နိုင်ငံတကာရေးရာ

အမေရိကားက ပုလိပ်တွေနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာ

Dallas police order people away from the area after several police were shot in downtown Dallas.
(AP Photo/LM Otero)

 
အမေရိကားက ပုလိပ်တွေနဲ့ အကြမ်းဖက်မှုတွေ ပိုဆိုးဝါးလာ
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆


အမေရိကန်ပြည် ဇူလိုင် ၄ – လွတ်လပ်ရေးနေ့ ပွဲတော် တပြည်လုံးအတိုင်းအတာ ဆင်နွဲကြပြီး တပတ်အတွင်းမှာ ပုလိပ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ ပုလိပ်အပေါ် တုန့်ပြန် အကြမ်းဖက်မှုတွေနဲ့ သွေးချောင်းစီးရပြန်ပါတယ်။


ဇူလိုင်လ ၆ရက်၊ ၂၀၁၆၊ လူဝီဇီယားနားပြည်နယ်၊ Baton Rogue မြို့လေးမှာ ပလက်ဖောင်းပေါ် ဈေးရောင်းနေတဲ့ လူမည်းကို အရပ်က တိုင်လို့ ဆိုပြီး လူဖြူပုလိပ် ၂ယောက်က စစ်ဆေးရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပုလိပ်က လူမည်းကို ပစ်သတ်လိုက်ပါတယ်။ လူမည်းမှာ သေနတ်ပါတယ်လို့ ပြောသံကြားလို့ မလှုပ်နိုင်အောင် ဖိချုပ်ထားတဲ့ ပုလိပ် ၂ ယောက်က လူမည်းကိုယ်ထဲ အနီးကပ် သေနတ်နဲ့ အချက်များစွာ ပစ်သတ်လိုက်တာပါ။ ဒါကို ပုလိပ်ဌာနတွင်း စုံစမ်းရေးဝင်နေရာက ပြည်ထောင်စုအဆင့်ကို နားရောက်ပြီး ၂၄ နာရီအတွင်း ပြည်ထောင်စု တရားရေးဌာနနဲ့ အက်ဖ်ဘီအိုင်တို့ ကိုယ်တိုင် လွှဲယူပြီး စစ်ဆေးမယ်လို့ ဆိုကြပါတယ်။

တရက်တည်းမှာပဲ မင်နီဆိုးတားပြည်နယ်၊ Saint Anthony  မြိုံလေးမှာ ကားမောင်းလာတဲ့ လူမည်း မိသားစုကို လူဖြူပုလိပ်က ကားနောက်မီး မလင်းလို့ တားပြီး စစ်ဆေးရာက ကျောင်းဝန်ထမ်း လူမည်းက သူ့မှာ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရှိတဲ့ သေနတ်ပါလာကြောင်း အသိပေးမိတာကို ပုလိပ်က ကားအပြင်ကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်လိုက်ပါတယ်။ ဒါကိုလည်း ပြည်ထောင်စုအဆင့် စစ်ဆေးအရေးယူမှု ပြုလုပ်ပေးရန် ပြည်သူတွေက တောင်းဆိုနေခဲ့ကြပါတယ်။


အမေရိကန်ပြည်မှာ ၂၀၁၆ ခုနှစ်အတွင်း ပုလိပ် ပစ်သတ်လို့ သေတဲ့ အရပ်သား ၅၀၀ လောက် ရှိပါတယ်။ အများစုက လူမည်းတွေ ဖြစ်ပါတယ်။ ၂၀၁၅ အတွင်းမှာ ပုလိပ်သတ်လို့ သေတဲ့ အရပ်သား ထောင်ကျော်ပါသတဲ့။ လူမည်းတွေကို ပုလိပ်တွေက တရားလက်လွတ် အကြမ်းဖက်တာ၊ တဖက်သတ် ပစ်သတ်တာတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့၊ ပုလိပ်တပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လူတွေက Black Lives Matter – လူမည်းတွေလည်း အသက်နဲ့ပဲ ဆိုတဲ့ လှုပ်ရှားမှုတွေ တောက်လျောက် လုပ်နေကြတဲ့ကြားထဲက ဒီလိုအဖြစ်တွေ တိုးနေတာပါ။ ဒါကြောင့် ဇူလိုင်လ ၇ ရက်မှာ တပြည်လုံးအတိုင်းအတာနဲ့ ပုလိပ်တွေရဲ့ အကြမ်းဖက်မှုကို ကန့်ကွက် ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြမှုကို ပြည်သူတွေက လုပ်ကြပါတယ်။


ဇူလိုင်လ ၇ ရက်၊ ၂၀၁၆၊ တက္ကဆပ်ပြည်နယ်၊ ဒါးလစ်မြို့တော်မှာ လူစုလူဝေးနဲ့ ပုလိပ်အကြမ်းဖက်မှုတွေကို ဆန္ဒပြနေဆဲမှာပဲ ပုလိပ်တွေကိုယ်တိုင် အကြမ်းဖက် သတ်ဖြတ်ခြင်း ခံရပါတော့တယ်။ သေနတ်သမားတဦးက စနိုက်ပါသေနတ်နဲ့ ချောင်းမြောင်းပြီးတော့ ဆန္ဒပြပွဲကို လိုက်ပါ စောင့်ကြပ်နေတဲ့ ပုလိပ်တွေကို ပစ်လိုက်တာ ပုလိပ် ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ အပြင်းအထန် ရသွားပါတော့တယ်။ ဆန္ဒပြပွဲတွေလည်း ပျက်ကုန်ပါတယ်။ ပုလိပ်တွေ အထူးသဖြင့် လူဖြူပုလိပ်တွေကို မုန်းတယ်။ သတ်ဖြတ်မယ်။ ပြီးတော့ သူက လူမည်းတွေလည်း အသက်နဲ့ပဲ ဆိုတဲ့ လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ လုပ်တာလို့ ထုတ်ဖော်ပါတယ်။ အဲသည် လူ (လူမည်း) လည်း ပုလိပ်တွေ လက်ချက်နဲ့ သေဆုံးသွားပါတယ်။ သူက စစ်သားဟောင်းတဦး ဖြစ်ပြီး အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့သူတဦး ဖြစ်ပါတယ်တဲ့။


ပြည်သူတွေကြားထဲမှာ ပုလိပ်အကြမ်းဖက်မှုနဲ့ ပုလိပ်တွေအပေါ်အကြမ်းဖက်မှုတွေကြောင့် အခက်အခဲ အကြပ်အတည်းတွေ တွေ့နေရချိန်မှာ နိုင်ငံရေးသမားတွေ အဖွဲ့အစည်းတွေ အသီးသီးက သဘောထားတွေ ထုတ်ပြန်နေကြပါတယ်။ NATO ကိစ္စနဲ့ ဥရောပရောက်နေတဲ့ သမ္မတ အိုဘားမားက အထက်ပါ ကိစ္စရပ်တွေအပေါ် သဘောထား ထုတ်ဖော်ရာမှာတော့ ဒီအရေးဟာ လူမည်းအရေး လူဖြူအရေး အုပ်စု တစု အရေး မဟုတ်ဘူး၊ အမေရိကန်အားလုံး အရေးဖြစ်တယ်။ ဒါကို အမြန်ဆုံး ဖြေရှင်းကြရမယ် (ပုလိပ်အကြမ်းဖက်မှုအပေါ် တုန့်ပြန်ပုံ) လို့ ဆိုလိုက်ပြီး ပုလိပ်တွေအပေါ် အကြမ်းဖက်ခံရတာနဲ့ ပတ်သက်လို့ ဒါက လူသားမဆန်တဲ့ အပြစ်ဖြစ်တယ်။ အကြမ်းဖက်လိုသူတွေလက်ထဲမှာ လက်နက်တွေ အလွယ်တကူ မရောက်နိုင်ဖို့အတွက် သေနတ်ကိုင်ဆောင်ခွင့်ကို ဥပဒေနဲ့ ထိန်းသိမ်းသွားရမယ်လို့ သတိပေးစကား ပြောလိုက်ပါတယ်။

သတင်းတွေထဲမှာ ထပ်တက်လာတာတခုကတော့ ခုနင်က ပုလိပ်အကြမ်းဖက်မှုတွေကို မုန်းတီးလို့ ဆိုပြီး တင်နက်ဆီးပြည်နယ်၊ ဘရစ္စတိုမြို့လေးမှာလည်း လူတဦးက လမ်းပေါ်ထွက် သေနတ်ပစ်လို့ လူ တဦးသေ၊ ၃ ဦး ဒါဏ်ရာသွားခဲ့ပါပြီ။ (ဇူလိုင် ၇၊ ညနေခင်း) ။ သူကလည်း စစ်မှုထမ်းဟောင်း လူမည်းဖြစ်ပြီး ထိခိုက်သူတွေက လူဖြူတွေချည်း ဖြစ်ပါတယ်။








သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts