ဇင်လင်း သတင်းဆောင်းပါး

ဇင်လင်း – ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ တပြည်လုံး အပစ်အခတ် ရပ်စဲရေး …


ဇင်လင်း – ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ တပြည်လုံး အပစ်အခတ် ရပ်စဲရေး …

(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃ နာရီက အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ ရွှေလီလမ်းရှိ “အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” (NRPC)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံမှုကို ‘ရင်းနှီးသော မိသားစု ဝင်များအဖြစ်’ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သုံးနှုန်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီ တွေ့ဆုံမှု ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စဖြစ်တဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဖြေရှင်းနိုင်ရေးကို အထူး ၀ါယမစိုက်ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အမှန် လိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး (National Reconciliation) အတွက်လည်း တပါတည်း အားထုတ် နေပုံရပါတယ်။ “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန” (NRPC) မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူထား တဲ့အတွက်လည်း ရှေ့အလားအလာအတွက် အားရစရာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ပြိုင်တည်းကြေညာပြီး အပစ်ရပ်စဲကြရေး တောင်းဆိုခဲ့ တယ်လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားကိုယ်စားလှယ်တို့ တောင်းဆိုချက်ကို ရရှိဖို့ ကြိုးပမ်းပေး မယ် လို့ပြောကြားကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ဇူလိုင် ၁၈ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုခဲ့ပါတယ်။ သြဂုတ် မကုန်ခင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပဖို့ စီစဉ်နေပေမယ့် အားလုံး ပါဝင်ခွင့် ရရေးကိစ္စက ညှိနှိုင်းနေဆဲပဲဖြစ်ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ကစခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စဟာ နှစ်ဖက်အကြား သဘောတူညီချက် မရသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ထုတ်ပြန်ချက်မှာတော့ “၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ” မှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါနိုင်ရေး နှစ်ဖက်ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

‘‘ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးအ ပစ်အခတ် ရပ်စဲရေးကြေညာလိုက်ရင်တော့ ဒီကိစ္စက အလိုလိုနေပြီး တော့ ကျွန်တော်တို့အတွက် အဆုံးအဖြတ်လိုမျိုးဖြစ်လာမလားဆိုတဲ့ သဘောပါ။ အဲဒီတော့ အစိုးရတပ်မတော်ဘက်က လက်ခံမယ် ဆိုလို့ရှိရင် ကျွန်တော်တို့အတူတကွ သက်ဆိုင်သူအားလုံးက အတူတကွကြေညာမယ်ဆိုလို့ရှိရင် သူ လည်းမပစ်ဘူး၊ ကိုယ်လည်းမပစ်ဘူးဆိုတဲ့ သဘောဖြစ်သွားပြီလို့ ကျွန်တော်တို့နားလည်ပါတယ်။ အဲဒီအဖြေကိုလည်း ကျွန်တော်တို့ လိုချင်တာဖြစ်ပါတယ်’’ လို့ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူးဦးရယ်က 7Day Daily သတင်းဌာနရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြောခဲ့ပါတယ်။

ပထမဆုံး အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တန်းတူရည်တူ ဝိုင်းဖွဲ့ထိုင်ကြတဲ့ ထိုင်ခုံနေရာ ခင်းကျင်းမှု ပုံစံသစ်ကြောင့် မီဒီယာသတင်းစောင့်ကြည့်နေကြတဲ့ ပြည်သူတွေက ကျေနပ်အားရကြတယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲမှာ အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦးတို့တက်ရောက်ကြပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဘက်မှ UNFC ဥက္ကဋ္ဌ ဦးအင်ဘန်လနှင့် အဖွဲ့ဝင် ဦးနိုင်ထောမွန်၊ ဦးခွန်း အေဘယ်တွိဒ်၊ ဦးဆေထင် နဲ့ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့(Delegation for Political Negotiation-DPN) ခေါင်းဆောင် ခူဦးရယ်အပါအဝင် အဖွဲ့ဝင်ရှစ်ဦး တက်ရောက်ကြ ပါတယ်။ အချိန် ၁ နာရီ ၄၅ မိနစ် ကြာမြင့်ခဲ့တဲ့ အဆိုပါ တံခါး ပိတ်ဆွေးနွေးပွဲမှာ မြောက်ပိုင်းဒေသတွေမှာ တပ်မတော်က ဆက်လက်ထိုးစစ်ဆင်နေခြင်းကို ရပ်တန့်ပေးရေး အထူးဆွေးနွေးခဲ့ကြတယ်လို့ UNFC ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်ပဋိပက္ခအတွင်း ပါဝင် ပတ်သက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးက စစ်မှန်တဲ့ တနိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေး NCA ကို တစ်ပြိုင်တည်းကြေညာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း UNFC ခေါင်းဆောင်တွေ ရဲ့ ယူဆချက်ကိုလည်း ဖော်ပြထားပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) အနေနဲ့လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်ပြီး တင်ပြစရာတွေ ရှိတာကြောင့် ချင်းမိုင်မြို့မှာ အစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်များညီလာခံ ကျင်းပရေး အတွက်လည်း အစိုးရဘက်က သွားလာရေးပိုင်းကို တာဝန်ယူဆောင်ရွက်ပေးဖို့ သဘောတူညီထားတယ်လို့ လည်း ဆိုပါတယ်။

မကြာသေးမီက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဟာ ဇွန်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက်၊ ဇွန်လ ၂၈ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ကြတယ်။ ဒီ့နောက် ဇွန်လ ၂၉ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထပ်မံ တွေ့ဆုံခဲ့တယ်လို့ KIC သတင်းအရ သိရ တယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့’ (EAO – PPST) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန်လ ၂၉ ရက် က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့စဉ် NCA အတိုင်းဆက်ရပ်တည် သွားဖို့ နှစ်ဖက်သဘောတူခဲ့တယ်လို့ဆိုပါတယ်။

ဒီ နိုင်ငံရေးအခင်းအကျင်းတွေကိုကြည့်ခြင်းအားဖြင့် ဒီ တကြိမ် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်ဟာ အပေါင်း လက္ခဏာဘက်ကို အနည်းငယ် တိမ်းညွတ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်ရေးအတွက် အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အားလုံးကြိုးစား အားထုတ် နေကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရှေ့တန်းစစ်မျက်နှာက အခြေအနေတွေ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးတာကတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲဖို့အတွက် ကုန်ကျစရိတ်တွေ အလွန်ကြီးပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ဆံဖိုး၊ သယ်ယူပို့ဆောင်စရိတ်၊ ဆက်သွယ်ရေးယန္တရားစရိတ်၊ အစရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေထဲက ကုန်ကျရတဲ့ စရိတ်တွေဟာ အလွန်တရာ နှမျောစရာကောင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး နေစဉ် အတောအတွင်းမှာသာ စစ်ပွဲတွေ ရပ်ထားနိုင်ရင်တောင် အဲဒီ စစ်စရိတ်တွေဟာ နိုင်ငံပြန်လည်ထူထောင်ရေး အတွက် အထောက်အပံ့ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်မှာ အစိုးရက ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လာမည့် သြဂုတ်လမှာ စတင် ကျင်းပနိုင်ရေး ပြင်ဆင်နေပြီး၊ NCA စာချုပ် လက်မှတ်ထိုး/မထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ်ကို KIO နယ်မြေ မိုင်ဂျာယန်မြို့မှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကချင် လွပ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသ “မိုင်ဂျာယန် ညီလာခံ” ကို ဇူလိုင်၂၆ မှ ၂၉ အထိ ကျင်းပမှာဖြစ်ပြီး၊ ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၂၁ ဖွဲ့ ဖိတ်ကြားထားတယ်လို့ဆိုပါတယ်။ အဖွဲ့တဖွဲ့မှ ကိုယ်စားလှယ် (၅)ဦးစီ တက်ရောက်ခွင့်ရရှိမယ်လို့ KNG သတင်းက ဆိုပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင် တိုင်းရင်းသား များ ဖက်ဒရေးရှင်း (NBF) နဲ့ အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) (WLB) တို့လည်း တက်ရောက်မယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကို၊ ယေဘုယျစိပ်ဖြာကြည့်တဲ့အခါ၊ ဦးသိန်းစိန်အစိုးရရဲ့ အစိုးရသက်တမ်း(၅)နှစ် အတွင်း ပြည်တွင်းစစ်ရပ်စဲရေးကို ကျေနပ်လောက်အောင် မဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုပြောရတာက စစ်စရိတ်ထောင်းလို့ လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ အဖက်ဖက်က ဆုတ်ယုတ်ကျဆင်းခဲ့ပြီး၊ သာမန်ပြည်သူ လူထု အားကိုးရမယ့် တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖေါ်ဆောင် မပေးနိုင်ခဲ့ တာကြောင့် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိစ္စမှာ ကျောသားရင်သားခွဲခြားမှုတွေ ရှိနေတယ်။ ကချင်လူမျိုးဖြစ်ရုံနဲ့ KIO ကိုထောက်ခံတယ်လို့ စွပ်စွဲ အပြစ်ပေးတာမျိုးတွေ မဖြစ်သင့်တော့ဘူးထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတယ် ဆိုပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေ့ရတယ်။

အခုလို နိုင်ငံတော် အာဏာစီးဆင်းမှု ရှေ့နောက်မညီ ဖြစ်နေရခြင်းဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ ဒီမိုကရေစီ မကျမှုကြောင့် ပါပဲ။ လက်ရှိ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် တိုးတက်မှု နှေးကွေးရခြင်းဟာ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက် နေခြင်းကြောင့် ဖြစ်တယ်။ တကယ်တော့ တပ်မတော်ရဲ့ ပင်မတာဝန်က နိုင်ငံတော် ကာကွယ်ရေးတာဝန်ဖြစ်တယ်။ မိမိ မကျွမ်းကျင်တဲ့၊ မိမိနဲ့မပတ်သက်တဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တပ်မတော်က မပတ်သက်သင့်ဘူး။ သူ့နေရာနဲ့ သူ၊ အရပ်ဖက် ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းရွက် မှုကို စစ်တပ်က လေးစားလက်ခံသင့်တယ်။ နှစ်ပေါင်း (၅၀)ကျော် စစ်တပ်က နိုင်ငံရေး စီးပွားရေးနဲ့အုပ်ချုပ်ရေးကိစ္စ တွေမှာ စွက်ဖက်ခဲ့လို့ မြန်မာပြည်ဟာ Least Developed Country ဘ၀ကို ရောက်ခဲ့ရခြင်းဖြစ်တယ်။ ဒီအချက်ကို စစ်ခေါင်းဆောင်တွေ ပြန်လည်သုံးသပ်သင့်တယ်။

အချုပ်အားဖြင့် ပြောရရင် ၂၁ ရာစု ပင်လုံ ညီလာခံ အောင်မြင်ရေးအတွက် ဆွေးနွေးပွဲကျင်းပနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး ပစ်ခတ်တိုက်ခိုက်မှုများ ချွင်းချက်မရှိ ရပ်ထားသင့်တယ်။ လက်ရှိအစိုးရနဲ့ တပ်မတော်အကြား၊ အစိုးရနဲ့ တိုင်းရင်း သားတွေအကြား၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်အကြား မူဝါဒ သဘောထား အမြင်ဆိုင်ရာ ကွဲလွဲမှုတွေကို ညှိနှိုင်း အဖြေရှာသင့်တယ်။ တဦးအပေါ်တဦး နားလည်အောင်၊ တဦးနဲ့တဦးယုံကြည်မှု ခိုင်မြဲအောင် Dialogue နည်းလမ်း နဲ့ အဖြေရှာသင့်တယ်။ အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသားတွေအကြား ပြည်တွင်းစစ်အပေါ် သုံးသပ်ပုံ ကွဲလွဲမှုတွေကြောင့် လည်း လက်ရှိ စစ်ရေး ပဋိပက္ခတွေ အဆုံးမသတ်နိုင်တာ ဖြစ်တယ်။

NLD အစိုးရက တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို မှန်မှန် ကန်ကန် စာနာနားလည်ပြီး စစ်ရေးပဋိပက္ခတွေ အားလုံးကို အဆုံးသတ်ပစ်လိုပုံရပါတယ်။ ဒါပေမယ့် တပ်မတော်က တိုင်းရင်းသားတွေအပေါ် စစ်ရေးအရ ဖိအားပေး လက်နက်ချ ခိုင်းနေတယ်။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးလိုတဲ့ သဘောထား အမှန်တကယ်ရှိရင် ကြိုတင်စည်းမျဉ်းကန့်သတ် မထားဘဲ စိတ်စေတနာမှန်ကန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ Genuine Political Talks လုပ်မှသာ အပြုသဘောဆောင်မှာ ဖြစ်ပါတယ်။ စစ်ရေးအရ ဖိအား ပေးမှုတွေကြောင့် အမုန်းတရားတွေ ပိုမိုကြီးထွားလာနိုင်ပါတယ်။

မကြာမီ ဇူလိုင်၂၆ ရက်မှ ၂၉ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးကို ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ ကျင်းပ ပါတော့မယ်။ မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးဟာ အရင် အစည်းအဝေးများထက် အရှိန်အဟုန် ပိုမိုကောင်းမွန်လာပြီဖြစ်တယ်လို့ဆိုပါတယ်။ မိုင်ဂျာယန်ညီလာခံကနေရရှိလာမယ့် ရလဒ်များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ယူဆကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KDP) ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာက ဇူလိုင် ၁၇ ရက်က မီဒီယာကို ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဖက်ဒရယ်မူ အပြည့် အ၀လိုအပ်ပြီး အစိုးရအနေနဲ့ မိုင်ဂျာယန်အစည်းအဝေး ရလဒ်ကို လက်ခံနိုင်မယ်လို့ မျှော်လင့်ကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြားတဲ့ သတင်း ကို အလဲဗင်းမီဒီယာသတင်းက ဖေါ်ပြထားတာ သတိပြုသင့်ပါတယ်။
ဒါကြောင့် သြဂုတ်လ ၂၁ ရာစု ပင်လုံညီလာခံမတိုင်မီ စစ်ရေးအရ ဖိအားပေးမှုတွေ ရပ်သင့်ပါပြီ။ အစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းချမ်းရေးခရီးစဉ်မှာ တလှေထဲစီး တခရီးထဲသွားနေကြသူတွေ ဖြစ်ကြောင်းလည်း ပြည်သူအများသိရှိအောင် ကြေညာ ပြောဆိုသင့်ပါပြီ။ ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စမှာ အစိုးရရဲ့ လမ်းစဉ်ကို တပ်မတော်က အခိုင်အမာ ထောက်ခံ ရဲ့လားလို့ လူထုအတွင်း သံသယဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် လူထုရဲ့ သံသယ ကင်းရှင်းရေးအတွက် တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တစ်ပြိုင်တည်းကြေညာသင့်ပါတယ်။ ဒါမှသာ အစိုးရရဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ချောချောမွေ့မွေ့ အောင်မြင်မှာ ဖြစ်တယ်လို့ ယူဆမိကြောင်းပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts