Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – ပရိတ်ကြီး ၁၁သုတ်နဲ့ ပုလိပ်ကြီး ၁၁ယောက်

မောင်စွမ်းရည် – ပရိတ်ကြီး ၁၁သုတ်နဲ့ ပုလိပ်ကြီး ၁၁ယောက်
(ဒေါက်တာသန်းထွန်း အမှတ်တရ)
သြဂုတ် ၃၊ ၂၀၁၄

ကဗျာဆရာ

ချွေးနှီးစာနဲ့၊ ချွေတာ အိမ်ဆောက်

တိုင်ထောက်တာ၊ ထန်းတိုးတာ တနှစ်။

အိမ်မိုးကာ၊ အိမ်ကာတာ တနှစ်

မျက်နှာကျက်ကပ်တာ၊ တံခါးရွက်ကပ်တာ တနှစ်

အိမ်လဲဖြစ်ရော တနှစ်မကြာ

ဘူဒိုဇာနဲ့ထိုး၊ အစိုးရကဖျက်

ဒီရပ်ကွက်က၊ ဟိုရပ်ကွက်ကို ပြောင်း

တိုက်ခန်းငယ်မှာ အောင်းစေတဲ့

မနေချင်လဲနေ၊ နေချင်လဲနေ

ပေထုပ်တွေ၊ ပုရပိုက်တွေ

စာအုပ်တွေ၊ စာဖိုင်တွေ

ဆင်းတုတော်တွေ၊ ပန်းအိုးတွေ

ပန်းကန်ခွက်ယောက်နဲ့၊ ထန်းခေါက်ဖါတွေ

ကျိုးကျိုးကြေကြေ ပြောင်းစေ။

၂၀၀၂ ပြည့်နှစ်အစ

ဧပြီလ ၆ရက်

အခန်းထဲက မထွက်ရ

မနက်ကအစ၊ ညလဲမအိပ်

ရှိသမျှ ဂိတ်ပေါက်

ပုလိပ်ကြီး ၁၁ယောက်

တုံ့ခေါက်လူးလာ၊ စောင့်နေရှာရဲ့

ကဗျာဆရာ့ ဇနီးက

ပရိတ်ကြီး ၁၁သုတ်

ခလုပ်နှိပ်ပြီး ဖွင့်လိုက်တယ်။

ကဗျာဆရာကြီးကတော့

မီးခလုတ်ပိတ်

စိတ်ပုတီး တထွာနဲ့

ပရိတ်ကြီး နာလေရော။

ကဗျာဆရာ၊ ဘာလုပ်လို့လဲ

သူပုန်လဲမဟုတ်၊ သဘက်လဲမဟုတ်

အိမ်- အချုပ်တဲ့။

ခေါင်းရှောင်တဲ့ ကဗျာဆရာ

ခေါင်းဆောင်မှာ စိုးသတဲ့

စစ်အစိုးရက ခြိမ်းခြောက်

ခြောက်သူကပဲ၊ ကြောက်နေလေရဲ။

အဲဒီနေ့တာ

ဒေါက်တာသန်းထွန်းမွေးနေ့

သူ့မွေးနေ့မှာ၊ မမေ့ရှာဘဲ

ဖိတ်စာကလေ သူ့လက်ရေးနဲ့

ကလေးတယောက်ကို ပို့ခိုင်းတယ်

“ဟေ့ကောင် ဒီနေ့ငါ့မွေးနေ့

မမေ့နဲ့ကွာ၊ ဖြစ်အောင်လာတဲ့၊

မလာဖြစ်မှာသိလို့၊ ကလိတဲ့စာ

ရပ်ကွက်ကောင်စီကိုပြတော့

ပုလိပ်က ခေါင်းခါတယ်၊

မွေးနေ့ပွဲနဲ့ လွဲခဲ့ရတာ

လေး၊ ငါးနှစ်ကြာပြီး

ဆရာလဲ ဆုံးရှာရော။

ဆရာ့ကျောက်တိုင်၊

မတ်ခိုင်ခိုင်ကို

ဆုပ်ကိုင်ဦးမော်၊ ပူဇော်စရာ

ကဗျာပန်းခွေ၊ စာပန်းခွေနဲ့

မန်းမြေအရောက် ပြန်ခဲ့မယ်၊

ဆရာ့အုတ်ဂူ၊ လူကို မတွေ့၊ မရွှေမိ။  ။

မောင်စွမ်းရည်    ၂၀၁၄ ဇူလိုင်၁၄

သရုပ်ဖော် ပန်းချီသန်းဌေးမောင် – သူ့ဘလောက်ကယူပါတယ်။ ခွင့်တောင်းပါ၏။

http://thanhtaymaung.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts