သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ သိက္ခာရှိသောထွက်ပေါက်

မောင်မောင်စိုး – အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ သိက္ခာရှိသောထွက်ပေါက်
(မိုးမခ) သြဂုတ် ၁၉ ၊ ၂၀၁၆

၂၁ ရာစုပင်လုံညီလာခံဆိုသည်မှာ နိုင်ငံရေးပြသနာကို စားပွဲဝိုင်း ပေါ်ထိုင်၍ နိုင်ငံရေးနည်းအရပြသနာဖြေရှင်း ဖြစ်သည်။ လွယ်ကူလှသည်တော့မဟုတ်ပေ။ နှစ် ၇၀ နီးပါး ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများ
အတွင်း ပေးခဲ့ရသော စတေးခဲ့ရသော အသက်သွေးပေါင်းများစွာရှိခဲ့သည်။ ယင်းအခြေအနေများအောက်တွင် နာကျည်းမှု များ အာဃတများ အမုန်းတရားများ များစွာကြားမှ ဤစားပွဲဝိုင်းသို့ လာရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အမျိုးသားရင်ကြားစေ့ရေးဟု ခေါ်ကြပါသည်။

၂၀၁၆ သြဂုတ်လ ၁၈ ရက်နေ့စွဲဖြင့် TNKA တအန်းပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ULA/AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ကြေညာချက်ထွက် လာသည်။ ၂၁ ရာစု ပင်လုံသို့ တက်ရောက်ရန်လိုလားကြောင်း ဖေါ်ပြထား၍ အချို့ က ထို့ ၃ ဖွဲ့တက်ရန် သဘောတူပြီဟု ထင်ကြပါသည်။ သို့သော် လက်ရှိပြသနာက ထိုသို့မဟုတ်ချေ။

၂၀၁၆ ဇူလိုင်လအတွင်း အဆိုပါ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ မိုင်းလားတွင် အလွတ်သဘောတွေ့ဆုံသည်။ ထို့နောက် မိုင်းလားခေါင်း ဦးစိုင်းလင်း၏ကြားဝင်ညှိနှိုင်းမှု ဖြင့် ၂၀၁၆ သြဂုတ်လ ၉ ရက် နေ့တွင် မိုင်းလားတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးသိန်းဇော် ဦးခင်ဇော်ဦး ဦးအောင်ကြည်တို့နှင့် PSLF/TNLA ဥက္ကဌ မိုင်အိုက်ဖုန်း ULA/AA ဥက္ကဌ ဦးထွန်းမြတ်နိုင် MNDAA ဥက္ကဌ ဖုန်တရွှင် အတွင်းရေးမှူးဦးထွန်းမြတ်လင်းတို့ တွေ့ဆုံခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူများဘက်မှ အဆိုပါ ၃ ဖွဲ့ပါ ကြေငြာချက်တခု ထုတ်ပြန်ရန်တောင်းဆိုသည်ဟုဆိုပါသည်။ တောင်းဆိုသည့် ကြေငြာချက်ပါ အချက်များစွာညှိနှိုင်း၍ ရသော်လည်း ညှိနှိုင်း၍ မရခဲ့သည်မှာ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ တောင်းဆိုသည့် ” လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်ရေး” ဆိုသည်ကို အဆိုပါ ၃ ဖွဲ့က လက်မခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၃ ဖွဲ့ သုံးစွဲလိုသည့် ” လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး” ဆိုသည်ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ သွား ရောက်ဆွေးနွေးသူများက လက်မခံနိုင်သဖြင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့သည်။

သို့ဖြစ်ရာ ၂၁ ရာစု ပင်လုံသို့ ထို ၃ ဖွဲ့တက်ရောက်ရေးနှင့်ပတ်သက်၍  ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် ထို ၃ ဖွဲ့ကြား သုံးစွဲလိုသော စကားလုံး(ဝါ) ဝေါဟာရ ညှိမရ၍ ကြန့်ကြာ သဘောတူညီချက်မရဟု ဆိုပါသည်။

မြန်မာစစ်ဖက် ဘက်ကတော့လည်း သုတို့ဘက်ကလျှော့ပေးသည်ဟု ယူဆသည်။ ပထမ ” လက်နက်စွန့်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါဝင်ခွင့်ပြု နိုင်မည်” ဟု ဖေါ်ပြသည်။ ဒုတိယ ” လက်နက်စွန့်စရာမလိုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ခွင့်ပြု မည်”ဟု ဖေါ်ပြသည်။ သို့သော် ” လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်” ဟု ကြေညာချက်ထုတ်ရမည်ဟုဆိုသည်။ သို့သော် ထို ၃ ဖွဲ့ကတော့ ” လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး” ဟု ဖေါ်ပြချင်သည်။ သို့နှင့် ထိုဝေါဟာရပေါ်၌ ညှိနှိုင်းမရခဲ့ပေ။

ဝေါဟာရသည် အရေးကြီးပါသလော။ ကြည့်မြင်ပုံ လုပ်ကိုင်ပုံ ကွဲလွဲနိုင်ပါသည်။ သို့သော် ရန်ကုန်တွင် သြဂုတ် ၁၁/၁၂/၁၃ ပြုလုပ်သော နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများဆိုသည့်နေရာတွင် ” တရားဝင် နိုင်ငံရေးပါတီများ”ဟုပြင်ပါသည်။ သြဂုတ် ၁၅/၁၆ တွင်ပြုလုပ်သော UPDJC အစည်းအဝေးတွင် ” ညီလာခံကိုယ်စားလည်” ဟူသော စကားလုံးအား ” ညီလာခံတက်ရောက်သူ” ဟုပြင်ပါသည်။ တခါတရံတွင် စကားလုံးများသည် အရေးပါပုံရပါသည်။ ထို့ကြောင့် ရှေးလူကြီးများက ပညတ်သွားရာ ဓါတ်
သက်ပါသည်ဟု ဆိုကြပုံရသည်။

အခြားသတင်းများအရ အဆိုပါ ၃ ဖွဲ့သည် UWSA ဌာနချုပ် ပန်ဆန်းတွင် အစည်းအဝေးလုပ်ပြီး ၂၀၁၆ သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် တရပ်ထုတ်ပြန်ခဲ့သည်။ အချို့က အဆိုပါ ၃ ဖွဲ့ ၂၁ ရာစုပင်လုံတက်မည်ဟု ကြေညာခြင်းဖြစ်သည်ဟု ဆိုနေကြသည်။ တကယ်တော့ အဆိုပါ ၃ ဖွဲ့ ပင်လုံတက်ရေး မတက်ရေးမှာ လက်ရှိအချိန်တွင် မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့် ဆိုင်သည်ဟုဆိုရမည်။ ၎င်းတို့ကြေညာချက်တွင် ” လက်နက် ကိုင်လမ်းစဉ်စွန့်ရေး” မပါပေ။ ” လက်နက်ကိုင် ပဋိပက္ခအား နှစ်ဖက်ညှိနှိုင်း ဖြေရှင်းရေးသာပါသည်။ ထို ၃ ဖွဲ့၏ကြေညာချက်တွင် ပြည်တွင်းစစ်မီး ငြိမ်း သတ်ရန် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးအဖြေရှာရန်ဟုသာ ဖေါ်ပြသည်။ ထိုဖေါ်ပြချက်သည် လုံလောက်ခြင်း ရှိမရှိ အားလုံးစဉ်းစားသုံးသပ်ကြရန်လိုသည်။ အဆိုပါဖေါ်ပြချက်နှင့်ပတ်သက်၍ မြန်မာစစ်ဖက်ခေါင်းဆောင်များ လက်ခံနိုင်ပါမည်လော။ ဤကား အားလုံးအတွက် ပဟေဠိဟုဆိုရမည်။ အားလုံးစောင့်ကြည့်နေသောအချက်ဖြစ်သည်။

ခက်ခဲသောအချိန်ကာလဖြစ်သည်။ တိုက်ဆိုင်စွာပင် ထိုကြေညာချက် သည် ဒေါ်အောင်ဆန်းစုကြည် ဘေကျင်းသို့ရောက်သည့်နေ့တွင် ထွက်ပေါ်၍ လာပါသည်။

၂၁ ရာစု ပင်လုံဆိုသည်မှာ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေး အခြေခံပေါ်မှ လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။

နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းရန် အခြေခံလိုအပ်ချက်မှာ ပါဝင်သင့်သူအားလုံး ပါဝင်ရေးဖြစ်သကဲ့သို့ ပါဝင်သူအားလုံးအား ” နိုင်ငံရေးအရ သိက္ခာရှိသော ထွက်ပေါက်ပေးရေး” သည် အခြေခံအကျ
ဆုံး လိုအပ်ချက်ဖြစ်ပါသည်။ သို့မှသာ ” အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်း ရေး” ကို ဖေါ်ဆောင်နိုင်ပေလိမ့်မည်ဖြစ်သည်။

Mg Mg Soe ( မောင်မောင်စိုး )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts