ကဗျာ

မင်းကိုနိုင် ● ရှာကြပါဦး

မင်းကိုနိုင် ● ရှာကြပါဦး
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။

ကိုယ်ငယ်ငယ်က
ပိတ်ဖြတ်စ ရောင်စုံတွေကို
ကားလိပ်လိုဆင်
အလျားတတောင် အနံတထွာလောက်
ဇာတ်ခုံဆောက်ပြီး က,ပြခဲ့
စပ်စောင် ချုပ်ဖို့ စုထားတဲ့
အမေကတော့ ဆူတာပေါ့

မီးပျက်ညတွေဆို
ညီမလေးကို ဖျော်ဖြေဖို့
ဖယောင်းတိုင်မီးရှေ့
လက်ချောင်းလေးတွေလှုပ်
ခွေးရုပ် ယုန်ရုပ်
အရိပ်ပြဇာတ် က,ပြခဲ့
နောက်ဆုတ်နောက်ဆုတ်နဲ့ပဲ
ရှဲကနဲညှော်ပြီး
ဆံပင်မီးလောင်ဖူးရဲ့

ကိုယ်ရှိမှ သူများပေးလို့ရတာ
ကိုယ်ကပျော်စေချင်ပေမယ့်
ပျော်စရာ ကိုယ့်မှာ ရှိဦးမှ..

မှန်းစမ်း..
ဘ၀လက်ကျန်မှာ
ပိတ်ရောင်စုံ ဖြတ်စအပိုနဲ့
ဖယောင်းတိုင် အတိုလေးများ
ရှိဦးမလား….။ ။

#မင်းကိုနိုင်
( ၁-စက်တင်ဘာ-၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts