စာအုပ်စင်

ဆလိုင်းနီဝိုင်၏ ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများ စာအုပ်


ဆလိုင်းနီဝိုင်၏ ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများ စာအုပ်
(SK ရှန်လိန်း) မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၆

ဆလိုင်းနီဝိုင်ရေးသော ချင်းအတွက် စပ်ဖျင်းဖျင်းကဗျာများနှင့် အခြားကဗျာများ စာအုပ်ထွက်ရှိလာသည်။ ချင်းတို့၏ဘဝနှင့် ချင်းတို့၏ ရင်ချိုင့်ထဲက ပရမတ္တသစ္စာကို အလှမ်းမှီသမျှ ကဗျာရသဖြင့်နှိုက်ထုတ်ထားပါသည်ဟု ဆလိုင်းနီဝိုင်က အမှာစာ အတိုလေး ရေးထားသည်။ စာအုပ်တွင် ကဗျာ ၂၃ ပုဒ် ပါဝင်သည်။ အချို့ကဗျာများမှာ ချင်းရောင်ခြည် မဂ္ဂဇင်းနှင့် အခြားစာနယ်ဇင်းများတွင် ပုံနှိပ်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ချင်းတစ်ယောက်၏ ချင်းနှင့်ပတ်သက်သော ခံစားချက်အထွေထွေများကို စကားလုံးပြောင်ပြောင်၊ အတွေးထက်ထက် လွတ်လပ်သောကာရံနဘေမိမိ ဖြင့် ရေးဖွဲ့အန်ချထားကြောင်း ဆရာဝိသေသက မှတ်ချက်ပေးသည်။

ဦးဆလိုင်းရွှေလင်း (အမှတ် ၀၀၆၇၀)၊ သုဒ န္တစာပေ၊ အမှတ် ၃၁ ၊ ၆-လွှာ ၊နှင်းဆီကုန်းလမ်း၊ အလုံ၊ ရန်ကုန်က ထုတ်ဝေသည်။ ဦးအောင်ကျော်ထူး (မှတ်ပုံတင် ၀၀၁၆၇) မြတ်ပန်းရဂုံပုံနှိပ်တိုက်၊အမှတ် ၁၇၊ ရန်ပြေ ၁၀-လမ်း။ ၃-ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်က အဖုံးနှင့် အတွင်း စာသားများကို ပုံနှိပ်သည်။

၂၀၁၆ အောက်တိုဘာလတွင် ပထမအကြိမ်၊ အုပ်ရေ ၅၀၀ ဖြစ်သည်။

စာအုပ်ဖတ်ရှုလိုသူများ ၀၉ ၃၀၀၀ ၄၉၇၄ ၊ ၀၉၇၉၉၆၇၉၉၅၉ သို့ ဆက်သွယ်နိုင်သည်။

(ဟိုချင်း ဒီချင်း) အမည်ရှိ ကဗျာကို နမူနာဖေါ်ပြလိုက်ပါသည်)

ချင်းတဲ့-
ရှင်းရှင်းလေးပဲ
အမည်ကတော့ တလုံးထဲ
ဒါပေမဲ့- ရှင်းလေ ရှုတ်လေ

အထုပ်တွေက များများလာ၊
ဟိုမျိုးနွယ် ဒီမျိုးနွယ်
ဟိုကိုးကွယ် ဒီကိုးကွယ်
ဟိုမြို့နယ် ဒီမြို့နယ်
တောင်ပေါ် မြေပြန့်
ချောင်းဖျား ချောင်းအောက်
ဟိုဘက် ဒီဘက်
ငါတို့မှ ချင်းအစစ် ငါတို့ကချင်းမစစ်
ခပ်ညစ်ညစ် ခပ်ထွေထွေ
ပေတေတေချင်း ဝေလေလေချင်း
ယာခုတ်တဲ့ချင်း အထာလုပ်တဲ့ချင်း
ဝက်မွေးတဲ့ချင်း ထွက်ပြေးတဲ့ချင်း
ငြီးတွားတဲ့ချင်း ကြီးပွါးတဲ့ချင်း
အလှကြိုက်တဲ့ချင်း ပြတိုက်ထဲကချင်း
တုတ် (ဒုတ်) ကြားကချင်း လုပ်စားတဲ့ချင်း
မယ်လိုဒီချင်း အင်ဂျီအိုချင်း
ချင်းတွေ ချင်းတွေ
အဖုံဖုံ အဝဝ စုံပွ
ဥုံဖွ- ငါကော ဘာချင်းလဲ
အတင်းတုတ်တဲ့ ချင်းစုတ်လား
အတင်းပြောတဲ့ ချင်းချောလား
(သြော် မေ့လို့ မေ့လို့)
ချင်းတွေတူတာ နှစ်ခု ကျန်သေးတယ်
(တွီးအော့) ကြတာနဲ့ (အွီးဆွော) စားတာလေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts