သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် – အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၃)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၂ ရက်၊ ၂၀၁၄၊ စနေနေ့၊ စာမျက်နှာ ၁၈)
 

အောင်ဒင် – အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၃)

 

#ခရိုနီများနှင့် ဆက်ဆံခြင်း

 

တစ်ချိန်ကတော့ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ထားတဲ့ ခရိုနီစီးပွါးရေးသမားများက အမေရိကန်အရေးယူမှုကို ပမာမခန့်လုပ်ခဲ့ကြတာပါ။ ဒါပေမည့် ၂၀၁၁ ခုနှစ်လောက်ကစပြီး နံမည်ပျက်စာရင်းဝင် စီးပွါးရေးသမားများဟာ အမေရိကန်သံရုံးအရာရှိများကို ချဉ်းကပ်ပြီး နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ တိုးတိုးတိတ်တိတ် တောင်းဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုထဲက ထင်ရှားတဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မီဒီယာသမားအချို့ကို ချဉ်းကပ်စည်းရုံးပြီး သူတို့ကို နံမည်ပျက်စာရင်းက ဖယ်ရှားရေး အမေရိကန်အစိုးရကို တိုက်တွန်းပေးဖို့ အကူအညီတောင်းခံခဲ့ကြပါတယ်။ အချို့စီးပွါးရေးသမားများဆိုရင်လည်း ဖောင်ဒေးရှင်းတွေတည်ထောင်ပြီး လူမှုရေးလုပ်ငန်းတွေ အားသွန်ခွန်စိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးမြှုပ်နှံကြမည့်အချိန်မှာ နံမည်ပျက်စာရင်းဝင်များအဖို့ အမေရိကန်စီးပွါးရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်မရှိပါ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသားများဟာ ဦးတေဇပိုင်ဆိုင်တဲ့ “အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်” (Asia Green Development Bank Limited) နဲ့ ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ “ဧရာဝတီဘဏ်” (Ayeyarwady Bank) တို့မှာ ရင်းနှီးမြှုပ်နှံခွင့်မရှိပါ။

 

ခရိုနီများနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုအတွင်းမှာလည်း သဘောထားနှစ်မျိုးကွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်ကတော့ လူမှုရေးလုပ်ငန်းများအတွက် ခရိုနီများလှူဒါန်းတဲ့ ပိုက်ဆံကို လက်ခံသင့်တယ်လို့ သဘောထားပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း အလားတူသဘောထားမျိုးရှိတယ် ထင်ပါတယ်။ သိပ်မကြာသေးခင်က ၈၈ ခေါင်းဆောင်များ ကူညီဖွဲ့စည်းတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီမည့် မေတ္တာအိုးဝေဖောင်ဒေးရှင်းအတွက် ထူးဖောင်ဒေးရှင်းရဲ့  အလှူငွေ ကျပ်သိန်း တစ်ရာကို လက်ခံတယ်လို့ သတင်းဖော်ပြတာ ဖတ်လိုက်ရပါတယ်။ အလားတူသဘောထားရှိသူတွေ အများကြီးရှိကြပါတယ်။ သူတို့တွေက ခရိုနီတွေကို ရန်သူတွေလို ဆက်ဆံမုန်းတီးကြမည့်အစား တိုင်းပြည်အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာ၊ သူတို့ရဲ့  ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်ရဲ့  လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ အသုံးချတာ ပိုကောင်းတယ်လို့ တွေးခေါ်ပုံရပါတယ်။

 

မြန်မာစစ်အစိုးရက မွေးမြူပျိုးထောင်ပေးခဲ့လို့ အချိန်တိုအတွင်းမှာ အလွန်အမင်းချမ်းသာကြွယ်ဝလာပြီး အပြန်အလှန်အားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို ငွေရေးကြေးရေးအကြီးအကျယ်ထောက်ပံ့ခဲ့တဲ့၊ ထောက်ပံ့နေဆဲဖြစ်တဲ့ ခရိုနီစီးပွါးရေးသမားများကို ခါးခါးသီးသီးမုန်းတီးပြီး အဲဒီ ခရိုနီများနဲ့ မဆက်ဆံရေးသဘောထားရှိကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူများလည်း အများအပြားရှိကြပါတယ်။ အဲဒီလို သဘောထားတင်းမာတဲ့ ဒီမိုကရေစီလှုပ်ရှားသူများက ခရိုနီများအပေါ် ပျော့ပြောင်းတဲ့ သဘောထားရှိတဲ့ ဒီမိုကရေစီလှုပ်ရှားသူများကို ပြစ်တင်ကြ၊ ဝေဘန်ကြတာလည်း မကြာခဏကြားသိရပါတယ်။

 

ခရိုနီများဘက်မှာလည်း ကွဲပြားမှုတွေရှိပါတယ်။ အချို့က ခေတ်ရဲ့အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲချင်တာ တွေ့ရပါတယ်။ သူတို့ကို လူထုက မုန်းတာကို မခံချင်ကြတော့ပဲ လူအများကို အကျိုးပြုသော၊ လူအများက ချစ်ခင်လေးစားသော သန့်ရှင်းမျှတသည့် စီးပွါးရေးလုပ်ငန်းရှင်များအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အချို့ခရိုနီများကတော့ စီးပွါးရေးမှာသာမက နိုင်ငံရေးအာဏာတွေပါ ရရှိလာပြီး ပိုပြီးလောဘကြီးလာတာ၊ ပိုပြီးမောက်မာလာတာလည်း တွေ့ရပါတယ်။ ဘုရားတည်၊ ဘုန်းကြီးလှူရုံနဲ့ သူ့အကုသိုလ်တွေ ပျောက်ပြီလို့ ယုံကြည်နေတဲ့ ခရိုနီမျိုးလည်းရှိပါတယ်။ အချို့ကတော့ နံမည်ပျက်စာရင်းကလည်း လွတ်မြောက်ချင်၊ အသားကျနေတဲ့ အကျင့်စရိုက်တွေကိုလည်း မပြင်နိုင်၊ ဗိုလ်ချုပ်သစ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့  အငြိုအငြင်ကိုလည်း မခံနိုင်ကြတာ တွေ့ရပါတယ်။ အချို့ကျတော့လည်း ဘာကိုမှ ပြင်ဖို့မကြိုးစားပဲ နိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အလားအလာရှိသူများကိုသာ ငွေနဲ့ပေါက်ပြီး ဝယ်ယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။

အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ခရိုနီများနဲ့ ပတ်သက်ပြီး မပြောင်းလဲတာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံရဲ့  စီးပွါးရေးအဆောက်အအုံတစ်ခုလုံးနီးပါးကို ခရိုနီများက ဆက်လက်ပြီး လက်ဝါးကြီးအုပ်၊ ချုပ်ကိုင်ထားနိုင်ဆဲပါ။ ဒုတိယအချက်ကတော့ အမေရိကန်အစိုးရရဲ့  နံမည်ပျက်စာရင်းထဲမှာ လက်ရှိပါဝင်နေတဲ့ ခရိုနီ (၁၀) ဦးထက် ပိုပြီးဆိုးဝါးတဲ့၊ ပိုပြီးအပြစ်ပေးသင့်တဲ့ ခရိုနီတွေ အများကြီးရှိနေပြီး ၎င်းခရိုနီများဟာ အမေရိကန်အစိုးရရဲ့  အရေးယူမှုကနေ လွတ်မြောက်နေဆဲဖြစ်တာပါ ။

 

 

 

#ခရိုနီဖြစ်ရခြင်းအကြောင်း

 

ခရိုနီ (Crony) ဆိုတာ အင်္ဂလိပ်စကားဖြစ်ပါတယ်။ နိုင်ငံရေးအာဏာရှိသူတစ်ဦးတစ်ယောက်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး ယင်းနိုင်ငံရေးအာဏာရှိသူထံမှ အထူးအခွင့်အရေးများကို မတရားသဖြင့်ရရှိခံစားရသူလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ နိုင်ငံရေးအာဏာရှိသူက ရင်းနှီးသူတစ်ဦး (သို့မဟုတ်) အများကို အရည်အချင်းမပြည့်ဝပဲ ရာထူးကြီးများခန့်အပ်တာ၊ စီးပွါးရေးအခွင့်အရေးတွေ ပြိုင်ဖက်မရှိအပ်နှင်းတာကို ခရိုနီဝါဒ (Cronyism) လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၉ ကနေ ၂၀၁၁ ခုနှစ်များအတွင်း စစ်အစိုးရရဲ့  သူဋ္ဌေးမွေးမြူရေးစီမံကိန်းအရ စစ်ခေါင်းဆောင်များရဲ့ မိသားစုဝင်များနဲ့ ၎င်းတို့နဲ့ ရင်းနှီးကျွမ်းဝင်သူများ၊ မဆလခေါင်းဆောင်ဟောင်းများနဲ့ ၎င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများဟာ စီးပွါးရေးအခွင့်အရေးများကို ပြိုင်ဘက်မရှိရပြီး အချိန်တိုတိုအတွင်းမှာ ကြွယ်ဝချမ်းသာလာကြပါတယ်။ ဈေးဟောင်းတွေကို ဖျက်ပြီး ဈေးသစ်တွေဆောက်၊ လမ်းဟောင်းတွေကိုပြင်ဆင်တိုးချဲ့၊ လမ်းသစ်တွေဖောက်၊ မြို့သစ်တွေချဲ့ထွင်၊ ကျွန်းတောကြီးတွေကို ခုတ်လှဲ၊ မြေကြီးကိုဖြိုပြီး သတ္တုတူးဖော်၊ ပင်လယ်ထဲက ငါးဖမ်းကွက်တွေကို ရောင်းစား၊ ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်ဖို့ ပင်လယ်ကမ်းခြေအသစ်တွေ ဖော်ထုတ်ပြီး တည်းခိုနိုင်မည့် ဟိုတယ်ကြီးတွေ တည်ဆောက်၊ စစ်အစိုးရက ဖန်တီးပေးတဲ့ မြောက်များစွာသော စီးပွါးရေးအခွင့်အရေးများကို ရရှိလို့ ခေတ်ပျက်သူဋ္ဌေးတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ခေတ်ပျက်သူဋ္ဌေးတွေကလည်း အပြန်အလှန်အားဖြင့် သူတို့ သစ္စာခံရာ၊ သူတို့ကို သူကောင်းပြုရာ စစ်ခေါင်းဆောင်များနဲ့ မိသားစုများကို အလိုလိုက်အကြိုက်ဆောင်ခဲ့ကြရပါတယ်။ စစ်ခေါင်းဆောင်များရဲ့  ကိုယ်ပိုင်ကြွယ်ဝမှုကို ဖြည့်ဆီးပေးရုံတင်မကပဲ အချို့ခရိုနီများဆိုရင် မြန်မာ့တပ်မတော်အတွက် အရေးတကြီးလိုအပ်နေတဲ့ လက်နက်၊ ခဲယမ်းများ၊ ယန္တရားများကို ဝယ်ယူပေး၊ ဝယ်ယူဖို့ အကျိုးဆောင်ပေးတာတောင် ရှိခဲ့ပါတယ်။

 

ပိုပြီးဆိုးတာက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ ဒီမိုကရေစီလှုပ်ရှားသူများကို ဖြိုခွဲတိုက်ခိုက်ဖို့ “စွမ်းအားရှင်” အမည်နဲ့ အကြမ်းဖက်သမားများကို ဖွဲ့စည်းတာဝန်ပေးရာမှာ ခရိုနီသူဋ္ဌေးကြီးများက အဲဒီ “စွမ်းအားရှင်” များကို လစာ၊ ရိက္ခာထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်များဖွဲ့စည်းတည်ထောင်တဲ့ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း” ရဲ့  အဓိကအလှူရှင်များ၊ ၊ စစ်ခေါင်းဆောင်များရဲ့  ဘုရားတည်၊ ကျောင်းဆောက်လှူဒါန်းမှုများ၊ စစ်ခေါင်းဆောင်များနဲ့ မိသားစုဝင်များရဲ့  စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်စတဲ့ ပြည်ပအပန်းဖြေခရီးစဉ်များအတွက် အဓိကငွေကြေးထောက်ပံ့သူများဟာ ခရိုနီသူဋ္ဌေးကြီးများဖြစ်ကြပါတယ်။ ခရိုနီများက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းများကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းလောကကိုပါ ချဲ့ထွင်ပြီး သူတို့ပိုင် စာနယ်ဇင်းများမှာ စစ်အစိုးရရဲ့  ဝါဒဖြန့်သတင်းများ၊ စစ်အစိုးရကောင်းတဲ့အကြောင်းများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုကို ဝေဘန်ရှုတ်ချတဲ့ ဆောင်းပါးများကို ထည့်သွင်းဖော်ပြ ဝါဒဖြန့်ခဲ့ကြပါသေးတယ်။

 

 

 

#ခရိုနီများကို အရေးယူခြင်း

 

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သမ္မတ ဘွတ်ရှ် (President George W. Bush) က သမ္မတအမိန့်အမှတ် ၁၃၄၄၈ (Executive Order 13448) ကို ထုတ်ပြန်ပြီး မြန်မာနိုင်ငံက စစ်အစိုးရခေါင်းဆောင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့  ခေါင်းဆောင်များနဲ့ ၎င်းအဖွဲ့အစည်းများကို ဆက်ခံတဲ့ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံရေးဖိနှိပ်မှုများတွင် ပါဝင်သူ၊ တာဝန်ရှိသူများ၊ စစ်အစိုးရကို စီးပွါးရေး၊ နိုင်ငံရေးထောက်ခံအားပေးသူစီးပွါးရေးသမားများ၊ အစိုးရအဖွဲ့အတွင်းမှ အဂတိလိုက်စားသူ အရာရှိများ၊ အထက်ဖော်ပြပါပုဂ္ဂိုလ်များ၏ အိမ်ထောင်ဖက်များနှင့် သား၊ သမီးများကို နံမည်ပျက်စာရင်း (SDN List) သွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူမှုကို ကြေငြာပါတယ်။ စီးပွါးရေးပိတ်ဆို့ အရေးယူတယ်ဆိုတာက နံမည်ပျက်စာရင်းဝင်များပိုင်ဆိုင်တဲ့ ငွေကြေးများ အမေရိကန်ဘဏ်တစ်ခုခုမှာ အပ်နှံထားတယ်ဆိုရင် အဲဒီဘဏ်အပ်ငွေကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပါတယ်။ နံမည်ပျက်စာရင်းဝင်များရဲ့ လုပ်ငန်းနဲ့ အဆောက်အအုံများ အမေရိကန်ပြည်ထောင်စုမှာ ရှိနေရင် ၎င်းတို့ကို အမေရိကန်အစိုးရက သိမ်းပိုက်ပါတယ်။ နံမည်ပျက်စာရင်းဝင်များကို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်မပြုပါ။ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်စီးပွါးရေးလုပ်ငန်းများဟာ နံမည်ပျက်စာရင်းဝင်များနဲ့ စီးပွါးရေး၊ ငွေရေးကြေးရေး ဆက်ဆံခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်မရှိပါ။ အဲဒီလို ပုဂ္ဂိုလ်အချို့နဲ့ လုပ်ငန်းအချို့ကို သေသေချာချာစိစစ်ရွေးချယ်ပြီး စီးပွါးရေးပိတ်ဆို့အရေးယူမှုကို Targeted Financial Sanctions လို့ခေါ်ပါတယ်။

 

အဲဒီအမိန့်ကြေငြာချက်မှာ နံမည်ပျက်စာရင်းသွင်းတဲ့ စီးပွါးရေးသမားများနဲ့ ပါတ်သက်ပြီး “စစ်အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းများနှင့် ၎င်းတို့ကို ဆက်ခံသည့်အဖွဲ့အစည်းများကို ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ ကူညီသူများ၊ ရုပ်ဝတ္ထုပစ္စည်းများရရှိရေး တာဝန်ခံဆောင်ရွက်ပေးသူများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ နည်းပညာ၊ စာရင်းအင်းဆိုင်ရာ ထောက်ပံ့ကူညီသူများ၊ လုပ်ငန်းဆောင်ရွက်ပေးသူများ” လို့ ကျယ်ပြန့်စွာ ဖော်ပြထားပါတယ်။ အဲဒီအမိန့်ကြေငြာချက်နဲ့ အတူ မြန်မာနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင် ၅ ဦးနဲ့ ၎င်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းအချို့ကို အမေရိကန်အစိုးရက စတင်အရေးယူပါတယ်။ ပထမဆုံး အရေးယူခံရသူများက ဦးတေဇ၊ ပြည့်ဖြိုးတေဇ၊ ဒေါ်သီတာဇော်၊ ယုဇနဦးဋ္ဌေးမြင့်နဲ့ ဇေကမ္ဘာဦးခင်ရွှေတို့ဖြစ်ပြီး ပထမဆုံးနံမည်ပျက်စာရင်းသွင်းခံရတဲ့ စီးပွါးရေးလုပ်ငန်းများက “ထူး ကုမ္ပဏီလီမိတက်၊ ပါဗိုထရိတ်ဒင်း၊ ပုဂံလေကြောင်းလိုင်း၊ ပုဂံလေကြောင်းလီမိတက်၊ ထူး သစ်အချောကိုင်လုပ်ငန်း၊ ယုဇနကုမ္ပဏီလီမိတက်၊ ဇေကမ္ဘာကုမ္ပဏီ” တို့ဖြစ်ကြပါတယ်။

 

၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က Tom Lantos Block Burmese JADE Act of 2008 ကို ပြဌန်းအတည်ပြုပါတယ်။ အဲဒီဥပဒေမှာပါတဲ့အရေးယူမှုတွေထဲမှာ ထင်ရှားတာ နှစ်ခုက စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ကို စီးပွါးရေး၊ နိုင်ငံရေးထောက်ပံ့နေသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ Targeted Financial Sanctions နဲ့ သူတို့ရဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကိုအရေးယူတဲ့ Banking Sanction ပါ ။ အဲဒီဥပဒေအရ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အလိုတော်ရိစီးပွါးရေးသမားတွေကို နံမည်ပျက်စာရင်းထဲ (Specially Designated Nationals/SDN) ထည့်သွင်းပြီးအရေးယူမှုတွေစတင်ခဲ့ပါတယ်။

ဒါပေမည့်လဲ ဒီကနေ့အထိ အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူတဲ့ မြန်မာနိုင်ငံက နံမည်ပျက်စာရင်းဝင်ပုဂ္ဂိုလ်များအရေအတွက်ဟာ အဲဒီအချိန်က ဥရောပသမဂ္ဂက ပြည်ဝင်ခွင့်မပြုဖို့ ငြင်းဆိုထားတဲ့အရေအတွက်နဲ့ ဩစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူထားတဲ့အရေအတွက်ထက် အများကြီးနည်းနေပါတယ်။ ဥရောပသမဂ္ဂ နဲ့ ကနေဒါ၊ ဩစတြေးလျအစိုးရများက အရေးယူခဲ့တဲ့ မြန်မာအလိုတော်ရိစီးပွါးရေးသမားအချို့ဟာ ဒီကနေ့အထိ အမေရိကန်အစိုးရရဲ့  အရေးယူမှုကနေ ကင်းလွတ်နေဆဲဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts