သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထားကြေညာချက်-၂

 
မောင်မောင်စိုး – မြန်မာလူထု လက်ခံနိုင်မည်မဟုတ်သည့် တရုတ်ကုမ္ပဏီ၏ မြစ်ဆုံသဘောထားကြေညာချက်-၂
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၆

ACHC ၏လွဲမှားသောသုံးသပ်ချက်

ACHC ၏ထုတ်ပြန်ကြေညာချက်တွင် ” မကောင်းဉာဏ်ရှိသော ပြည်သူအချို့မှ တမင်သက်သက် လုပ်ဆောင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးအလွန်အကျွံ အသုံးချခံခဲ့ရပြီး မြစ်ဆုံစီမံကိန်းကို စာချုပ်ချုပ်ဆိုသည့်နှစ်ဖက်နှင့် တရုတ်မြန်မာနှစ်နိုင်ငံအစိုးရတို့ ပူးပေါင်းဖြေရှင်းရမည့်ကိစ္စ မဟုတ်ဘဲ နိုင်ငံတကာ့အဖွဲ့အစည်းနှင့်တသီးပုဂ္ဂလိကများမှ ဖြေရှင်းရမည့်ကိစ္စ ဖြစ်သွားသလိုပဲ ။ ဤအတိုင်းဖြစ်သွားခဲ့လျှင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိရုံသာမက တရုတ်မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှု မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးအတွက် ထိခိုက်သွားနိုင်သည် ” ဟုဖော်ပြပါရှိသည်။

တရုတ်တို့အနေနှင့် လက်ရှိအခြေအနေအား လွဲမှားစွာနားလည်နေပုံရ သည်ဟုဆိုရမည်။ လက်ရှိအချိန်ထိ မြစ်ဆုံပြဿနာကို အခိုင်အမာဖြေရှင်းဆုံးဖြတ်ရမည်မှာ မြန်မာအစိုးရသာဖြစ်သည်။ တရုတ်တို့ဖော်ပြထားသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းနှင့် တသီးပုဂ္ဂလများ မဟုတ်ချေ။ စာချုပ်အား လူထုအားချ ပြခြင်း အရပ်ဖက်လူ့အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် မြန်မာအစိုးရကိစ္စသက်သက်သာဖြစ်သည်။ ထိုသို့ လူထုဆန္ဒခံယူဆွေးနွေးသည် ဖြစ်စေ လိုအပ်လျှင် လွှတ်တော်သို့တင်ပြ၍ သဘောထား ခံယူသည်ဖြစ်စေ ဤသည်မှာ မြန်မာအစိုးရ၏ အပိုင်းဖြစ်သည်။ တရုတ်ကုမ္ပဏီနှင့် မသက်ဆိုင်ပေ။

ဤသို့ ပြု လုပ်ခြင်းများသည် ပြောင်းလဲလာသော မြန်မာအစိုးရ၏ ဒီမိုကရေစီလုပ်ဟန်ကြောင့် ဖြစ်သည်။ တရုတ်ကုမ္ပဏီကြေညာချက်တွင်ပါသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းနှင့်တသီးပုဂ္ဂလများ ဖြေရှင်းသွားမည့် ကိစ္စသာဖြစ်သည်။ လူထုနှင့်၎င်း အရပ်ဖက်အဖွဲ့အစည်းများနှင့် မည်သို့မည်ပုံ ဆက်
စပ်ဆွေးနွေးမည်မှာ မြန်မာအစိုးရ၏ကိစ္စသာဖြစ်ပြီး တရုတ်တို့ ဝင်ရောက်စွက်ဖက်၍ မရပေ။ လူထုနှင့် လွှတ်တော်၏ သဘောထားရယူဆုံးဖြတ်သည့် မြန်မာအစိုးရ၏လုပ်ရပ်သည် မြန်မာ့အပြောင်းအလဲကို ဖော်ပြသည်။

တရုတ်တို့နေနှင့် မြန်မာအပြောင်းအလဲကို ကောင်းစွာသတိပြု ရန်လိုအပ်သည်။ တရုတ်ကုမ္ပဏီများ ယခင် စစ်အစိုးရလက်ထက် အာဏာရှိသူများနှင့်သာပေါင်း အဆိုပါ အာဏာရပုဂ္ဂို လ်များနှင့် သဘောတူညီချက်ရလျှင် အလုပ်လုပ်၍ ရသည့်ခေတ်ကုန်စပြု ပြီဆိုသည်ကို ဂရုပြုရန်လိုပါသည်။

လက်ရှိမြန်မာအစိုးရအနေနှင့် လူထုနှင့်ဖြစ်စေ အရပ်ဖက်အဖွဲ့ဖြစ်စေ၊ မည်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည် သို့မဟုတ် လွှတ်တော်သို့ ပေးပို့သဘောထားရယူသည်မှာ မြန်မာအစိုးရ၏အပိုင်း ဖြစ်သည်။ ဤကိစ္စကို နောက်ဆုံးဆွေးနွေးဆုံးဖြတ်ရမည်မှာ မြန်မာ တရုတ် နှစ်နိုင်ငံအစိုးရသာ
ဖြစ်သည်။ ( နှစ်ဖက်စလုံးမှ ကုမ္ပဏီများမှာ အစိုးရပိုင်များသာဖြစ်သည်။)
သို့ဖြစ်၍ ACHC ၏ကြေညာချက်တွင်ပါသကဲ့သို့ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ မကိုက်ညီမှု ရှိမည်ဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနှင့် အညီသာဖြစ်မည်ဖြစ်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စရာအကြောင်းမရှိပေ။

ထို့ပြင် နိုင်ငံတကာရင်းနှီးမြှု ပ်နှံမှုဝင်ရောက်မှုနှင့်ပတ်သက်၍ ဆိုလျှင်လည်း ဤဖြစ်ရပ်ကြောင့် ထပ်မံဝင်ရောက်လာမည့် ပြည်ပရင်းနှီးမြှု ပ်နှံမှုများသည် ဒေသခံများ၏ အကျိုးစီးပွား သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် မြန်မာပြည်သူတို့ ဆန္ဒသဘောထားကို လေးစားပြီး နိုင်ငံတကာစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် သတိပြုကြတော့မည်ဖြစ်ရာ မြန်မာပြည်အတွက် ကောင်းသော အချက် ဖြစ်သည်ဟုဆိုရမည်။ ထို့ပြင် မြန်မာပြည် သယံဇာတများအား ကိုယ်ကျိုးစီးပွားသက်သက်ဖြင့် အမဲဖျက်လိုသူများရန်မှလည်း ကာကွယ်နိုင်မည်ဟု ဆိုရပါမည်။

SPIC အဘယ်ကြောင့်

လက်ရှိ ထုတ်ပြန်သည်မှာ ACHC ကြေညာချက်ဟုဆိုသော်လည်း တကယ်တမ်းအားဖြင့် SPIC တရုတ် ကုမ္ပဏီကြေညာချက်ဟုသာ ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ACHC ဆိုပါက မြန်မာ အစိုးရက 15% ရှယ်ရာ ပါနေသည်ဖြစ်ရာ ယခုထုတ်ပြန်ချက်မှာ မြန်မာအစိုးရသဘောထား မပါဘဲ တရုတ်တို့၏သဘောထားသာဖြစ်သဖြင့် SPIC သဘောထားကြေညာချက်ဟုသာဆိုရပါမည်။

တကယ်တမ်းဆိုလျှင် SPIC ( ယခင် CPI ) သည် စစ်ဗိုလ်ချုပ်ကြီးအုပ်စိုးစဉ် နအဖ အစိုးရခေတ် မြစ်ဆုံနှင့် ပတ်သက်သည် MOU / MOA /JVA စသည့် သဘောတူညီချက်များရယူခဲ့သည် ဖြစ်သည်။ မြစ်ဆုံစီမံကိန်းဆိုင်းငံ့ထားသည်မှာ ၂၀၁၁ နှစ်ကုန်ပိုင်းတွင်ဖြစ်ပြီး ဆိုင်းငံ့သူများမှာ ၎င်းတို့နှင့်စာချုပ် ချုပ်ဆိုခဲ့သည့် အငြိမ်စားဗိုလ်ချုပ်ကြီးဟောင်းများဦးဆောင်သည့် ဦးသိန်းစိန်အစိုးရခေတ်က ဖြစ်သည်။

မြစ်ဆုံရပ်ဆိုင်း၍ နှစ်စဉ်နစ်နာနေရပါသည်ဆိုသည့် တရုတ် SPIC အနေနှင့် ပြီးခဲ့သော ၅ နှစ်တာ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်းများလက်ထက်က ငြိမ်နေပြီး အခုမှ အဘယ်ကြောင့် တွန်းတွန်းတိုက် တိုက် ပြန်လည်လှုပ်ရှားလာပါသနည်း။ ပြီးခဲ့သောနှစ်များက ၂၀၁၄ ခုနှစ်အတွင်း တရုတ်ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး တရားစွဲသွားမည်ဟုဆိုစဉ်က ထိုစဉ် သမ္မတရုံးမှ ဦးဇော်ဌေးက နိုင်ငံတကာစည်းမျဉ်းများနှင့်အညီ တရားရင်ဆိုင်သွားမည်ဟု ဆိုခဲ့ပြီးနောက် တရုတ် SPIC ပြန်လည်အသံတိတ်သွားခဲ့သည်။

သို့ဖြစ်ရာ မြစ်ဆုံစာချုပ်ပါ မည်သည့်အချက်ကြောင့် သမ္မတဟောင်းဦးသိန်းစိန်အနေနှင့် ဆိုင်းငံ့ခွင့် ရှိသနည်း။ နိုင်ငံတကာတရားဥပဒေကြောင်းက ရဲရဲရင်ဆိုင်မည်ဟု ပြောရဲပါသနည်း။ စာချုပ်ပါ အချက်အလက်များကို မသိရ၍ ပြောရန်ခက်သော်လည်း စာချုပ်ပါအချက်များကိုကိုင်၍ ဆိုင်းငံ့ပြီး နိုင်ငံတကာတရားဥပဒေအရ ရင်ဆိုင်မည်ဟုဆိုခြင်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ ဤအချက်သည် အဘယ်ကြောင့်နည်းဟု စဉ်းစားဖွယ်ဖြစ်ပေသည်။

ထို့ပြင် ACHC ဝါ SPIC ၏ ထုတ်ပြန်ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား အမှတကယ်ရပ်ဆိုင်း၍ ၎င်းတို့ ကုမ္ပဏီအားနစ်နာစေခဲ့သူ စစ်ဗိုလ်ချုပ်ကြီးဟောင်းများအား မည်သို့မှ ညွှန်းဆိုဖော်ပြခြင်း မရှိခဲ့ပေ။ အရပ်ဖက်အဖွဲ့အစည်းများနှင့် ” မကောင်းဉာဏ်ရှိသောပြည်သူအချို့ ” ဆိုသည်ကိုသာ ပစ်
တင်ခဲ့သည်ကိုတွေ့ရသည်မှာ ထူးဆန်းသည်ဟု ဆိုရမည်။ စစ်ဗိုလ်ချုပ်ကြီးဟောင်းများ၏ ဆုံးဖြတ်ချက် များသည် ပြည်သူလူထု၏ သဘောထား အရပ်ဖက်အဖွဲ့အစည်းများ၏သဘောထားကို အလေးထား၍ သူတို့ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါသလော ။ လူထုမည်မျှကန့်ကွက်နေသည်ဖြစ်စေ သူတို့လုပ်မည် ဟု ဆုံးဖြတ်ထားသည့် ကိစ္စဆိုလျင် ဆန့်ကျင်ဆန္ဒပြသူများအား အင်အားသုံး၍ ဖြိုခွဲဖြေရှင်းခဲ့သည် ကို လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် တွေ့နိုင်ပေသည်။ သို့ဖြစ်ရာ တရုတ် SPIC ကုမ္ပဏီအနေ နှင့် သူတို့၏ထုတ်ပြန်ကြေညာချက်တွင် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့်ပတ်သက်၍ မည်သို့မျှ မညွှန်း ဆိုခြင်းသည် အဘယ်ကြောင့်နည်းဟု စဉ်းစားဖွယ်ဖြစ်တော့သည်။

အားကောင်းချက်နှင့်အားနည်းချက်

ACHC ၏ထုတ်ပြန်ချက်တွင် ကြိုဆိုရမည့်အချက် ၂ ချက် ပါရှိပါသည်။
တချက်မှာ မြစ်ဆုံစီမံကိန်းသဘောတူစာချုပ်အား လူထုအားချပြခြင်းနှင့်ပတ်သက်၍ သဘောတူသည့်ဟူသောအချက်ဖြစ်သည်။ နောက်တချက်မှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားခြင်းကိစ္စကို ခင်မင်ရင်းနှီးစွာပူပေါင်းညှိနှိုင်းဖြေရှင်းသွားခြင်းသည် ကုမ္ပဏီမှအစဉ်တစိုက်ကိုင်စွဲထားသော မူဝါဒဖြစ်ပါသည်ဆိုသည့်အချက်ဖြစ်သည်ဟု ဆိုရပါမည်။

သို့သော် ACHC ၏ အဆိုပါကြိုဆိုလက်ခံသင့်သည့် ကောင်းမွန်သည့် အချက်သည့် ထုတ်ပြန်ချက်ပါ အားနည်းချက်များကြား နစ်မြုပ်၍နေပေသည်။ ချဉ်းကပ်ဖော်ပြပုံလွဲချော်သည်ဟု ဆိုရမည်။ တိကျခိုင်မာသော အကြောင်းအချက်များမပါဘဲ ဝါးလုံးရှည်နှင့်ရမ်းခြင်းသည်ပင် အဆိုပါ ကြေညာချက်၏ အားနည်းချက်ဖြစ်သည်ဟု ဆိုရမည်။

ထို့ပြင် မြန်မာသတင်းဌာနများ၏ ပြန်လည်မေးမြန်းချက်များအားလည်း ရှောင်လွဲနေပုံရသည်။ Eleven Media ၏ သတင်းဖော်ပြချက်အရ အဆိုပါ ACHC ၏ထုတ်ပြန်ချက်ပါမရှင်းလင်းသည့်အချက်များ ဖြစ်သည့် မကောင်းဉာဏ်ရှိသည့် ပြည်သူအချို့က တမင်သက်သက် တလွဲတချော်ဖြစ်အောင် လုပ်ဆောင်ခြင်း တရုတ်မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးထိခိုက်သွားနိုင်သည် စသည့် အချက်များကို ဆက်လက် မေးမြန်း လိုသည့်အတွက် ACHC မှဆက်သွယ်ရန် တရားဝင်ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်အား ဆက်သွယ်
သော်လည်း ဖုန်းလိုင်းမအားကြောင်းသာ အစဉ်တစိုက်တုံ့ပြန်နေသည်ဟု ဆိုပါသည်။

ထို့ပြင် ACHC ၏ကြေညာချက်တွင် ၎င်းတို့၏အားနည်းချက်များကို ဖွင့်ဟဝန်ခံသွားခြင်းမရှိပေ။ ဤသည်မှာ မြန်မာပြည်လူထု အဓိကဒေသခံလူထုအနေနှင့် လက်ခံရန်ခက်ခဲပေသည်။ ထို့ပြင် မြစ်ဆုံအဆိုးအကောင်းမျှတစွာ မဖော်ထုတ်ခြင်းသည်လည်း လူထုလက်ခံရန် ခက်ခဲသော အချက်ဖြစ်ပေသည်။

တရုတ်တို့၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း

လက်ရှိ ACHC ၏ ထုတ်ပြန်ကြေညာချက်မှာ အကြောင်းမဲ့ထွက်ပေါ်လာသည်တော့ မဟုတ်ပေ။ ပြီးခဲ့သောရက်ပိုင်းအတွင်း တရုတ်သံအမတ်၏ပျားပန်းခတ်လှုပ်ရှားမှုများနှင့်အတူ ထွက်ပေါ်လာ သည်ဟု ယူဆသည်။ ပြီးခဲ့ရက်များအတွင်း တရုတ်သံအမတ်သည် မြစ်ကြီးနားနှင့်မြစ်ဆုံသို့ သွားသည်။ ထို့နောက် ကျောက်ဖြူသို့သွားသည်။ ထို့နောက် နေပြည်တော်သို့သွား၍ ကာကွယ်ရေး ဦးစီးချုပ်နှင့်သွားတွေ့သည်။ ထို့နောက် ရန်ကုန်မြို့တွင် မြန်မာတရုတ်ချစ်ကြည်ရေးပွဲသို့ တက်ရောက်၍ ရန်ကုန်နှင့်မန္တလေးတွင် ဆေးရုံတရုံစီဆောက်ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်မှကျောင်းသားများအား တရုတ်ပြည်သို့ ပညာတော်သင်စေလွှတ်မည်ဖြစ်ကြောင်း ကြေညာသည်။

မြန်မာအစိုးရသစ်အပြောင်းအလဲအစတွင် တရုတ်သံအမတ်ခြေလှမ်းသွက်လှသည်ဟု ဆိုရမည်။ သူတို့၏ အဓိကရည်ရွယ်မှာ သူတို့၏ စီးပွားရေးလုပ်ငန်းများနှင့်အကျိုးအမြတ်များကိုရှေ့ရှု သည်ဟု ဆိုရမည်။ ထို့ကြောင့်လည်း မြန်မာနှင့်နှစ်နိုင်ငံဆက်ဆံရေးတွင် မြန်မာပြည်အား စီးပွားရေးဈေးကွက် သက်သက်အဖြစ်မကြည့်မြင်ရန် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း ဖြစ်ပုံရ ပါသည်။

လက်ရှိ တရုတ်တို့အနေနှင့် မြစ်ဆုံကိစ္စအား တွန်းတွန်းတိုက်တိုက်လုပ်လာသည်မှာ မည်သည့် ရည်ရွယ်ချက်ကြောင့်ဆိုသည်ကို စဉ်းစားဖွယ်ဖြစ်သည်။ မြစ်ဆုံကို တကယ်ဆက်လုပ် လို၍လော သို့မဟုတ် မြစ်ဆုံကိစ္စကိုလက်စဖြတ်လို၍ လော သို့မဟုတ် အခြားရည်ရွယ်ချက်ကြောင့်လော
စဉ်းစားဖွယ်ဖြစ်သည်။

တကယ်တမ်းဆိုလျှင် မြစ်ဆုံပြဿနာကို ဆိုင်းငံ့အချိန်ဆွဲထားခြင်းသည်လည်း သဘာဝမကျချေ ။ နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တရပ်ချရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအချက်ကို လက်သင့်ခံ အသိမှတ်ပြုရပေမည်။ တရုတ်တို့အနေနှင့် မြန်မာပြည်သည် သူတို့အတွက်သေနင်္ဂဗျူဟာအရအရေးကြီးသည်ဟု ဆိုထားသည်။ ၎င်းအရေးပါမှု မှာ မြစ်ဆုံမဟုတ်
ပေ။ မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ဖောက်ထွက်မည့် ” ပိုးလမ်းခါးပတ် ” သာဖြစ်သည်။ သို့ဖြစ်ရာ ယခင်အစိုးရဟောင်းများလက်ထက်ချုပ်ဆိုခဲ့သော မြစ်ဆုံစာချုပ်သည် မြန်မာတို့အတွက် ပျော့ကွက်ဖြစ်နေပေရာတရုတ်တို့၏ ” ပိုးလမ်းခါးပတ် ” ဗျူဟာအတွက် ကစားကွက်တခုဖြစ်၍ နေသလော ဆိုသည်ကား စဉ်းစားဖွယ်ဖြစ်နေပေတော့သည်။

နိဂုံး

အမေရိကန်သံရုံး၏ကြေညာချက်ပါ ဝေါဟာရတခုကြောင့် အစိုးရအပြောင်းအလဲကာလတွင် မတည်မငြိမ် ဖြစ်စေသည့် လှုပ်ရှားမှုအချို့ပေါ်ခဲ့သကဲ့သို့ တရုတ်တို့၏ ACHC ကုမ္ပဏီကြေညာချက်က လည်း ပျားအုံကို တုတ်နှင့်ထိုးသကဲ့သို့ ဖြစ်သည်။ တိုင်းပြည်ငယ်တခုဖြစ်သော ဖွံ့ဖြိုးတိုးတက်မှု နိမ့်သော မြန်မာပြည်အတွက် နိုင်ငံကြီးများ၏ကစားကွက်များတွင် အလွန်ပင် လိမ္မာပါးနပ်မှ တန်ကာ ကျပေလိမ့်မည်။

မည်သို့ဆိုစေ လုပ်ငန်းကြီးလုပ်လိုသူများသည် အမြင်ကျယ်ပြီး သဘောထားကြီးရန် လိုအပ်သည်။ တရုတ်ကွန်မြူ နစ်ပါတီခေါင်းဆောင်အောက်တွင်ရှိသည့် တရုတ်အစိုးရပိုင် SPIC ၏ အဓိက သဘော ထားဖော်ပြသည့် ACHC ၏ ထုတ်ပြန်ချက်မှာ ထိုသို့သော အမြင်ကျယ်မှုသဘောထားကြီးမှုမရှိသည် မှာ အံ့သြစိတ်ပျက်ဖွယ်ဟုဆိုရပါမည်။ နှစ်နိုင်ငံချစ်ကြည်ရေးတိုးတက်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံ အစိုးရများသာမက နှစ်နိုင်ငံပြည်သူများ၏ ရင်းနှီးချစ်ကြည်မှုကလည်းအရေးကြီးသည်ကို သတိပြု ကြရန်လိုအပ်ပေသည်။

ပြီးပါပြီ

Mg Mg Soe ( မောင်မောင်စိုး )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts