ဗိုလ်ထက်မင်း ရသဆောင်းပါးစုံ

ဗိုလ်ထက်မင်း ● ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ – အပိုင်း (၃)

ဗိုလ်ထက်မင်း ● ပွိုင့်ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစု ပင်လုံညီလာခံ – အပိုင်း (၃)

(မိုးမခ) ဇွန် ၉၊ ၂၀၁၆
 

၁၈။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်၊ တပ်မတော်နဲ့ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့မှုအပါအဝင် စစ်ရေးဖြစ်စဉ် သမိုင်းကြောင်းတ လျှောက် မှာ ကချင်၊ ဝ လူမျိုးတွေဟာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ လူမျိုးတွေရဲ့စရိုက် လက္ခဏာ၊ အရည်အသွေး၊ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ခံယူချက်သဘောထား၊ လက်လှမ်းမီသရွေ့ အားနည်းချက်၊ အား သာချက်တွေကို ကော်မတီအနေနဲ့ လေ့လာနိုင်စေဖို့တချို့သိတဲ့အပိုင်းတွေပါသော်လည်း စာဖတ်သူအချို့မသိသေးတာရှိ နိုင်တဲ့အတွက် ထည့်ရေးရတာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာရှင်အကျင့်လို သွေးခွဲတာမဟုတ်ဘဲ ဘက်မလိုက်ဘဲ လူမျိုးစွဲမရှိဘဲ အထူးသဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအပေါ် အာဃတတရားမရှိဘဲ၊ ဖြစ်စဉ်အမှန်အတိုင်းသာ ဖြစ်ပြီး အဲဒီလူမျိုးစုတွေရဲ့ငြိမ်းချမ်းရေးမျှော်ကိုးမှု၊ ငတ်မွတ်မှုတွေကို မြန်မြန်ရစေချင်တဲ့ ဆန္ဒရင်းခံသာဖြစ်ပါတယ်။  ကချင်ကို ဦးစွာတင်ပြပါ့မယ်။

၁၉။  လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ ဖက်ဆစ်ဂျပန်များကို အမေရိကန်မဟာမိတ်လေထီးတပ်များနဲ့ ပူးပေါင်းကာတိုက် ခိုက်ခဲ့တာမို့ ဖက်ဆစ်ဂျပန်ကို အစောဆုံးတိုက်တဲ့ လူမျိုးစုထဲမှာ ပါဝင်ပါတယ်။ အလားတူ တပ်မတော်မှာ ယခင်တုန်းက ကချင်သေနတ်ကိုင်တပ်ရင်း (၁) မှ (၅) ထိဖွဲ့စည်းရှိခဲ့သလို တပ်မတော်မှာ မဆလခေတ်က ရဖို့တော်ရုံမလွယ်တဲ့ ရာထူးကြီး တိုင်းမှူး၊ ဗိုလ်မှူးချုပ်အဆင့် အယ်ကွန်ဖန်ကို ကချင်ပြည်နယ်မှာပင် မပခတိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့တာ တွေ့ရပါတယ်။ ကချင်လူမျိုးတွေဟာ ပျောက်ကြားစစ်ရဲ့အဓိက သွေးကြောတခုဖြစ်တဲ့ မုဆိုးအမဲလိုက်ကျွမ်းကျင်ပါတယ်။ စာရေးသူ တပ်ထဲမှာနေခဲ့စဉ် ဒုအရာခံဗိုလ် ကချင်ဆရာကြီးဆိုရင် တယောက်ထဲ ကာဘိုင်လွယ်ကာ ရှေ့တန်းနယ်မြေမှာ မ ကြောက်မရွံ့ သားကောင်ပစ်ထွက်တာမို့ စစ်နည်းဗျူဟာအရ ခြေရာခံခြေရာကောက် ရန်သူ့ခြေရာလက်ရာ သတင်းအနံ့အ သက်များရသလို တောနင်းပြီးသား ဖြစ်ပါတယ်။ စစ်သည်တွေက စိတ်ပူလို့လိုက်ချင်ပေမဲ့ သူက တွဲထိန်းနေရတာမို့ လက်မခံ ဘဲ ဇွတ်ထွက်ပြီး သူပြန်လာရင် သားကောင်ထမ်းပြန်လာတာကြောင့် စခန်းအတွက် ဟင်းကောင်းတာမို့တချို့က ပျော်ရွှင်ဝမ်း သာနေပါတယ်။ ဒီလိုပဲ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တာရှီဂန်ဆိုရင် ရန်သူမျက်စိလည်ကာ အငိုက်မိခံရပါတယ်။

၂၀။ နိုင်ငံရေးဖြစ်စဉ်အနေနဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ထိုးဖို့လုပ်နေချိန်မှာ ကချင်စော်ဘွားက ဗိုလ်ချုပ်အောင်ဆန်းကို ကချင်ပြည်နယ်ထဲ မပါသေးတဲ့  မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ ဒေသတွေ ထည့်ဖို့တောင်းဆိုလို့ ဗိုလ်ချုပ် စိတ်ညစ်ခဲ့ရဖူးပါတယ်။ ပင်လုံစာချုပ်ကို တိုင်းရင်းသားများက ပြန်ထောက်နေတာဟာ ပင်လုံစာချုပ်ပါတိုင်းရင်းသားတွေဟာ ဖက်ဒရယ်စနစ်အရ လူမျိုးတွေရဲ့တန်းတူရည်တူအခွင့်အရေးကို ယနေ့ထိ မရရှိသေးတာဖြစ်သလို ၁၀ နှစ်ပြည့်လို့မှ အဆင်မပြေရင် ခွဲထွက်ခွင့်ရှိ တယ်ဆိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း အစိုးရကပြည်ထောင်စုပြိုကွဲမှာစိုးလို့  စာချုပ်ကို မသိကျိုးကျွံပြုလာတာက အစ တိုင်းရင်းသားတချို့စိတ်ထဲ မယုံကြည်မှုသံသယတွေများကာ ခံစားချက် ပြင်းထန်လာပါတယ်။ ပြင်ပရောက် ကချင်လူမျိုး တချို့ဆိုရင် လွတ်လပ်သော ဝမ်ပေါင်နိုင်ငံ တည်ထောင်မည်ဟု ကြွေးကြော်သလို KIO/KIA  ဒုဥက္ကဋ္ဌ ဦးလဘန်လှက ကချင်လူထုအစည်းအဝေးတခုမှာ လိုချင်တာက လွတ်လပ်ရေးလို့ တည့်ပြောသွားသလို အနည်းဆုံး Equality and Self-determination  မရလို့ မဖြစ်ဘူး၊ လက်နက်ဖြုတ်သိမ်းဖို့ လုံးဝမလုပ်ဖူးလို့ ပြောသွားတယ်လို့ သိရပါတယ်။

၂၁။ KIA က ရပ်တည်ရေး၊ လက်နက်အင်အားဖြည့်ဆည်းနိုင်ရေးအတွက် သမိုင်းကြောင်းတလျှောက် ဗကပနဲ့ ပူးပေါင်းလိုက်၊ ခွာလိုက်လုပ်သလို ခွာချိန်မှာ တပ်မတော်နဲ့နားလည်မှု ရယူခဲ့တာရှိပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်ခရစ်ယာန်သင်းအုပ်ဆရာများမှတဆင့် နဝတနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ နိုင်ငံရေးကိစ္စကိုနောင်အစိုးရတက်လာမှ ဖြေရှင်းပါဟုဆိုလို့ ငြိမ်းချမ်း စဉ်ကာလ စီးပွားရေးအခွင့်အလမ်းများရရှိကာ အင်အားတည်ဆောက်နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးစတင် ယူခါစက မဒတ အဖွဲ့ထဲပါနေရာ KNU ကို အသိမပေးဘဲ ကချင်လူမျိုးစုအရေးဆိုပြီး ထွက်ခဲ့တယ်လို့သိရပါတယ်။ ၂၀၀၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတုန်းက တိုင်းရင်းသားအရေး (၁၉) ဖွဲ့တင်တဲ့ စာတမ်းကို မှတ်တမ်းတင်အဆင့်သာ သတ်မှတ်လိုက်လို့ KIA က စိတ်ပျက်ခဲ့ပါတယ်။ တဖန် BGF ဖွဲ့မည်လုပ်တော့ KIA က လက်မခံလိုက်တာကစပြီး ဆက်ဆံရေးတင်းမာလာပါတယ်။

၂၂။  ဦးသိန်းစိန်အစိုးရလက်ထက် တာပိန်ရေအားလျှပ်စစ်မှာ လုံခြုံရေး တပ်မတော်က စယူတာကစပြီး KIA နဲ့တိုက်ပွဲဖြစ် ပွားခဲ့တယ်။ ယနေ့အစိုးရသစ်လက်ထက်မှာပင် ဖားကန့်နယ်မြေ အရပ်သားတွေကို KIA ဖမ်းဆီးရာမှ တပ်မတော်က စစ်ဆင်ရေးအရှိန်မြှင့်လို့ တိုက်ပွဲများ ပြင်းထန်နေဆဲပင် ဖြစ်ပါတယ်။ KIA  ဟာTNLA နဲ့ AA ကိုမွေးထုတ်ပေးပြီး စစ်မျက်နှာသစ်များဖွင့်လှစ်စေခဲ့ပါတယ်။ UWSA နဲ့ သွားရောက်ညှိနှိုင်းကာ တပ်မတော်က လက်မခံတဲ့ MNDAA၊TNLA ၊AA တို့မပါရင်  ဦးသိန်းစိန်အစိုးရခေါ်တဲ့ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ဟာ မပြည့်စုံလို့လက်မှတ်မထိုးရန် စည်းရုံးခဲ့ပါတယ်။ KIA ရဲ့ဌာနချုပ်ကို လည်း လိုင်ဇာမှ အနောက်ဖက် အိန္ဒိယနယ်စပ်အနီး ရွေ့ထားလိုက်ပါတယ်။ အမေရိကန်နိုင်ငံကို ဗိုလ်ချုပ်ဂွမ်မော် မကြာ သေးမီကပင် စေလွှတ်ကာ ထောက်ခံမှုရရေး ကြိုးစားနေဟန်တူပါတယ်။ KIA ထိပ်ပိုင်းလူကြီးတွေဟာ ပညာတတ်များသလို ငွေကြေးချမ်းသာသူများဖြစ်တဲ့အလျောက် ဗဟုသုတကြွယ်ဝကာ နိုင်ငံတကာထိ ခြေဆန့်နိုင်သူများဖြစ်ပါတယ်။ ဘာသာရေး အခြေခံ ခရစ်ယာန်များဖြစ်ကြလို့ အနောက်နိုင်ငံများနဲ့ နီးစပ်တာလည်း ဖြစ်ပါတယ်။

၂၃။  ကချင်သာသနာပြုဆရာများကိုယ်တိုင်က အမျိုးသားရေးစိတ်ဓာတ်နဲ့ ပါဝင်လှုပ်ရှားမှုနှီးနွယ်နေပြီး နိုင်ငံတကာရောက် ကချင်လူထုလူတန်းစားအဖွဲ့အစည်းကလည်း ထောက်ပံ့ကူညီကြတဲ့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကချင်သူဌေးကြီး ကိုယ်တိုင်ကလည်း လိုအပ်သမျှ ကူညီမှုပေးတာမို့ ကချင်ကွန်ယက် ကြီးမားလှပါတယ်။ ဒါကြောင့် အခြားတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေလို ၂ ဖွဲ့၊ ၃ ဖွဲ့ကွဲမထွက်သွားဘဲ စုစည်းစွာတည် ဆောက်ထားတဲ့ အဖွဲ့ကြီးဖြစ်တယ်။ သို့သော် ကချင်ပြည် နယ်ရှိ ရှမ်းနီလို အခြားလူမျိုးတွေကတော့ သူတို့ကို လူမျိုးကြီးဝါဒ ကိုင်စွဲတာမို့ မနှစ်သက်ကြဘဲ အစိုးရကို လက်နက်ကိုင် ဆောင်ခွင့် တောင်းဆိုနေပါတယ်။

၂၄။  KIA  ဟာ NLD အစိုးရတက်ခါစက ထောက်ခံမှုလည်းမပြု၊ ဝေဖန်မှုလည်းမပြုဘဲ အသာငြိမ်နေပြီး စောင့်ကြည့်နေဟန် တူပါတယ်။ သို့သော် KIA ဦးစီးတဲ့ UNFC မှ အခြားတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တခုမှ ခေါင်းဆောင်တဦးက ပွိုင့်(5)ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝေဖန်သံပေါ်ထွက်လာပါတယ်။ မကြာခင်သူက ရန်ကုန်ထိလိုက်လာပြီး ဒေါက်တာတင်မျိုးဝင်း ထံ ဆက်သွယ်ဖို့ကြိုးစားပေမဲ့ ဖုန်းမကိုင်ဖူးလို့ ဆိုပါတယ်။ ဖုန်းမကိုင်တာဟာ ဘယ်သူဘယ်ဝါမှန်းမသိလို့ မကိုင်တာဖြစ်နေ သလား၊ တကယ်အလုပ်များနေလို့ မကိုင်တာလား၊ သူက ဝေဖန်လိုက်လို့သိလျက်နဲ့ မကိုင်တာလား၊ အဲဒီတုန်းက လုပ်ပိုင်ခွင့် တာဝန်တိတိကျကျ မရှိသေးလို့မတွေ့တာလားဆိုတာ ကာယကံရှင်တွေသာ အသိဆုံးသာ ဖြစ်ပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်ဟာ နှစ်ဦးစလုံးအတွက်တော့ ကောင်းတဲ့ဖြစ်စဉ်တော့ မဟုတ်ပါလို့ဘဲ ဆိုရပါမယ်။ ဆက်လက်ပြီး UWSA နဲ့ ဝ ဟာ တသားတည်းရှိနေတာမို့ သူတို့ရဲ့သမိုင်းကြောင်း၊ နိုင်ငံရေး၊ စစ်ရေးတွေမှာ ဘယ်လိုပါဝင် ပူးပေါင်းခဲ့ကြတယ်ဆိုတာ တင်ပြပါမယ်။

၂၅။ ဝ ဒေသဟာ အင်္ဂလိပ်လက်ထက်ကပင် နယ်မြေအစွန်ကျကာ အုပ်ချုပ်ရေးလက်လှမ်းမမီတာရယ်၊ ဒေသထွက် သံယံ ဇာတမထွက်ရှိလို့ စိတ်ဝင်စားမှုမရှိဘဲ လွတ်လပ်နယ်မြေလို ဖြစ်နေပြီး လူမျိုးကိုက ရှေးရိုးဆန်ဆန် နေထိုင်ခဲ့လို့ ပင်လုံစာချုပ် ထဲတောင် မပါခဲ့တာတွေ့ရပါတယ်။ ဗကပတွေက သူတို့ရဲ့ရိုးသားမှုကို အခွင့်ကောင်းယူပြီး စည်းရုံးသိမ်းသွင်းခံရလို့ အင် အားတောင့်တင်းလာကာ တပ်မတော်က အသေအလဲ တိုက်ခဲ့ရပါတယ်။ နဝတတက်လာတော့ ပထမဆုံးငြိမ်းချမ်းရေးရ ယူသွားတဲ့ ကိုးကန့်တွေရဲ့သတင်းစကားအရ လက်နက်ပြန် ကိုင်ဆောင်ခွင့်ရပြီး စီးပွားရေးလုပ်ကိုင်ခွင့် ပြည်တွင်းထိရတာမို့ ဗကပ ဌာနချုပ်ကိုသိမ်းကာ UWSA ဆိုပြီး အထူးဒေသ ၂ ဖွဲ့စည်းခွင့် ရလာပါတယ်။ ဝလူမျိုးတွေဟာ အမိန့်ကို တသွေ မသိမ်းနာခံရာမှာ စံပြဖြစ်ပြီး သူ့ တပ်မှူးက ကင်သမားကို ဘယ်သူ့မှပေးမဝင်နဲ့ဆိုပါရင် သူ့တပ်မှူးထက် ရာထူးကြီးသူလာပါ က မှာထားတာ မရှိလို့ ပေးမဝင်တဲ့သူများပင် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း MTA ခွန်ဆာတပ်များ လက်သံ ပြောင်ချိန် တပ်မတော်က အသည်းအသန်တိုက်နေရလို့ UWSA  ဟာ ဦးခင်ညွှန့်ကို လေးစားလို့အကူအညီပေး တိုက်ခိုက် ခဲ့ပါတယ်။ UWSA ဟာ တိုက်ပွဲပြီးသွားချိန်မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆက်တပ်စွဲထားလို့ ယနေ့ ထိုင်းတို့ စိတ်ပူ နေရပါတယ်။ UWSA တပ်မှူးတဦးဆို စာရေးသူနဲ့တွေ့ခဲ့စဉ်က ထိုင်းကို တိုက်ရကြောင်း၊ ချင်းမိုင်ရောက်ရင် လိုအပ်တဲ့ လက်နက်ရိက္ခာကိုသာ ပံ့ပိုးပေးဖို့သာ ပြောလို့ အံ့သြခဲ့ရဖူးပါတယ်။

၂၆။ တပ်မတော်နဲ့ပူးပေါင်းတိုက်ခဲ့စဉ်က မိမိဒဏ်ရာလူနာများကို သူတို့စခန်းတွေမှာ ပြုစုစောင့်ရှောက်ပြီး လူနာတွေကို မှည့် တပေါက်မစွန်းစေရဘဲ နောက်တန်းဌာနချုပ်ကို သူတို့လူနဲ့ ပြန်ပို့ပေးတာတွေ၊ မနိုင်တဲ့ရိက္ခာတွေ ချန်ထားခဲ့ရာမှာ ဆန်တ အိတ်၊ တပြည်ပျောက်တာမျိုးမရှိဘဲ သစ္စာရှိတာ တွေ့ရဖူးပါတယ်။ သို့သော်ယနေ့ကျတော့ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ MNDAA,TNLA,SSA(NORTH),KIA တို့ကို UWSA က လက်နက်ခဲယမ်းထောက်ပံ့နေတာဟာ ကိုယ်ပိုင်လက်နက်စက်ရုံ ရှိလို့ ဖြစ်တယ်။ ဒါ့အပြင် ရှမ်းပြည်နယ်နယ်စပ်တလျှောက် အိမ်နီးချင်း တရုတ်နိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံတွေမှ လက်နက်မှောင်ခို ဈေးကွက်ကြီးရှိတာမို့လည်း ရနိုင်ပါတယ်။ တလောက တပ်ချုပ် ထိုင်းနိုင်ငံခရီးစဉ်မှာ လက်နက်မှောင်ခိုများပိတ်ပင်ရေး အလေးပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

၂၇။  UWSA ဟာ NCA စာချုပ်ကို အနောက်နိုင်ငံတွေ လွှမ်းမိုးမှုရှိနိုင်လို့ တရုတ်က မထိုးခိုင်းတာမျိုး ဗြောင် ပြောသလို ပန် ဆန်း အစည်းအဝေးတခုမှာ တကယ်လို့က အပစ်ရပ်ကိစ္စ ညှိရင်တောင် နယ်စပ်ကတရုတ်စစ်တပ်က ပါမှရမယ်ဆိုတာမျိုး ပြောလာပါတယ်။ တရုတ်နိုင်ငံမှာလည်း  ဗဟိုအစိုးရနဲ့ ယူနန်ပြည်နယ်အစိုးရတွေက စီးပွားရေးအရ မြန်မာအစိုးရနဲ့တပ်မတော်ဘက်ပါလိုတဲ့အုပ်စု၊ UWSAလိုမျိုး (ကိုးကန့်ပါ) အဖွဲ့တွေကို အားပေးသင့်တယ်ဆိုတဲ့ တရုတ်စစ်တပ်အသိုင်းအဝိုင်းတချို့ နဲ့ မြစ်ဆုံစီမံကိန်းလိုမျိုး စီးပွါးရေးအရ အရှုံးပေါ်နေတဲ့ ကုန်သည်လူတန်းစားအချို့တို့က အုပ်စုဆိုပြီး ၂ ခြမ်းကွဲနေပါတယ်။ မကြားသေးမီက တရုတ်စစ်တပ် တပ်ချုပ်ရာထူးကို တရုတ်သမ္မတက ပြန်ကိုင်လိုက်တာဟာ စိတ်မချရတာလည်း ပါနိုင်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts