Op-Ed မောင်ရစ်

မောင်ရစ် ● စစ်နဲ့ ငြိမ်းချမ်းရေး … သင် ဘာရွေးမှာလဲ

မောင်ရစ် ● စစ်နဲ့ ငြိမ်းချမ်းရေး  … သင် ဘာရွေးမှာလဲ

(အတွေးအမြင် ဇွန် ၂၀၁၆ ထုတ်) (မိုးမခ) ဇွန် ၉၊ ၂၀၁၆

အိန္ဒိယမှာ အကြမ်းဖက်သမားတွေက လက်နက်မဲ့ပြည်သူတွေကို သွေးအေးအေးနဲ့ ပစ်သတ်နေချိန်၊ အိန္ဒိယလုံခြုံရေးတပ်သား တွေက အကြမ်းဖက်သမား လက်တဆုပ်စာကို ချောင်ပိတ်ပြီး အင်အားသုံး ဖမ်းဆီးနှိမ်နှင်းနေချိန်မှာ သင့်ကို မေးခွန်းတခု မေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး – သင် ဘာရွေးမှာလဲ။ သည်လိုမေးလာရင်တော့ အားလုံးက ငြိမ်းချမ်းရေးကို ရွေးလိမ့်မယ်။ စစ်ကို ဘယ်သူတွေ ရွေးမှာလဲ။

မြန်မာပြည်ရဲ့ပြည်တွင်းစစ် နာတာရှည်အောက်မှာ ကျနော်တို့ သားတကွဲ၊ မယားတကွဲ၊ မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲလို့ ပြေးလွှားနေရချိန်၊ ထောင်ထဲ ရဲဘက်စခန်းထဲမှာ သားချင်းတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ၊ နယ်စပ်က ကျေးရွာတွေ စစ်မ တွေ ဟုန်းဟုန်းတောက်လို့ တဖက်နိုင်ငံက ဒုက္ခသည်စခန်းကို တိုးဝှေ့ခိုလှုံနေရချိန်မှာ သင့်ကို မေးခွန်းတခုမေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး သင် ဘာရွေးမှာလဲ။ ကျနော်တို့ ငြိမ်းချမ်းရေးကို ရွေးပါမယ်။ စစ်ကို ဘယ်သူတွေ ရွေးမှာလဲ။

ကျနော်တို့တတွေက မိခင်တိုင်းပြည်ကနေ တိုင်းတပါးကို ထွက်ခွာလာရချိန်မှာ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး အကြောင်းရင်းခံ မည်မျှပင်ကွဲလွဲနေပါစေ၊ မိခင်တိုင်းပြည်က စစ်အာဏာရှင် စစ်ဘီလူးလက်အောက်က စစ်မီးကို သင့်ခဲ့ကြ သူတွေချည်းပါပဲ။ သူတို့ကို မေးခွန်းတခု မေးမယ်။ စစ်နဲ့ ငြိမ်းချမ်းရေး သင် ဘာရွေးမှာလဲ။ ငြိမ်းချမ်းရေးကို ရွေးပါမယ်။

၂၀၀၄ မှာ အမေရိကန်ဘွတ်ရှ်အစိုးရက အီရတ်ကို စစ်တိုက်ပြီးတော့ စစ်အာဏာရှင် ဆဒန်ဟူစိန်ကို ဖြုတ်ချခဲ့တယ်။ အငြင်း ပွားစရာ အခြေခံအချက်အလက်တွေ အများကြီးကြားထဲက၊ သံသယဖြစ်စရာ ဟိုဖက် ဒီဖက် အကြောင်းကိစ္စတွေ အများကြီး ကြားထဲက အမေရိကန်နိုင်ငံသားတချို့က အစိုးရဦးဆောင်မှုအတိုင်း ဦးလည်မသုံ စစ်ကို ရွေးခဲ့ကြတယ်။ တချို့ကတော့ တပါးနိုင်ငံတခုအပေါ် ကျူးကျော်စစ်အဖြစ် ရှုမြင်ပြီး စစ်ကို ဆန့်ကျင်ခဲ့ကြ၊ ငြိမ်းချမ်းရေးကို ရွေးချယ်လို့ စစ်ဆန့်ကျင်ရေး ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ သင်ကော ဘာရွေးမှာလဲ။ စစ်နဲ့ ငြိမ်းချမ်းရေး – သင် ဘာရွေးခဲ့မှာလဲ။

ပြည်တွင်းစစ်ဒဏ်သင့်ခဲ့တဲ့ လူတယောက်အနေနဲ့ စစ်ကို မုန်းတီးပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးမယ်ဆိုရင် ဘယ်နိုင်ငံကိုပဲ ရောက်ရောက် သေစေတတ်တဲ့ လက်နက်ကိုကိုင်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းကို ရွေးချယ်လိမ့်မယ်မဟုတ်လို့ ကျ နော်ကတော့ ကိုယ်ချင်းစာပြီး စဉ်းစားတယ်။ ကလောင်ကို လက်နက်သဖွယ်ကို ရွေးထားပြီးမှတော့ ကျည်ဆန်တွေ အ မြောက် တွေ မလိုဘူးဆိုတဲ့ မူပေါ်မှာ ကျနော့်အနေနဲ့ကတော့ ရပ်တည်ရမယ် ထင်ပါတယ်။

အခုရောက်နေတဲ့ နိုင်ငံက စစ်သားစုဆောင်းရေးအဖွဲ့တွေ၊ အရန်တပ်သားစုဆောင်းရေးတွေက “သင့်ကို အလိုရှိသည်” ဆို ပြီး လိုက်လံ စည်းရုံး အင်အားစုနေတဲ့အချိန်တွေနဲ့ ကြုံခဲ့ဖူးတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အခွင့်ထူးခံစားခွင့်တွေနဲ့ နိုင်ငံသားတွေသာမက၊ ဒုတိယတန်းစား နိုင်ငံသားတွေ (အမြဲနေထိုင်ခွင့်ရသူတွေ၊ ဂရင်းကတ်တွေ)ကို ဖိတ်ခေါ်ကြတယ်။

စစ်သုံးစရိတ်ကို ဘီလျံနဲ့ချီပြီးသုံးနိုင်တဲ့ အစိုးရဆိုတော့ ပြည်သူ့အခွန်တွေနဲ့ သူတို့စစ်သားတွေကို ပေးဆောင်ချီးမြင့်ပေး နိုင်တာကို မေးခွန်းထုတ်စရာ မလိုပါ။ စစ်မက်ရေးရာကို ဆုတောင်းပါလို့၊ နှစ်သက်လို့၊ လက်ရုံးရည်နဲ့ မျိုးချစ်စိတ်ထက်သန်စွာ ပေးဆပ်ချင်လို့ ဆုံးဖြတ်ကြသူ သူတို့ကို မေးခွန်းထုတ်စရာ မလိုပါ။ သို့သော်လည်း စစ်ဆိုတဲ့ အကြောင်းကို အရင်းခံပြီး ဘယ်အကျိုးကို မျှော်လို့ သေနတ်မောင်းကို ဘယ်လို မောင်းတင်မှာလဲ။ ၂၁ ရာစုအသစ်ကို သွေးတွေ အသက်တွေ အလူး လူးအလိမ့်လိမ့်နဲ့ ကိုယ့်တိုင်းပြည်ကိုယ်တိုင် ဖြတ်သန်းရုန်းကန်နေရချိန်မှာ စစ်နဲ့ ငြိမ်းချမ်းရေး – သင်ဘာရွေးမှာလဲ။ ကျနော် ကတော့ ငြိမ်းချမ်းရေးကို ရွေးပါတယ်။

အကြမ်းဖက်သမားတွေနဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့နှိမ်နှင်းဖို့ ဖော်ထုတ်ဖို့ဆိုပြီး အကျဉ်းစခန်းတွေမှာ အကျဉ်းသားတွေ ကို ဖမ်းဆီးတယ်၊ စစ်ဆေးတယ်။ နှိပ်စက်ညှဉ်းပန်းတယ်။ သတင်းတွေ ထောက်လှမ်းရေးအချက်အလက်ကို ဖော်ထုတ်တယ်။ ကမ္ဘာတဖက်ခြမ်းက အကြမ်းဖက်သမားတွေက အပြစ်မဲ့တဲ့ပြည်သူတွေကို လမ်းလယ်ကောင်မှာ၊ လျို့ဝှက်အကျဉ်းစခန်း တွေမှာ ဗုံးဖောက်ခွဲပစ်တယ်၊ သတ်ဖြတ် ချေမှုန်းပစ်တယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် သတင်းပေးတွေ၊ ထောက်လှမ်းရေးတွေ၊ လက်မရွံ့တွေက တဖက်ကို တဖက် အမှောင်ထဲကနေ ချေမှုန်းကြ လုပ်ကြံနေကြတာပဲ။ ကဲ – စစ်နဲ့ ငြိမ်းချမ်းရေး – သင်ဘာ ရွေးမှာလဲ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကို ရွေးပါတယ်။

တကယ်တမ်းမှာ လက်တွေ့မှာ စစ်နဲ့ ငြိမ်းချမ်းရေး တကယ်ရွေးကြရတော့မယ်ဆိုရင် ကျနော်ကော သင်ကော အမှန်အကန် ဘာကို ရွေးကြမှာလဲ – စဉ်းစားမိတယ်။

မြန်မာပြည် အကျဉ်းထောင်ထဲက အပြစ်မဲ့တဲ့ နိုင်ငံရေးအတိုက်အခံတွေ၊ သူတို့ မိသားစုသားချင်းတွေ၊ စစ်မီးခိုးတွေ တလိမ့် လိမ့်အူနေတဲ့ မြန်မာပြည်နယ်စပ်က ကျေးလက်တွေ၊ စစ်ဖိနပ်အောက်က ပိပြားဝပ်တုပ်နေရတဲ့ နိုင်ငံရေးဘေးသင့် လက် နက်မဲ့ ပြည်သူလူထုတွေ – သူတို့တွေနဲ့ သင် ဘယ်ဟာကို ရွေးကြမှာလဲ။ စစ်နဲ့ ငြိမ်းချမ်းရေး ဘာကို ရွေးကြမှာလဲ။

၏တတိယနိုင်ငံတခုရဲ့ အရိပ်အာဝါသ၊ စစ်မီးလျံများနဲ့ ဝေးရာ၊ ထောက်လှမ်းရေး သတင်းပေးများ၊ လက်မရွံ့များနဲ့ ဝေးရာမှာ အသက်ရှုခွင့်ရနေချိန်မှာ – သူတို့နိုင်ငံရဲ့ စစ်မက်ကိစ္စ၊ ထောက်လှမ်းရေး သတင်းပေးကိစ္စတွေလုပ်ကိုင်ဖို့အတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘ၀အာမခံချက် အထွေထွေ ပုဂ္ဂလိကအခွင့်အလမ်းတွေနဲ့ သင့်ကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် – စစ်နဲ့ ငြိမ်းချမ်းရေး ဘာကို သင်ရွေးမှာလဲ။

ကျနော်ကတော့ ငြိမ်းချမ်းရေးကိုပဲ ရွေးပါတယ်။

ဆရာ တင်မိုးရဲ့ကဗျာလေးနဲ့ ကျနော် ထပ်ပြောပါမယ်။

 

“တရားနှင့် ဓား
အား နှစ်အားတွင်
တရားကို ချစ်
ဓားကိုပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည် …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts