ရန် ၀န်လေးနေ သေးကြောင်း ကြားသိရ၍ များစွာစိတ်မကောင်းဖြစ်မိခြင်းပါ။ ထိုရခိုင်ဒုက္ခသည်များကို အခြားဒုက္ခသည်များ နည်းတူ ဘယ်သူတွေက ကူညီ၍ ဘယ်သူတွေက စောင့်ရှောက်ကြမှာလဲဆိုတာ စောင့်ကြည့်နေရဆဲပါ။
          ဘာသာတရားများနှင့်ပတ်သက်၍ ကျွန်ုပ် လေ့လာထားမိသည်မှာ – ဘာသာတရားများသည် ဘာသာ တရားအချင်းချင်းအကြား ဘာပြဿနာမှ မရှိပါဟု ပြောဆိုနေကြခြင်းပါ။ ဘာသာတရားတိုင်းမှာလည်း ငြိမ်းချမ်း ခြင်း၊ ချစ်ခင်ခြင်း၊ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ မကောင်းသောစိတ်များကို လုံခြုံအောင်၊ မြင့်မြတ်အောင် ဆုံးမပေးနိုင်ခြင်း-စတဲ့ အလေ့အကျင့် ကောင်းများ၊ အဆုံးအမကောင်းများ၊ ဘာသာတိုင်းမှာ ရှိနေတယ်ဆိုတာ လူတိုင်းနီးနီး သိထားပြီးဖြစ်မှာပါ။   
          သို့သော် ယခုအချိန်မှာ အထူးလိုအပ်နေတာက ဘာသာဝင်တိုင်း တန်ဖိုးထားတဲ့ တကယ့်ငြိမ်းချမ်းရေး လမ်းစဉ်ကို အကောင်အထည်ဖေါ်နိုင်ရန် ဘာသာဝင်များအားလုံးက ၀ိုင်းဝန်းပြီး (တိုင်းပြည်အတွက်) ကြိုးစား ဆောင်ရွက်သင့်တဲ့ အချိန်အခါမျိုး ဖြစ်နေခြင်းပါ။ ဘာသာဝင်များဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို မိမိတို့ဘာသာ တရား ဘယ်လိုဖေါ်ပြထားပါတယ်လို့ နှုတ်က တတွတ်တွတ် ရေရွတ်နေခြင်းမျိုးထက် လူသားချင်း စာနာ စိတ်ဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို သယ်ပိုးကြဖို့၊ ရန်လိုတဲ့ စိတ်ထားများနဲ့ အချင်းချင်း အငြင်းမပွားကြဖို့၊ ရန်ကိုရန်ခြင်း မတုန့်ပြန်ကြဖို့၊ ကျူးကျော်ရန်စလိုတဲ့ အပြုအမူမျိုးတွေကို (ဥပမာ၊ မုဒိန်းမှုမျိုး၊ ဘာသာမတူသူ များအား ဇွတ်အတင်းလက်ထပ်ခြင်းမျိုး၊ ရန်ပွားနိုင်တဲ့ တေးဂီတမျိုးတွေကို) အထူးရှောင်ရှားကြဖို့နှင့် အပြန် အလှန် နားလည်မှုများရှိပြီး လေးလေးစားစားနှင့် နေထိုင်နိုင်ကြဖို့အတွက် စစ်မှန်တဲ့ မေတ္တာတရားမျိုးကို ကြိုးစားပြီး မွေးမြူပေးရမဲ့ အချိန်အခါမျိုးသို့ ရောက်နေခြင်းဆိုတာ မမေ့ကြဖို့ပါ။
          တချို့ကလဲ ထင်နေကြတယ်။ ဗုဒ္ဓဘာသာဝင်များနှင့် မူစလင်များအကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေဟာ ဘယ်တော့မှ ငြိမ်းနိုင်မှာမဟုတ်ပါဘူးလို့ ထင်မြင်နေသူများလည်း ရှိနေခြင်းပါ။ ကျွန်ုပ်အမြင်ကတော့ ဒီလိုမဟုတ်ပါ။ ဘာကြောင့်လဲဆိုရင် အနာကုဖို့အတွက် ဆေးရှိနေပြီ ဖြစ်လို့ပါ။ ဆိုလိုတာက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဘာသာတရားအသီးသီး အဆုံးအမတရားတွေ ရှိထားပြီးဖြစ်လို့ပါ။
          တကယ်တော့ စစ်မှန်တဲ့ ဘာသာဝင်တိုင်းဟာ ငြိမ်ချမ်းရေးကို လိုလားသူများဖြစ်ကြတယ်။ ရောဂါကို ကုစားနိုင်တဲ့ ဆေးနှင့်တူတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဘာသာတရားရဲ့ အဆုံးအမအတိုင်း လိုက်နာနိုင်သူများ ဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ် ယုံကြည်ထားသည်မှာ ဆေးဆရာနှင့်တူတဲ့ တချို့ဘာသာရေးခေါင်းဆောင်များ သည် နောက်လိုက်များကို ဆေးခါးကြီးကို ဇွတ်အတင်းတိုက်ကြွေးနေဘိသကဲ့သို့ ပြဿနာကို တိုးပွား စေနိုင်တဲ့ အကြံဉာဏ်များကို ဖြန့်ဖြူးပေးနေကြခြင်းပါ။ သို့မဟုတ် ဘာသာဝင်နောက်လိုက်များသည် ဆေးခါးကြီးကို မြတ်နိုးစွာ သုံးစွဲနေသူများကဲ့သို့ မကောင်းမှုများကို မိုက်မဲစွာ ကျူးလွန်နေကြခြင်းခြင်းပါ။ ထို့ကြောင့် ဘာသာ ၀င်များ အချင်းချင်းအကြား မယုံကြည်မှုတွေ၊ ရန်လိုတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေရခြင်းပါ။ 
          ထို့ကြောင့် ဒီလိုပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းသွားနိုင်ဖို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်နေသောအရာဟာ ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းပြည်ခေါင်းဆောင်များဖြစ်နေခြင်းပါ။ သူတို့ဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ရဲရဲဝံ့ဝံ့ ပါဝင်လာနိုင်ကြဖို့ပါ။ ခေါင်းဆောင်များသည် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသော ဒုက္ခသည်များကို မျှတစွာ အစာပေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဘာသာဝင်အချင်းချင်း အတူယှဉ်တွဲနေနိုင်ရန် အောက်ခြေလူတန်းစားများကို ပညာပေးစည်းရုံးခြင်း၊ ပညာတွေတတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း၊ ဒီမိုကရက်တစ်ခ် ပညာရေးများကို ကျောင်းသုံးသင်္ခန်းစာများ ပြဋ္ဌာန်းပေးခြင်း၊ ဘာသာဝင်များအကြား အချင်းချင်း အပြန်အလှန် လေးစားလျှက် တရားဥပဒေကို ကောင်းမွန်စွာ လိုက်နာစေခြင်း၊ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို သိရှိနားလည်အောင် ဘာသာတရားများ၏ အဆုံးအမအတိုင်း သွန်သင်ဆုံးမပေးခြင်းစတဲ့ ဘာသာ တရားရဲ့ ကောင်းမြတ်တဲ့အမွေကို လက်ဆင့်ကမ်း မျှဝေပေးခြင်းဖြင့် ဤညီလာခံရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ “ဘ၀လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေနိုင်ရေး↔– ဆိုတဲ့ ခေါင်းစဉ်နှင့် ကျင်းပပြုလုပ်တဲ့ ဒီကွန်းဖရင့်စ်ရဲ့ ရည်မှန်းချက်ကို အတူတကွ ဖေါ်ဆောင်ပေးကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ ချမ်းသာစွာ အိပ်စက် နိုင်ကြပါစေ။  

ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts