ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မန္တလေးရွှေမြို့တော်သို့ တခေါက်

မန္တလေးရွှေမြို့တ်ာသို့ တခေါက်
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၁၄၊ ၂၀၁၃

Arriving Ygn and welcome with paddy fields
၂ရက်တာ မန္တလေးခရီးစဉ်ကို မိတ်ဆွေ၃ဦးနဲ့မမျှော်လင့်ပဲ ရောက်ရှိသွားပါသည်။ Jetstar ရန်ကုန် လေယဉ်ဆင်းချိန် အောက်မှာစိမ်းလန်းစိုပြေတဲ့ လယ်ကွင်းများကိုတွေ့ရသည်။ လေယာဉ်မင်္ဂလာဒုံလေဆိပ်ဆင်းလာချိန်တွင် လေဆိပ်အနီးနား လယ်တောများ၊ ယာတောများ၊ သစ်ပင်အုပ်အုပ်နဲ့ကားလမ်းများ၊ အပြာရောင်အမိုးနဲ့အိမ်ယာများ၊ အနီရောင်အမိုးနဲ့အိမ်ယာများကို ကျော်ပြီး လေယာဉ်ဆင်းသည်။ ဂျတ်စတားလေယာဉ် စင်ကာပူ-ရန်ကုန်အသွားအပြန် ကန်ဒေါ်လာ၂၀၀ပဲကုန်ပါသည်။ ဟိုး…လွန်ခဲ့တဲ့အနှစ်၂၀က ကန်ဒေါ်လာတစ်ထောင်ကျော်ပေးခဲ့ရသော ခရီးစဉ်၊ ယခုအခါ  Jetstar, Singapore Airline, Silk Air, Myanmar Air, Golden Myanmar Airway စသဖြင့်လိုင်းများစွာ ဈေးချိုစွာနဲ့ ပြေးနေပါပြီ။ လေဆိပ်အကောက်ခွန်ဖြည့်ဖောင်တွင်  စိတ်မချမ်းမြေ့စရာတစ်ခုပဲတွေ့ရသည်။ နိုင်ငံခြားသားများကို ကန်ဒေါ်လာတစ်သောင်း (US$10,000 နဲ့ညီတဲ့နိုင်ငံခြားငွေများ သယ်လာခွင့်ပေးပြီး၊ မြန်မာနိုင်ငံသားများကိုတော့ နိုင်ငံခြားငွေများ မည်မျှဖြစ်စေကို ဖောင်ဖြည့်ပြီးကြေငြာပေးရမည်ဟု မိမိလူမျိုးအချင်းချင်း နှိပ်ကွပ်သောအမိန့်စာတစ်ခုကို ဦးစွာတွေ့လိုက်ရသည်။ မည်သူမျှလဲလိုက်နာမည်မထင်ပါ။ မလိုက်နာနိုင်သောဥပဒေများစွာ မြန်မာပြည်တွင်ရှိနေပါသည်။
Mandalay Palace
မန္တလေးခရီးစဉ်ကို ဘတ်စကားလက်မှတ်ဝယ်ယူခြင်းလိုက်သည်။ နာမည်ကျော် အီလစ် Elite ဘတ်စကားဖြင့် တစ်ယောက်လျှင် ကျပ်၁၈၀၀၀ဖြင့် ည၉နာရီထွက်မည်ဖြစ်သည်။ မင်းဓမ္မလမ်းဘတ်စကားကြီးဂိတ်သို့ တက္ကစီကားဖြင့်သွားသည်။ တက္ကစီကားခများမှာ ဈေးကြီးလှသည်။ မြို့ထဲမှမင်းဓမ္မလမ်းအထိ ကျပ်တစ်သောင်းခန့်တောင်းသည်။ ကားများအလွန်ကြပ်နေသောအချိန်ဖြစ်သဖြင့် တစ်ခါတစ်ရန် တစ်နာရီမက အချိန်ကြာအောင်မောင်းရသည်။ ကားတင်သွင်းခွင့်ပါမစ်များ ချပေးသောကြောင့် ကားဈေးများထိုးကျသွားသောအခါ ယခင်က သိန်း၃၀၀၀၊ သိန်း၄၀၀၀ တန်သော ပါလာတို၊ မလာတီး ကားကြီးများမှာ သိန်း၃၀၀ခန့်သို့ ဈေးကျသွားရှာသည်။ ဂျပန်တွင် ၂၀၀၇မိုဒယ် ဂျပန်ကားများကို ကန်ဒေါ်လာ၂၀၀၀ခန့်ဖြင့်ဝယ်လာပြီး၊ အခွန်အခဒေါ်လာ၄၀၀၀ခန့်ပေးကာ၊ ရန်ကုန်တွင် ဒေါ်လာတစ်သောင်းခွဲခန့်ဖြင့် ရောင်းစားနေကြသည်။ အချို့လည်း နိုင်ငံခြားတွင်ဈေးကြီးလှသော ဘီဘမ်ဒဘလူ၊ မာစီဒီ ကားကြီး၊ကားကောင်းများကို သိန်း၃၀၀ဖြင့် ဝယ်စီးလေတော့သည်။ နိုင်ငံခြားသားများနှင့်ဆက်ဆံရသူများအဖို့ ကားကြီး၊ကားကောင်းများဖြင့် တဝီဝီစီးနင်း၊မောင်းနှင်နေကြပါသည်။ လက်လုပ်လက်စားများမှာ တက္ကစီမောင်းသမားဘဝ တစ်နေ့ကျပ်၂သောင်း အုံနာကြေးရအောင် မနည်းရှာဖွေနေရသည့် ကားဆရာများစွာကိုလည်း တွေ့ရသည်။ လမ်းကြိုလမ်းကြားတွင် ဆိုက်ကားမောင်းသူများလည်း တစ်ခေါက် ကျပ်၅၀၀နှုန်းဖြင့် တစ်နေ့ ၁၀ခေါက်ရအောင်ရှာဖွေမှ မိသားစုထမင်းစားသောက်နိုင်သည်ဟု ဆိုသည်။ မြို့တွင်းကုန်စုံဆိုင်များတွင် တစ်လကျပ်၇သောင်းလစာဖြင့်လုပ်ကိုင်နေသူများရှိသလို၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် နေ့စားကျပ်၅၀၀၀၊ ကျပ်တစ်သောင်း နှုန်းထားဖြင့်လုပ်ကိုင်နေသော ဆောက်လုပ်ရေးအလုပ်သမားများစွာလည်း ရှိသည်။ ကလေးငယ်၊ ကလေးမကလေးများ တစ်လ ကျပ်၅သောင်းလစာငွေ၊ နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များလည်း မြောက်များစွာတွေ့ရသည်။ မြို့ပေါ်တွင်ပင် ဤမျှလစာငွေလေးဖြင့် မည်သို့ရပ်တည်မည်နည်းဆိုသည်မှာ မေးခွန်းးကောင်းတစ်ခုဖြစ်သည်။ အလုပ်ရှင်များက ခရီးစရိတ်၊ စားစရိတ် သီသန့်ထပ်မံပေးကြသည်ဟု သိရသည်။ ရန်ကုန်-မန္တလေး ကားရပ်နားရာစားသောက်ဆိုင်များတွင် အသားဖြူဖြူ။ တောင်ပေါ်သူ၊ တောင်ပေါ်သားများစွာကို စားပွဲထိုးများအဖြစ်တွေ့ရသည်။ သူတို့လည်း ငယ်ရွယ်ပညာမသင်နိုင်ပဲ စားပွဲထိုးလာလုပ်ရခြင်းမှာ လယ်ယာစိုက်ပျိုးရေးအလုပ်ထက် ပိုသက်သာ၊ ပိုဝင်ငွေကောင်းသောကြောင့်ဖြစ်ပါသည်။
အီလစ်ကားကြီးပေါ်တွင် လေအေးစက်ဖြင့်၊ ပက်လက်ထိုင်ပြီး အိပ်ငိုက်လိုက်ပါခဲ့ရသည်။ ဘတ်ဂျတ်လေယဉ်များတွင် တီဗွီ၊ဗွီဒီယိုမရှိပါ။ သို့သော် အီလစ်ဘတ်စကားကြီးပေါ်တွင် ထိုင်ခုံတိုင်း တီဗွီ၊ဗွီဒီယိုများအပြင် တယ်လီဖုန်းဓါတ်အားသွင်းသည့် ပလပ်ပေါက်လည်းပါသည်ကိုတွေ့ရသည်။ အိမ်သာအရေးပေါ်တက်လိုပါက ဘတ်စကားရပ်ပေးမည်ဖြစ်သည်။ ကျန်းမာရေး၊ကျန်းမာရေး ဟုအသံပြုလျှင် လမ်းဘေးတွင် အပေါ့သွားနိုင်ပါသည်။ ပုံမှန် ၄နာရီတခါ ကျန်းမာရေးအတွက် စားသောက်ဆိုင်များရှိရာတွင် ဘတ်စကားရပ်ပေးပါသည်။ ထိုအဝေးပြေးကားများသည် ညပိုင်းတွင်သာထွက်ခွာတတ်သောကြောင့် ပတ်ဝန်းကျင်ရှုခင်းမတွေ့ရပဲ၊ တည်းခိုခန်းခ တစ်ညသက်သာသွားသည့်အတွက် မြန်မာပြည်ခရီးသွားများအတွက် တွက်သားကိုက်ပါသည်။ ကားဒရိုင်ဘာ၂ဦးနှင့် ဘတ်စကားမယ်လေး၏ သာယာ၊စေတနာပါသော နှုတ်ဆက်၊ စကားပြောဆိုမှုများသည် ပင်ပမ်းမှုကို သက်သာစေပါသည်။ နှုတ်ချိုခြင်းမှာ ၂မျိုးရှိသည်။ နိုင်ငံတကာလေယာဉ်ပေါ်တွင် ယေယာဉ်မယ်အသံသည် ပျုငှာဝတ်ကျေသောအသံဖြစ်သည်။ အီလစ်ဘတ်စကားပေါ်မှ စာရေးသူကြားရသော ဘတ်စကားမယ်၏ နှုတ်ခွန်းဆက်သံမှာ စေတနာသံပါသည်။ မိမိခရီးသည်များကို မိမိသွေးရင်း၊သွေးသားများကဲ့သို့ ကွယ်ကာစောင့်ရှောက်သော မိခင်စိတ်ဖြင့်ပြောဆိုသောအသံမှာ ကျေနပ်ဖွယ်ကောင်းပေသည်။ သူတို့လစဉ်ဝင်ငွေမှာ ကျပ်၃သိန်းခန့်ဖြစ်သော်လည်း ပင်ပမ်းလှပါသည်။ 
ဤသို့ဖြင့် မနက်စောစော ၅နာရီမထိုးမီ မန္တလေးသို့ရောက်ရှိပြီး၊ ဘူတာကြီးအနီးရှိ ပစိဖိတ်ဟိုတယ်တွင် တစ်ရက်ကျပ်၎သောင်းဖြင့် တည်းခိုသည်။ မနက်ခေတ္တအနားယူပြီးသည့်နောက်တွင် အငှားကားဖြင့် မြို့တွင်းရှိဘုရားများကို ဖူးမျှော်ကြသည်။ မနက်၇နာရီတွင် မဟာမြတ်မုနိဘုရားသို့ ရောက်သည်။ ဘုရားကြီးနှင့်အိမ်တော်ရာ၊တနင်္ဂနွေနေ့တိုင်း ဆီးမီးကပ်လှုသည် ..သီချင်းကိုသတိရသည်။ နံနက်စောစောတွင်ပင် ဘုရားဖူးမိတ်ဆွေများစွာကို တွေ့ရသည်။ ဘုရားကိုရွှေကပ်လှုနေသော အမျိုးသားများစွာလည်းရှိသည်။ အမျိုးသားများက ရှေ့တန်းတွင် ထိုင်ပြီးဘုရားဖူးစဉ်၊ နောက်တန်းတွင် အမျိုးသမီးများစွာ ထိုင်ပြီးဘုရားဝတ်ပြုနေကြသည်။ အမျိုးသားများဘုရားဝတ်ပြုရာနေရာတွင် အခြားသူများအနှောက်ယှက်မဖြစ်စေရန်ကျယ်လောင်စွာဘုရားမရှိခိုးပါရန်..ဆိုင်းဘုတ်ရေးသားထားရသည်။ အမျိုးသားအချို့၏အနည်းငယ်ကျယ်လောင်သော ဘုရားရှိခိုးသံကို ကြားနေရပါသည်။ စိတ်အနှောက်ယှက်ဖြစ်လောက်သည်ထိ မကျယ်လောင်ပါ။
ယခင်၆လက မန္တလေးရောက်ခဲ့သည်။ ဆေးရုံကြီးတွင် မိတ်ဆွေတစ်ဦးကို သွားရောက်ကြည့်ရှုခဲ့သည်။ ကုတင်များကြပ်နေသော ဆေးရုံကြီးတွင် ငွေကြေးတတ်နိုင်သူသီးသန့်လူနာများက အခန်းငှားဆေးကုကြသည်။ ထုံးစံအတိုင်း လူနားများစွာနေထိုင်ရာသို့ ရောက်ရှိပါက လူ့ဘဝအရသာကို စိတ်ပျက်စွာတွေ့ရမည်။ ကြာကြာနေလျှင် တရားပိုရမည်ဖြစ်သည်။ ဆေးရုံထက်ပိုပြီး တရားကျဖို့ကောင်းသောနေရာမှ အသုဘတစ်ခုကို ဦးဆောင်လုပ်ပေးရန်ဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းများစွာ လူ့ဘဝတွေ့ကြုံရသည်။ မြန်မာနိုင်ငံတွင် အောက်ခြေလူတန်းစားမှ ကမ္ဘာကလေးစားရသည့် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ဒုတရိယလူမှာ ဦးကျော်သူနှင့်ဒေါ်ရွှေဇီးကွက်ဟု ကျနော်သတ်မှတ်လိုပါသည်။ မြန်မာပြည်မှ ဆေးရုံရောက်သွားပြီး တစ်ညအိပ်လူနာစောင့်ဖူးလျှင် ဆေးရုံမှ၊ ဝန်ထမ်းများ၊ ဆရာဝန်၊ ဆရာမ၊ ဆေးဝန်ထမ်းများကို ကိုယ်ချင်းစာနိုင်မည်ဖြစ်သည်။ နိုင်ငံခြားတွင် အာမခံလုပ်ထားပါက ဆေးကုသခွင့်လဲရှိသည်။ မိမိလူနာက အသဲအသန်ဆိုလျှင် ဆေးရုံက ခွဲစိတ်ကုသမှုများကို လုပ်ပေးသည်။ ငွေမတတ်နိုင်လျှင့် အာမခံထားသူက အရစ်ကျ နှစ်များစွာပေးပြီး ဆပ်နိုင်ပါသည်။ မြန်မာပြည်တစ်ခုလုံး ငွေကြေးတတ်နိုင်ပါက ရန်ကုန်သို့ပြေးပြီး ဆေးကု၊ ခွဲစိတ်ကြသည်။ ယခုအခါ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံသို့ သွားပြီး ဆေးကုသည်ကမှ ပိုပြီးငွေသက်သာ၊ ဆေးပညာလည်းပိုအဆင့်မြင့်သည်ဟု သိလာကြသဖြင့် လူနာများ နိုင်ငံခြား အထူးသဖြင့် ထိုင်းနိုင်ငံသို့ ဆေးကုသွားကြပါသည်။ ကျနိုပ်ဖခင်ကြီး ရဲမှုဘဝ အသက်၃၅နှစ်အရွယ်၊ လေပြွန်ပေါက်ပြီး အသက်မရှုနိုင်သဖြင့် မုံရွာမြို့မှ အရေးပေါ်ကားဖြင့် မန္တလေးဆေးရုံကြီးသို့ သွားရောက်ကုသခဲ့ဖူးပါသည်။ ထိုစဉ်က မန္တလေးဆေးရုံကြီးသည် ရန်ကုန်ဆေးရုံကြီးနှင့် အတူတူပင် ပစ္စည်း၊ဆရာဝန် အင်အားတောင့်လှသည်။ ယခုအခါ မန္တလေးဆေးရုံကြီးမှာ အားအင်ချိနဲ့စွာတွေ့ရသော်လည်း ထောင်၊သောင်းမကသော လူနာများ၏ အားကိုးရာဌာနကြီးဖြစ်သည်။ ဆေးဝန်ထမ်း ဆရာဝန်၊ ဆရာမများအား ချီးကျူးလေးစားပါသည်။
Mandalay Hill top Pagoda. Sleeper not allow to wear.
မန္တလေးနန်းတော်ဟောင်းနှင့် ကျုံးဘေးမှမန္တလေးတောင်သို့ ကားမောင်းသွားရသည်။ မန်းကျုံးရေကိုမသောက်ကြပဲ၊ ရေသန့်ပဲသောက်သုံးနေကြပြီဟု ဆိုသည်။ နိုင်ငံတကာတွင် အစိုးရပိုက်ရေသည် သောက်သုံးရန်အသင့်တော်ဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ရေသန့်ဗူးများကိုသာ သန့်လှသည်ဟု ထင်အောင်လုပ်ထားသည်။ အမှန်မှာ ရေသန့်ဗူးများသည် တောင်ထိပ်စမ်းရေများကို ဗူးသွတ်ထားခြင်းပင်ဖြစ်သည်။ မြို့ကြီးသားများက ရေကိုထပ်မံပြီး Filter ဖြင့်ဖြတ်သန်းစေကာ ပိုမိုသန့်ပြန့်သည်ဟု ထင်ကြသည်။ အိမ်များတွင် ပိုက်ရေကို ကြိုချက်သောက်ခြင်း၊ ပိုက်ရေကို Filter ဖြင့်ထပ်မံစစ်ပြီးသောက်ခြင်းများ ခေတ်စားသဖြင့် ရေသန့်စနစ်များ အရောင်းကောင်းပါသည်။ တကယ်တော့ သဘာဝရေသည်သာ အကောင်းဆုံးဖြစ်ပါသည်။ မန်းကျုံးရေကိုမသောက်နိုင်ပဲ ရေသန့်ဗူးများသာ သောက်သုံးရသည်။ မန္တလေးတောင်ပေါ်သို့ ကားဖြင့်မောင်းတက်သွားပြီး၊ စက်လှေခါးအဝတွင် အလှုငွေထည့်ကို Escalator ၃ဆင့်ဖြင့် တောင်ထိပ် ဆုတောင်းပြည့်မြတ်စွာဘုရားသို့ရောက်သည်။ တောင်ထိပ်တွင် တစ်ပတ်လှည့်ကြည့်ရှုသည်။ မြွေကြီးနှစ်ကောင်ဘုရားလည်းတွေ့ရသည်။ စစ်ကောင်းတောင်တန်းနှင့်ဘုရားများ၊ စစ်ကိုင်းတံတားအဟောင်းနှင့်အသစ်၂ခု၊ မန္တလေးမြို့နှင့် မန္တလေးနန်းတော်တို့ကို မြင်ရသည်။ အောက်တွင် ရှန်ဂရီလာဟိုတယ်ကြီးကို စိမ်းလန်းနေသော သစ်ပင်အုပ်ကြားတွင် ထိုးထောင်မြင့်မားစွာတွေ့ရသည်။ ရှမ်းရိုးမတောင်တန်းကြီးများကိုလဲ မှိုင်းမို့မို့ဖြင့်မြင်တွေ့ရပါသည်။ အထူးသဖြင့် စစ်ကိုင်းဖက်ခြမ်းတွင် စစ်ကိုင်းတံတား၂ခုနှင့်အတူတွေ့ရသော ဧရာဝတီမြစ်ကြီးနှင့်လှေသင်္ဘောများစွာတို့မှာ မြန်မာပြည်၏အသက်သွေးဖြစ်သည်။ ကူးသန်းရောင်းဝယ်၊ လယ်ယာစိုက်ပျိုးရေးအတွက် ဧရာဝတီအမြဲရှင်သန်ရေးကို သတိရမိပါသည်။
Irrawaddy River Bank with banker ship and view ot Sit-gaing Bridge.
မန္တလေးတောင်မှ ဓါတ်လှေခါးဖြင့်ဆင်းခဲ့ပြီး၊ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကမ်းနားလမ်းအတိုင်း စစ်ကိုင်းတံတားအသစ်ဆီသို့ ကားမောင်းလာခဲ့သည်။ ကားလမ်းတစ်လျှောက်တွင် သစ်လုံးကြီးများ၊ လောင်စာဆီတိုင်ကီကြီးများနှင့်အလုပ်သမားများစွာတို့ကို တွေ့ရသည်။ ကမ်းနားတစ်လျှောက်တွင် သစ်၊ လောင်စာဆီ၊ သီးနှံတင်သော မော်တော်ရေယာဉ်များစွာ ဆိုက်ကပ်ထားသည်ကို တွေ့ရသည်။ ထုံးစံအတိုင်း ပျဉ်ပြားများဖြင့်ခင်းကျင်းကာ ကုန်တင်၊ကုန်ချလုပ်နေသော ရေယာဉ်များဖြစ်သည်။ ကုန်တင်ကုန်ချအလုပ်သမားများကို မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံတွင် အလုပ်သမားလူတန်းစားဘဝ မြှင့်တင်ရန်များစွာလိုအပ်ကြောင်းသိရသည်။ ပျှမ်းမျှ လူတစ်ဦး တစ်နှစ်ဝင်ငွေမှာ ဒေါ်လာတစ်ရာပင်မရှိသော မြန်မာနိုင်ငံဖြစ်သည်။ မြို့နှင့်နယ် လုပ်အားခများမှာ အလွန်ကွားခြားနေသလို၊ ဆင်းရဲသားနှင့်လူလပ်တန်းစားဝင်ငွေမှာလဲ အလွန်ကွာခြားနေပါသည်။ မန္တလေးမှ ကသာအထိ ရှပ်ပြေးရေယဉ်များဖြင့် နေ့ခြင်းသွားလာနိုင်သည်ဟု ဆိုသည်။ ကသာမှ ဗန်းမော်အထိလည်း ရှပ်ပြေးရေယဉ်ဖြင့် ဆန်တက်နိုင်သည်။ မြစ်ကျဉ်းများကို ကျော်ဖြတ်ရာတွင် အန္တရယ်များသော ဧရာဝတီရေလမ်းခရီးဖြစ်သည်။ မန္တလေးမှမြစ်ကြီးနားသို့ မီးရထားဖြင့်တစ်ခေါက်လောက် ခရီးသွားလေ့လာချင်ပါသေးသည်။ ကျောက်စိမ်းများ တစ်နှစ် ဒေါ်လာ၂ဘီလျှံဝင်ငွေရှာပေးသော ကချင်ပြည်နယ်ဖြစ်သည်။ ကျန်ုပ်ကျောက်စိမ်းသူဌေးဖြစ်ပါက ဒေါ်လာသန်း၂၀၀ခန့်အကုန်ခံပြီး ကားလမ်းကောင်းကောင်တစ်ခု ဆောက်ပေးလိုပါသည်။ လူကြီးများ ယုံကြည်မှုတည်ဆောက်နိုင်ကာ ကချင်ပြည်ငြိမ်းချမ်းရေးရပြီး၊ လမ်းပေါက်လာမည့်အချိန်ကိုစောင့်မျှော်လျှက်ရှိပါသည်။ လက်ရှိရထားလမ်းသည် ကြမ်းတမ်းလှသောကြောင့် ပြုပြင်ရန်ဒေါ်လာသန်း၃ထောင်မက ကုန်ကျမည်ဟု ဆိုသည်။ တစ်ခါတစ်ရံ ရထားဆောင့်လျှင် ခရီးသည် တစ်ပေလောက် မြောက်သွားသည်ဟု ဆိုသည်။ (မှတ်ချက်။ ရထားတွဲ တစ်ပေလောက်မြှောက်မသွားပါ၊ ခရီးသည်သာလျှင် တစ်ပေလောက်မြှောက်သွားခြင်းဖြစ်သည်)။
Entrance Burmese Kingdom Style Moke (welcome sign board)
စစ်ကိုင်းတံတားအသစ် ဧရာဝတီတံတားပေါ်သို့ ကားမောင်းသွားသည်။ ခဏအတွင်း စစ်ကိုင်းမြို့သို့ရောက်ရှိသွားပြီး ရွှေရောင်တောက်ပသော မုဒ်ဦးမှ ဇေယျာရွှေမြေစစ်ကိုင်းတိုင်းမှကြိုဆိုပါ၏ ဟူသောဆိုင်းဘုတ်ကို တွေ့ရသည်။ ပထမဆုံးကောင်းမှုတော်စေတီသို့ ဘုရားဖူးအဖွဲ့သွားရာလိုက်ခဲ့သည်။ ကောင်းမှုတော်စေတီသည် လွန်ခဲ့သောအနှစ်၂၀က ထုံးဖြူအရောင်ဖြစ်သော်လည်း ယခုအခါ ရွှေရောင်အဖြစ်သို့ ပြောင်းလဲ၊ ရွှေချထားပြီဖြစ်သည်။ ဘုရားဇောင်းတန်းအဝင်တွင် နိုင်ငံတော်အကြီးအကဲများ ဘုရားဖူးလာရောက်စဉ်က ရိုက်ထားသောဓါတ်ပုံများစွာကို ပြထားသည်။ ထိုမှတစ်ဖန် ဆွမ်းဦးပုညရှင်စေတီတော်သို့ သွားသည်။ ဘုရားပေါ်မှ စစ်ကိုင်းတောင်တစ်လျှောက်ရှိသော ရှုခင်းများနှင့်ဘုရာများစွာတို့ကို ဧရာဝတီမြစ်နှင့်အတူတွေ့ရသည်။ ရိုးရိုးကြီးဇေယျာဟူသော အသက်၄၀အရွယ်ကျမှ နိုင်ငံကျော်ဖြစ်လာသည့် ရုပ်ရှင်မင်းသားကြီးဇေယျာကို သတိရသည်။ ဆရာရွှေဥဒေါင်းက ရုပ်ရှင်မင်းသားဇေယျာကြီး အထုပ္ပတိကို ရေးသားရာတွင် မန္တလေးသား မင်းသားဇေယျာ အသက်၆၀ကျော်ပြီး၊ စစ်ကိုင်းတောင်ရိုး၊ ရဟန်းအဖြစ်တရားထုတ်သွားရန်ဆုံးဖြတ်ကြောင်း၊ ဇနီးသည်က ရဟန်မအဖြစ် တစ်သက်လုံးတရားထိုင်၊ လှုဒါန်း၊ အမျှပေးလှုသွားကြောင်း။ နှစ်ပေါင်း၂၀နီးပါး နာမည်ကျော်ရုပ်ရှင်မင်းသားဘဝမှ ရဟန်းအဖြစ် စစ်ကိုင်းတောင်တွင် အရိုးထုတ်သွားသူ မင်းသားကြီးဇေယျာကို အမှတ်ရမိသည်။ ထိုသို့သော တရားထိုင်သူ၊ ဘုန်းကြီး၊ သီလရင်နှင့်အလှုဒကာမြောက်များစွာရှိသည်။ ရသေ့င်္များပင်၊ ချောင်များစွာတွင် တရားကျင့်ကြသည်။ ဆွမ်းလှုဒါန်းသောအဖွဲ့များစွာရှိသည်။ နာမည်ကြီးဆရာတော်ကြီးများက ဦးစီးဦးဆောင်ကာ သာသနာရိပ်တွင်ခိုနားသူများအား နေထိုင်၊စားသောက်ကုန်ကျစရိတ်များ ထောက်ပံ့ကြသည်ဟု သိရသည်။
Young Burmese Nan (estimated 400,000 Burmese Monks and Nan are living in Myanmar. 
Plenty of Buddhist nans can be seen on Sit-gaing hill.
စစ်ကိုင်း၊ မန္တလေးမြို့များတွင် မြောက်များစွာသော ဗုဒ္ဓဘာသာသီလရင်ငယ်များ၊ ကိုရင်ငယ်များစွာကို တွေ့ရသည်။ မန္တလေးမှလူမှုရေးလုပ်ကိုင်သူတစ်ဦးအဆိုအရ မြန်မာတစ်နိုင်ငံလုံးတွင် သံဃာတော်ဦးရေ ၄သိန်းခန့်ရှိသည်ဟုဆိုသည်။ စစ်သားများလည်း ၄သိန်းခန့်ရှိသလို ကျောင်းဆရာ၊ဆရာမများလည်း ၄သိန်းခန့်ရှိသည်။ အဘယ့်ကြောင့် ထိုမျှများပြားစွာ သာသနာဘောင်သို့ရောက်ရှိနေကြသနည်းမေးခွန်းရှိသည်။ သီလရှင်အများစုမှာ ငယ်ရွယ်သူများဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ စားဝတ်နေရေးမကြောင့်ကြသော သာသနာဘောင်သို့ ဝင်ရောက်ခိုနား၊ လောကုတ္တရာစာပေများကို လေ့လာခြင်းဖြစ်သည်။ မန္တလေးမြို့တွင်းရှိ လဘက်ရည်ဆိုင်၊ စားသောကိဆိုင်များတွင် နံနက်ခင်းသပိတ်တစ်လုံးဖြင့် ဆွမ်းအလှုခံသူ ကိုရင်မြောက်များစွာကို တွေ့ရသည်။ ဆိုင်တွင်းသို့ ကိုရင်ငယ်များ ဆွမ်းခံခြင်းကို ခွင့်ပြုထားသည်။ လှုဒါန်းသူများကလည်း စမူစာ၊ ဘရာကျော်၊ ပဲပြုတ်ထမင်းများကို စားနေရာမှ သပိတ်ထဲသို့ထည့်ပြီးလှုကြသည်ကို တွေ့ရသည်။ များလွန်းသောကြောင့် စားပွဲပေါ်တင်ထားသမျှ အားလုံးကုန်အောင်လှုဒါန်းပစ်လိုက်မှ ကိုရင်များ မလာကြတော့ပါ။ သူတို့၏ နေ့စဉ်လုပ်နေကျ မနက်ခင်းအလုပ်များဖြစ်သည်။ မြန်မာနိုင်ငံရှိ သံဃာတော်၊ စစ်သားနှင့် ကျောင်းဆရာများအတွက် စားဝတ်နေရေးပြေလည်အောင် နိုင်ငံတော်အစိုးရ သက်ဆိုင်ရာဝန်ကြီးဌာနက လုပ်ဆောင်မည့်နည်းလမ်းမှာ စိတ်ဝင်စားစရာဖြစ်ပါသည်။
မနက်ပိုင်း ၆နာရီတွင် ခေါင်းမူးရောဂါဖြစ်လာသဖြင့် ဆေးမပါသောကြောင့် ပင်နဒေါခေါင်းကိုက်ပျောက်ဆေးလိုက်ဝယ်ရသည်။ လွန်ခဲ့သောအနှစ်၂၀က ဘတ်စပရို၊ အေပီစီ စသည့် အက်စပရင်ဆေးများခေတ်စားခဲ့သော်လည်း ယခုအခါ မရှိတော့ပါ။ မနက်စောစောတွင် ဖွင့်နေသောဆေးဆိုင်များစွာတို့တွင် ပင်နဒေါလည်းမရနိုင်၊ တက်ထရာဆာကလင်းလည်း မရှိ။ ရှင်းရှင်ပဲ ခေါင်းကိုက်ပျောက်ဆေး ဘာဆေးရှိပါသလဲ၊ လူသုံးများတဲ့ဆေးပြေပါဟု မေးရသည်။ ဆေးရောင်းသော မိန်းမ၂ဦးက လမ်းဆန်းကို သောက်ပါဟုပြောပြီး၊ Lan San တံဆိပ်ဆေးတစ်ကပ်ကို ရောင်းပေးသည်။ ကျပ်၅၀၀ဖြင့်ဝယ်ပြီး ၂ပြားလောက်သောက်လိုက်မည်ဟု ပြောသောအခါ မိန်းမ၂ဦးက …မလုပ်နဲ့ဆရာရေ၊ ဒါက တစ်ပြားကို ၅၀၀ အားရှိတယ်။ တစ်ပြားပဲရေနဲ့သောက်လိုက်၊ သက်သာသွားမယ်။ ၂ပြားသောက်လိုက်လို့တော့ ပိုပြီးမူးသွားမယ်..ဟု ဆေးအညွှန်းပါပြောပြလိုက်သည်။ မြန်မာများ အလွန်ကျန်းမာကြသည်။ ဆေးခန်းလည်း မသွားကြပါ။ သေရေးရှင်ရေးမှသွားကြသည်။ ကိုယ်ပူ၊ ခေါင်းကိုက်၊ ဝမ်းလျှော၊ ဗိုက်နာ၊ အကြောတက်၊ စသည့်ရောဂါများကို ဆေးဆိုင် အရောင်းသမားများက ဆရာဝန်များအလား ဆေးရောင်းရင်း၊ အညွန်းပါပြောပြပေးပါသည်။ မြန်မာပြည်တွင် ဆရာဝန်ဖြစ်ပါက အထူးကုဖြစ်ပါမှအဆင်ပြေမည်။
View from one of the Pagoda at Sit-gaing hill (Shin Pu-nya Pagoda)
ဆေးဆိုင်များနည်းတူ မန္တလေးထိုးမုန့်ဆိုင်များစွာလည်း မနက်စောစော၊ ဟိုတယ်အနီး၊ ဘူတာကြီးအနီးတွင် ဖွင့်ကြပါသည်။ မော်မော်စန်း၊ တင်တင်အေး၊ စသည့်အမျိုးသမီးကြီးများ နာမည်ကြီးထိုးမုန့်များကို ရောင်းချနေသည်။ ၄ရက်ခံထိုးမုန့်၊ ၇ရက်ခံထိုးမုန့် စသဖြင့် အမည်းများစွာစားသောက်ရင် လက်ဆောင်ထုပ်များ ဝယ်ယူရပါသည်။ အရီးတောင်းလက်ဘက်မျိုးစုံကိုလည်း တွေ့ရသည်။ အရီးတောင်းလဘက်ကို ပလတ်စတစ်အကြည်ဗူးဖြင့် ပက်ကင် (စည်သွတ်ဗူးအတိုင်း) ထုတ်လုပ်ရောင်းချသည်ကို တွေ့ရပါသည်။ မြန်မာပြည်တွင်သာ တွေ့ရှိသော စားရသည့်လဘက်နှင့် အမွှေးနံ့သာ သနပ်ခါးတို့ကို စစ်ကိုင်း၊ မန္တလေးတို့တွင် များပြားစွာတွေ့ရပါသည်။
မြန်မာ့သနပ်ခါး ကမ္ဘာကျော်ရန်၊ မြန်မာများကသုံးစွဲ၊မြှင့်တင်နေပါသည်။ 
သနပ်ခါးသည် မြန်မာများ၏ အမွှေးအကြိုင်ဖြစ်သည်။ ယဉ်ကျေးမှုလည်းဖြစ်သည်။ မြန်မာပြည်ပြန်လျှင် တောမြို့မကျန် ကလေးသူငယ်များ၊ အမျိုးသမီးကြီးငယ်များကြားတွင် ဖြတ်သန်းသွားပါက သနပ်ခါးနံ့မွှေးမွှေးအနံ့သည် မြန်မာပြည်ကို မွှေးကြိုင်စေခြင်းဖြစ်သည်။ သူတို့၏ မျက်နှာတွင် ချယ်လိမ်းထားသော သနပ်ခါးပါးကွက်များသည် မြန်မာကိုကမ္ဘာက သိစေသည့် မွှေးကြိုင်မှုဖြစ်သည်။ အားပေးကြပါမည်။ မကြာမီ သနပ်ခါးရေမွှေးများပေါ်လာပါမည်။ (Singapore Mustafa ကုန်တိုက်ကြီးတွင် သနပ်ခါးရေမွှေးရောင်းချနေပြီဟု သိရသည်)။ စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားတွင် သနပ်ခါးရောင်းချနေသော အမျိုးသမီးကြီးများကို ခွင့်တောင်းက ဓါတ်ပုံရိုက်ခဲ့ပါသည်။ ဂုဂယ်တွင် မြန်မာလို သနပ်ခါး ဟုရိုက်ပြီး ဓါတ်ပုံများရှာထည့်လိုက်ပါသည်။
မုရန်သည်မွှေးကြိုင်သည်။ သခင်ယေရှုဖွားမြင်စဉ် အရှေ့တိုင်းပညာရှိ၃ပါးက ရွှေငွေ၊လောဗန်၊မုရန် ဆိုသော လက်ဆောင်များလာရောက်ဆက်သ၊ဖူးမြော်ကြသည်။ မုရန်သည် အရှေ့အလယ်ပိုင် အစ္စရေး (အိသရေလလူမျိုး)နှင့်အာရပ်လူမျိုးများသုံးစွဲသော အမွှေးအကြိုင်ဖြစ်သည်။ ထိုအမွှေးအကြိုင်ကို မြန်မာ့သစ်မွှေး သစ်ပင်၊သစ်စေးမှထုတ်ယူရရှိသည်။ လူသေခြင်းသည် ဝမ်းနည်းစရာမဟုတ်။ တစ်နေ့တွင်သေရမည်။ သေခြင်းတခါးဝကိုကျော်ဖြတ်ပြီးမှ ထာဝရအသက်ကိုရမည်။ ကောင်းကင်ဘုံတွင် ထာဝရဘုရားရင်ခွင်သို့ရောက်မည်ဟု ခရစ်တော်ကိုယုံကြည်သူများက မျှော်လင့်သည်။ အလားတူ ဗုဒ္ဓကိုယြုံ ကည်သူ ဗုဒ္ဓဘာသာဝင်များလည်း သေလွန်ပါကနောင်ဘဝတွင် အနည်းဆုံးသောသပန်ဖြစ်ဘဝဖြစ်ရန် မျှော်လင့်ကြသည်။ ပုပ်လာမည့်လူသေအလောင်းကိုပင် မုရန်အမွှေးကြိုင်ကိုသုံးသည်။ ပုပ်ပျက်သော မြန်မာစစ်အာဏာရှင်များ၏ လုပ်ရပ်ဟောင်းများကို အမွှေးနံ့သာများဖြင့် ဖုံးလွမ်းအောင်လုပ်နိုင်သူများကို နေရာဖယ်ပေးရန်ဖြစ်သည်။ မြန်မာများ၏ အတိတ်က ရက်စက်စွာအချင်းချင်းဖိနှိပ်မှုများသည် ဝမ်းနည်းဖွယ်၊သင်္ခန်းစာယူရမယ်ဖြစ်သည်။ ယခုခေတ်တွင် ဝိသမစီးပွားလုပ်နေပြီး၊အချင်းချင်းကြီးနိုင်ငယ်ညှင်း၊ ငွေ၊အာဏာဖြင့်အနိုင်ကျင့်မှုသည့် အပုပ်နံ့များကြောင့် နိုင်ငံခြားမှကုမဏီကြီးများ ရင်းနှီးမြှပ်နှံရန် စိုးရိမ်နေဆဲဖြစ်သည်။ မကြာမီ အစိုးရနှင့်အတိုက်အခံများ ပူးပေါင်းလုပ်ဆောင်မည်ဟု မျှော်လင့်သည်။
Kaung Mu-daw Pagoda  , Thana Kha  (Burmese Lady’s Perfume)
Thanaka is only Myanmar nice smell perfume usually Burmese lady grind and applied on their face as a beauty and protect shining sun.
စစ်ကိုင်တောင်မှအပြန်တွင် ဦးပိန်တံတားသို့ သွားရောက်ပါသည်။ ဦးပိန်တံတားရောက်သည်နှင့် ဆိုင်းဘုတ်အနီရောင် သတိပေးတားမြစ်ချက်များနှင့်အတူ အဖြူရောင်ဆိုင်းဘုတ် “တိုက်တွန်းနှိုးဆော်ချက်” ကိုဖတ်ရသည်။  ဤဦးပိန် သစ်တံတားကြီးသည် နှစ်ပေါင်း၁၆၀ကျော်ပြီဖြစ်ပြီး၊ ကမ္ဘာကျော်သည့် မြန်မာ့ယဉ်ကျေးမှု တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမရပူရမြို့၏ ဂုဏ်ဒြပ်တစ်ခုဖြစ်သော ဤတံတားကြီးရေရှည်တည်တံ့ ကြံ့ခိုင်ရေးအတွက် အသုံးပြုသူအားလုံး အသိစိတ်ဓါတ်ဖြင့် စောင့်ထိန်းကူညီကြပါရန် ..ဟုရေးထားသည်။ တယ်လီဖုန်းနံပါတ်များလည်း ဖေါ်ပြထားပါသည်။ တံတားပတ်လည် ရေထဲတွင် ငါးဖမ်း၊ ငါးမျှားနေသော ယောင်္ကျား၊ မိန်းမများကို တွေ့ရသည်။ တံတားအောက် စားသောက်ဆိုင်တွင် ဘီယာ၊အအေးများကို ရောင်းချသည်။ 
ညိုမြပြုစုသော ကုန်းဘောင်ရှာပုံတော် စာအုပ်တွင် ဦးပိန်တံတားရာဇဝင်ကို ရေးထားသည်။ မူဆလင်ဘာသာဝင် ဦးပိန်ဆိုသူက ဆောက်ထားသောကြောင့် ဦးပိန်တံတားဟု အမည်တွင်သည်။ လွန်ခဲ့သော နှစ်၁၆၀ခန့် မြန်မာသက္ကရာဇ် ၁၂၀၈ ခုတွင် တောလိုက်မုဆိုး ဘိုင်ဆပ်ဆိုသူသည် အမရပူရရွှေမြို့တော်ဝန်ဖြစ်လာသည်။ ဘုရင် ပုဂံမင်းက ကြက်ငှက်များကို စိတ်ဝင်စားသောကြောင့် မုဆိုးဘိုင်ဆတ်က ကြက်ငှက်၊တိရိစ္ဆာန်များစွာ ဘုရင်အလိုကျစုဆောင်းပေးနိုင်သည်။ အထူးအဆန်း တိရိစ္ဆာန်၊ကြက်၊ငှက်တိုက်ပွဲများလုပ်ခြင်းဖြင့် ပုဂံမင်း ဘုရင်မဖြစ်ခင်ကတည်းက စိတ်ဝင်စားခဲ့သည်။ ဘုရင်ဖြစ်လာသောအခါ ပုဂံမင်းက သူ့ဝါသနာပါသော တိရိစ္ဆာန်များစုဆောင်းပေးသူ မြို့တော်ဝန်ဘိုင်ဆပ်နှင့်သာ အချိန်ကုန်နေပြီး ဘုရင်ညီလာခံမှာ မင်းတုန်းမင်းသား၊ မက္ခရာမင်းသားများကသာ ဦးဆောင်နေရသည်။ ဘိုင်ဆပ်၏လက်ထောက် မြို့စာရေး ငပိန်က တောင်သမန်အင်းကိုဖြတ်ပြီး သစ်လုံးတံတားဆောက်ခဲ့သည်။ နောက်ဆုံးမြို့ဝန်မင်း၏ တပည့်က ဖေါ်ကောင်လုပ်ပြီး ဘိုင်ဆပ်ကျဆုံးသောအခါ စာချိုးသည်မှာ – ဘိုင်ဆပ်ကိုငပိန်မွှေလို့၊ သေပစေသည်မျက်ပြဲ၊ လူတိုင်းကော်လို့ဆဲ ..ဟူသတည်း။ မြို့တော်ဝန်ဘိုင်ဆပ် ကာမသောင်းကျန်းပြီး၊ သူ့ဆရာတင်သူမှာ ပုဂံမင်းယောက်ဖတော် မောင်ကျောက်လုံးဖြစ်သည်။ မောင်ကျောက်လုံးက မြို့တော်ဝန်ဘိုင်ဆပ် သမီးကို ရအောင်၊ခက်ခဲစွာဖြင့် အဆောင်ဝင်သည်။ ပြီးလျှင် သူ့အစ်မ မိဘုရားမှတဆင့် ပုဂံမင်းထံဦးစွာလျှောက်ထားသည်။ ဘိုင်ဆပ်က ညီလာခံတွင် မောင်ကျော်လုံးက သူ့သမီးအဆာင်ဝင်ခံရခြင်း ဖြစ်ရပ်ကို သံတော်ဦးတင်သောအခါ ပုဂံမင်းက “အမယ်..မောင်ကျောက်လုံးရဲ့ယောက္ခမကြီးကလည်း အခစား နောက်ကျလှချည်လား” ဟုပြောသည်။ 
နောက်ဆုံးတွင် မြို့တော်ဝန်ဘိုင်ဆပ်၏ အာဏာအလွဲသုံး၊ကျူးလွန်ခြင်းများစွာပေါ်လာသည်။ မိဘုရားဆောင်ထိသွားရောက်ကာ မိန်းမများအားဖမ်းဆီးခြင်းမှစပြီး အမှုများတသီကြီးပေါ်ကာ ဘိုင်ဆပ်၊ငပိန် ၂ဦးမှာ ကွပ်မျက်ခြင်းခံရသည်။ ပုဂံမင်းလည်း ထိုမှစပြီး အလှုဒါန်းပွဲများဖြင့် ကောင်းမှုများပြုခဲ့သော်လည်း အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို စစ်ရှုံးရာမှ၊ မင်းတုန်းမင်း၊ကနောင်မင်းသားတို့ထံ အာဏာလွဲပြောင်းပေးလိုက်ရသည်။ ပုဂံမင်းလက်ထက်တွင် ကျွန်းလုံးများစွာဖြင့်တည်ဆောက်ခဲ့သော ဦးပိန်တံတား ရာဇဝင်အကျဉ်းဖြစ်သည်။ ထိုသို့ ပျော်ကျူးသော ပုဂံမင်း ဘုရင်နှင့်အပေါင်းအပါများခေတ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကြီးဖြစ်ပွားပြီး စစ်ရှုံးကာ အောက်မြန်မာတပြည်လုံး အင်္ဂလိပ်လက်အပ်လိုက်ရသည်။ ပုဂံမင်းလည်း နန်းကျသွားပြီး မင်းတုန်းမင်းဘုရင်ဖြစ်လာသည်။
U Pain Bridge , Mandalay
အင်္ဂလိပ်စစ်ဗိုလ် May ဆိုသူက တပ်စခန်းမြို့အဖြစ်တည်ထောင်ခဲ့သဖြင့် မေမြို့ဟုအမည်တွင်ခဲ့သည့် ပျဉ်ဦးလွင်မြို့သည် အင်္ဂလိပ်ခေတ်က အရာရှိကြီးများ အေးဆေးစွာနေထိုင်၊အနားယူသည့် တောင်ပေါ်မြို့ကလေးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တွင် စစ်တက္ကသိုလ်ထားရှိသည်။ တနင်္ဂနွေနေ့များတွင် ပုခုံးဘားအဖြူဖြင့် ဗိုလ်လောင်းလေးများက မြို့တွင်းလျှောက်လည်ကြသည်။ ရထားလုံးကလေးများက မေမြို့အသွင်တစ်ခုဖြစ်သည်။ ၁၉၂၀တွင် ရုက္ခဗေဒဥယျာဉ်အဖြစ် သစ်ပန်းမာလာများ၊ သစ်ခွများကို စုဆောင်း၊စိုက်ပျိုးသဖြင့် နာမည်ကြီးသည်။ ယခုခေတ်တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု အမည်ပြောင်းပြီး၊ မျှော်စင်တစ်ခုဆောက်က မေမြိ့ပတ်ဝန်းကျင်ကို မျှော်စင်ပေါ်မှကြည့်နိုင်အောင် ဖန်တီးပေးထားသည်။ ဥယျာဉ်ဝင်ကြေး တစ်ယောက်၅၀၀ကျပ်၊ ရှစ်ယောက်စီး ဥယျာဉ်ပတ်ကား မိနစ်၂၀ခရီးကို ၈၀၀၀ကျပ်ဖြင့် ပို့ဆောင်ပေးသည်။ 
မေမြို့တွင် ပိတ်ချဉ်းမြှောင်ဥမင်လှိုင်ခေါင်းရှိသည်။ ပွဲကောက်ရေတခွန်ကို အပမ်းဖြေရိပ်သာသဖွယ် ကြိုးတံတားများဖြင့် စိတ်ဝင်စားစဖွယ်ပြုလုပ်ပေးထားသည်။ လူငယ်များစွာ လာရောက် အချိန်ဖြုန်းသောနေရာဖြစ်သည်။ စားသောက်စရာ မက်မန်းသီး၊ ဝိုင်၊ မလိုင်မုန့်၊ သစ်ကြားသီး၊ လဘက်ခြောက်၊ ရှမ်းပဲပုပ်၊ ရှမ်းအစားအစာ၊ ရှမ်းအသုံးအဆောင် အဝတ်အထည်များကို ရောင်းချသည်။ ပွဲကောက်ရေတံခွန် ကုန်းမြင့်ပေါ်တွင် စေတီတစ်ခုကို ဘုရားတည်ထားပြီး၊ အပေါ်မှကြည့်လျှင် အလွန်လှပသော တော်တောင်၊ပန်းမာလာ ရှုခင်းများကို မြင်တွေ့ရသည်။
Pwe Kauk Waterfall, May City
မေမြို့ (သို့မဟုတ်) ပျဉ်ဦးလွင်သည် ကမ္ဘာလှည့်ခရီသည်များ၊ ပြည်တွင်းခရီးသည်များဖြင့် ပြည့်နေသောကြောင့် ဟိုတယ်များစွာဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ မန္တလေးမြို့တွင် နွေခေါင်ခေါင်း ပူပြင်းနေသောအချိန်တွင် ၂၁မိုင်ခန့် တောင်ပေါ်ကားမောင်းတက်ချိန် နာရီဝက်အတွင် ချက်ချင်းအေးစိမ့်သွားသည့် ရာသီဥတုသို့ပြောင်းသွားသည်။ သို့သော် မေမြို့သည် ရှေးယခင်ကလောက် မအေးတော့ဟုဆိုသည်။ သစ်တောများပြုန်းတီးသွားသောကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရက ပျဉ်ဦးလွင်မြို့ကို မြန်မာစီလီကွန်ဗဲလေး နည်းပညာဗဟိုအဖြစ်၊ အင်တာနက်လိုင်းများ၊ တယ်လီဖုန်းစက်ရုံများကို တည်ထောင်ထားသည်။ အနုမြူဓါတ်ပေါင်းဖိုအသေးစားတစ်ခုလည်း ရှိသည်ဟု ကောလဟာလဖြစ်ခဲ့သည်။ စစ်တပ်၏ စစ်ဖက်ဆိုင်ရာ၊ စက်မှုတက္ကသိုလ်လည်း တည်ထောင်ထားသည်။ DSA ဗိုလ်လောင်းသင်တန်းလည်းရှိသည်။ အထူးသဖြင့် မြန်မာ-တရုပ် ကုန်ကူးသန်းရောင်းဝယ်သော ကုန်ကားကြီးများသည် မေမြို့ကို ဖြတ်သန်းပြီး၊ လားရှိုး-မူဆယ်မှတဆင့် တရုပ်ပြည်ရွှေလီမြို့သို့တိုင်အောင် လမ်းမကြီးကောင်းကောင်းရှိသည်။ ၂၁မိုင် View Point နေရာမှ တောင်အောက်ရှုခင်းများကို ကြည့်ရှုရန်အလွန်ကောင်းပါသည်။ မေမြို့ နည်းပညာစက်ရုံများစွာအနက် တယ်လီဖုန်းကဒ်ထုတ်ရောင်းသော စက်ရုံများစွာရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လိုအပ်ချက်များကို လက်ဝါးကြီးအုပ်ပြီး ဖုန်းကဒ်ရောင်းချသော ခရိုနီများ၏ စက်ရုံများသည် အစိုးရကိုအခွန်မဖြစ်စလောက်ပေးကာ  သူတို့ချည်းလက်ဝါးကြီးအုပ်ထားနေဆဲဖြစ်သည်။
Horse Train fro passenger (May City @ Pyin-oo-lwin)
မန္တလေးသည် မြန်မာ-တရုပ်ပြည်၊ မြန်မာ-အိန္နယ ကုန်ကူးသန်းမှုတွင် ဗဟိုဖြစ်သော်လည်း တိုက်တာကြီးများ၊ ကုန်ထုတ်စက်ရုံများ မရှိသလောက်ပင်ဖြစ်သည်။ စက်မှုလုပ်ငန်းများအတွက် တရုပ်ပြည်ကို ယှဉ်နိုင်ဖွယ်မရှိသောကြောင့် ကုန်ကူးသန်းလုပ်ငန်းများဖြင့်သာ စည်ကားနေရသည်။ အစားအသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ လူသုံးကုန်ပစ္စည်းဆိုင်များ၊ ကုန်ရောင်းကုန်ဝယ်နှင့်ဆိုင်သောလုပ်ငန်းများ၊ ပွဲရုံများကိုသာတွေ့ရသည်။ 

မြန်မာနိုင်ငံရှိ မိတ်ဆွေများသည် အသက်၅၀၊ ၆၀ကျော်သည့်တိုင်အောင် ယမကာအလွန်သုံးဆောင်နိုင်သူများဖြစ်သည်ကို တွေ့ရသည်။ ယခင်အစိုးရခေတ်ကာလက ပိုပြီးဆိုးသည်ဟု ဆိုသည်။ ယခုအစိုးရသစ် ပြုပြင်ပြောင်းလဲရေးကာလတွင် ယမကာသုံးဆောင်မှုများ လျော့နည်းလာသည်။ တိုင်းပြည်ခေါင်းဆောင်များသည် စီးပွားရေးမလုပ်ရဟူသော တရုပ်ပြည်ကြီး၏ ပေါ်လစီသည် မြန်မာနိုင်ငံခေါင်းဆောင်များအပေါ် မကြာမီသက်ရောက်လာမည်ဖြစ်သည်။ သူဌေးများစွာကို စားသောက်ဆိုင်များတွင်တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုတော့ ကျနော်ရှင်းမည်ဖြစ်သည်ဟု လုပြီးငွေရှင်းနေသူများစွာရှိသောကြောင့်ဖြစ်သည်။ ကျန်ုပ်အပြစ်မရှိပါ..ဟု အကြောက်အကန်ငြင်းသူများကို တရားရုံး၊ဝက်ခြံများမှ တရားခံများသည် ရှေ့နေများငှားရမ်းထုချေကြသည်။  ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသားဆိုသည့်အတိုင်း အပြစ်ရှိကြောင်း ဝန်ချရသောနေရာသည် ဘုရားကျောင်းကန်များတွင် ဘုရားရှိခိုးဝတ်ချသူများဖြစ်ပါသည်။ ကျန်ုပ် စားသောက်ဆိုင်တွင် စားနိုင်ခြင်းသည် ခရစ်ယာန်အယူဝါဒအရ ဘုရားကျေးဇူးတော်ဟု ခေါ်ပါသည်။ မန္တလေးမုံတီ၊ နန်းကြီး၊ နန်းလေး၊ မန္တလေးထမင်းပေါင်း၊ နန်းကြီးသုတ်၊ ရှမ်းခေါက်ဆွဲ၊ တိုဟူးနွေး၊ စသည့်ရိုးရာစားသောက်ဆိုင်များအပြင် Cafe City ကဲ့သို့သော အမေရိကန်၆၆ဟိုက်ဝေးလမ်းမဘေးက စားသောက်ဆိုင်ပုံစံ ဥရောပအစားအသောက်ဆိုင်များစွာလည်း ရှိနေပြီဖြစ်သည်။ မန္တလေးကျုံးဘေးရှိ မက်သဒစ်ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိ၊ မေးမြန်းဝတ်ပြုဆုတောင်းခဲ့သည်။ မူဆလင်များလည်း ဗလီများစွာရှိမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဘုရားပုထိုးများထံ သွားရောက်ခြင်း၊ ဆရာတော်ဘုန်းကြီးများထံ သွားရောက်ခြင်း၊ တရားနာ၊ တရားထိုင်ခြင်းများသည် အသက်ရွယ်ရလာသူများအတွက် နှစ်သိမ့်ရာများဖြစ်သည်။ ယခုခေတ်တွင် ငယ်ရွယ်သူလူငယ်များလည်း တရားအလွန်ရကြသည်။ အနာဂါတ်မြန်မာပြည်အတွက်လူငယ်များ ကြိုးစားလုပ်ကိုင်ရန်မျှော်လင့်ပါသည်။ မိတ်ဆွေများအမှတ်တရအဖြစ် မန္တလေးစားသောက်ဆိုင်တစ်ခုမှ မိတ်ဆွေများဓါတ်ပုံကိုဖြင်ု ကျေးဇူးတင်ကြောင်းရေးသားရင်း  ခရီးသွားဆောင်းပါးကို အဆုံးသတ်ပါသည်။
Friends in Mandalay… the End…

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts