သရော်စာ

မောင်ဥက္ကလာ – လှေကလေးကိုလှော်


မောင်ဥက္ကလာ –  လှေကလေးကိုလှော်
(မိုးမခ) ဇွန် ၉၊ ၂၀၁၆

အလုပ်အကိုင် မယ်မယ်ရရ မရှိသော ကျွန်ုပ်သည် တနေ့သော နံနက်ခင်း (၁၀) နာရီလောက်အချိန် အိပ်ရာမှ အိပ်မှုန်စုံမွှား ဗိုက်ဟောင်းလောင်းနဲ့ နိုးထလာပြီးနောက် မနေ့ညကတည်းက တဝုန်းဝုန်း တဒိုင်းဒိုင်း ရွာသွန်းနေတဲ့ မိုးကြောင့် ရောက်တုန်းရောက်ခိုက် အနီးတဝိုက်မှာရှိတဲ့ အသိအိမ်တွေဆီ မယောင်မလည် သွားပြီး စားဖို့သောက်ဖို့ အခွင့်မသာ အဆင်မပြေဖြစ်ရလို့ မဟာဗမာပီပီ မိုးရွာရင် ရွာပြန်ပြီ၊ နေပူရင် ပူပြန်ပြီ၊ အေးရင် အေးပြန်ပြီ တဗျစ်တောက်တောက် Complaint တက် စောစောစီးစီး မိုးဒေဝါကို မေတ္တာပို့နေမိတော့ သည်။

ကျွန်ုပ် အခုလတ်တလော ခေတ္တရောက်ရှိနေသော တိုင်းနိုင်ငံ (ဆွေမျိုးများထဲမှာ မင်္ဂလာဆောင်၊ အလှု၊ နာရေး ဘာညာရှိပြီး သတင်းစာထဲ ဖော်ပြလိုပါက ကျွန်ပ်အမည်သည် ဒီအချိန်အခါမျိုးမှာဆို ဦးမောင်ဥက္ကလာ (ခေတ္တ xxxx) ဆိုပြီး ကြေညာမောင်းခတ် ပါရှိနိုင်သည်) မှာ ဒီရက်အတွင်း မိုးတွေရွာသွန်၊ လေပြင်းတိုက်ခိုက်မှုတွေ ရှိနေခဲ့သည်မှာ နေ့ညဆက်နေခဲ့လေပြီ။ တချို့ နေရာများမှာဆို မိုးသီးမိုးပေါက်များ ကြွေကျ၊ လေဆင်နှာမောင်းတွေ တိုက်ခိုက်၊ ရေတွေကြီးလို့ လူတွေ အထိတ်တလန့်ဖြစ်၊ ဒုက္ခရောက်၊ အသက်အန္တရာယ် ထိခိုက်မှုတွေ ရှိတယ်လို့ သတင်းတွေမှာ တွေ့မြင်ဖတ်ရလို့ စုတ်တသပ်သပ် စိတ်မကောင်းဖြစ် ခံစားရသလို၊ သတ္တိရှင် ကျွန်ပ်အဖို့ တယောက်ထဲ ရေခြားမြေခြားမှာ စိတ်အားငယ်စွာ ထိတ်လန့်နေမိသည်။

အဲ့ဂလို ဒီဒေသမှာ မိုးတွေ မပြတ်ရွာသွန်းနေတာကြောင့် မိုးနည်းနည်းရွာတာနဲ့ လမ်းတွေချောင်းဖြစ်၊ အိမ်တွေ ရေကူးကန်ဖြစ်တဲ့ ရွှေပြည်က လာသူမို့ စိုးရိမ်တကြီးနဲ့ အိမ်ပတ်ဝန်းကျင်တဝိုက်ကို ပြူးပြူးပြဲပြဲ ကြည့်လိုက်တော့ အိမ်နားတဝိုက်နဲ့ လမ်းပေါ်တွေမှာ ရေဝပ်၊ ရေလျှံနေတာမရှိဘဲ၊ ရေမြောင်း၊ ရေကန်တွေထဲ မိုးရေတွေ ပျော်ပျော်ကြီး ချက်ချင်းစီးဝင်ပျောက်ကွယ်သွားတာကို တွေ့ရသည်။

အကြောင်းအရာတခုကို စူးစမ်းစပ်စုတတ်သော ကျွန်ပ်အဖို့ အဘယ်ကြောင့် ရွှေပြည်ကြီးမှာလို မိုးရေတွေ ကုန်းမြေပေါ်မကျန်၊ အိမ်တွေထဲ မဝင်ရောက်သလဲလို့ စုံစမ်းကြည့်လိုက်တော့ အိမ်တဝိုက်နဲ့ လမ်းဘေးဝဲယာ တလျှောက်မှာ စနစ်တကျဖောက်လုပ်ထားတဲ့ အမှိုက်သရိုက်ကင်းရှင်းသော ရေနုတ်ရေမြောင်းတွေကို တွေ့ရ သည်။ ကျွန်ပ်တို့ ရွှေပြည်ကြီးမှာလည်း တချိန်တခါက အဲ့ဂလို ရေနုတ်ရေမြောင်းတွေ ရှိခဲ့သလို၊ မြစ်ချောင်းတွေလည်း အခုလောက် မညစ်ပတ်၊ ပိတ်ဆို့ခြင်း မရှိဘူးလို့ ရှေ့ လူကြီးများ ပြောကြသည်။

ဒီအပြင် ကျွန်ပ်အနေနဲ့ ဒီတိုင်းဌာနေရဲ့ ရာသီဥတုကို အင်တာနက် တချက်ခေါက် လေ့လာကြည့်ပြန်တော့ ကျွန်ပ်တို့ မဟာရွှေပြည်ထက် အဆပေါင်းများစွာ ဆိုးဝါးပြင်းထန်သော ရာသီဥတုမျိုးတွေ ရှိတာကို တွေ့ရတယ် – အရိုးကွဲမတတ် အေးမြတဲ့ ဆောင်းတွင်းမှာ နှင်းမုန်တိုင်းတွေကျ၊ ဆီသီးအရွယ်လောက် ရေခဲမိုးတွေရွာ။ မိုးတွင်းရောက်တာနဲ့ လေကြီးမိုးကြီးကျ၊ တဝီဝီ တဝုန်းဝုန်းနဲ့ လေဆင်နှာမောင်းတွေ ဟိုမှာဒီမှာ။ နွေရာသီဆိုလည်း အပူလှိုင်းတွေရိုက်ခတ်၊ ပူလွန်လို့ တောမီးလောင်တာတွေနဲ့ ကြောက်စရာလန့်စရာ။ နေစရာမကောင်းလောက်တဲ့ ဥတုရာသီရှိတဲ့ တိုင်းနိုင်ငံပေါ့။

အဲ့ဂလောက် ဖြစ်နေပေမယ့် In God we trust ဆိုသူတွေက ဖန်ဆင်းရှင် နတ်ဒေဝါတွေကို ပသပူဇော် နတ်ပွဲဘုရားပွဲတွေ တဂျိမ်းဂျိမ်းနဲ့ အားကိုးမရှာဘဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဝန်းကျင်အတွက် သက်ဆိုင်ရာ အုပ်ချုပ်အစိုးရ၊ အာဏာပိုင်တွေက တာဝန်သိသိ၊ တာဝန်ရှိရှိ လိုအပ်ချက်တွေကို ပြင်ဆင်တည်ဆောက် ထား သလို၊ ကြိုတင်ကာကွယ်ရေးတွေ၊ တားမြစ်မှုတွေ၊ ကူညီကယ်ဆယ်ရေးတွေ၊ လိုအပ်တဲ့ထောက်ပံ့မှုတွေကို အလျင်အမြန်၊ အချိန်မီလုပ်ပေးတာကြောင့် ထိခိုက်ပျက်စီးမှုတွေ၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဆိုးဆိုးဝါးဝါး မရှိ၊ ထိန်းသိမ်းဖြေရှင်းနိုင်တာပေါ့။ အဲ့ဂလို တာဝန်ယူ ဖြေရှင်းမလုပ်ရင်တော့ နောက်တကြိမ် ရွေးကောက်ပွဲဆို ပြည်သူတွေက ဆာရိုနရာ၊ ဂွတ်ဘိုင်ပေါ့။

ပြည်သူ့အခွန်စားတွေလိုပဲ ပြည်သူတွေလည်း ကိုယ့်တာဝန်ကိုယ်သိရတယ် – ကိုယ့်အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေး – အမှိုက်သရိုက်တွေ ရှင်းလင်း၊ မြက်ပင်ပေါင်းပင်တွေ ခုတ်ဖြတ်၊ နှင်းကျရင် နှင်းကော်၊ ရေခဲရှင်း၊ ရေဝပ်ရင် ရေစီးကြောင်းဖောက် စသဖြင့် – ချမှတ်ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ လိုက်နာလုပ်ဆောင်ကြ တယ်။ အများညီ၍ ဤကို ကျွဲဖတ်ကြတဲ့ ရွှေပြည်သားတွေလို စည်ပင်ရေမြောင်းကျော်၊ ပိတ်ပြီး ခြံတိုးဆောက် ထားတာ၊ အမှိုက်တွေကို ပစ်ချင်သလိုပစ်၊ ကိုယ့်အိမ်ပတ်ဝန်းကျင်တဝိုက်လည်း မကောက်မရှင်း၊ ခြင်ယင်တွေ ပေါက်ဖွားနေတာလည်း ဂရုမစိုက်ဖြစ်သလိုနေ နေတတ်သလိုနေ၊ ဒီလိုပဲ ဘိုးစဉ်ဘောက်ဆက်နေခဲ့တယ်ဆိုပြီး မလိုက်နာမလုပ်ကြရင်တော့ ကြီးလေးတဲ့ ဒဏ်ငွေသင့် အရေးယူခံရမှာမို့ သေပီဆရာ ဖြစ်လိမ့်မယ်။

အဲ့ဂလိုနဲ့ ကျွန်ပ်အဖို့ ဒီတိုင်းဌာနေရဲ့  ကောင်းတာလေးတွေကို ကျွန်ပ်တို့ ရွှေပြည်သားတွေ အတုယူသင့် တာလေးတွေ၊ လုပ်နိုင်တာလေးတွေကို တွေးကြည့်ရင်၊ တဖက်မှာ ရက်ဆက်အငြိုးတကြီးနဲ့ ရွာသွန်နေတဲ့ မိုးဒေဝါကို တစိမ့်စိမ့်ကြည့်ရင် မဟာကျေးဇူးရှင် စစ်ဗိုလ်ရှုပ်တွေ သက်စွန့်စံဖြား စွမ်းစွမ်းတမံ နှစ်ပေါင်း (၅၀) ကျော် အချိန်ယူပြီး တည်ဆောက်ပေးခဲ့သော – ကမ္ဘာ့ပေါ်မှာ တပ်မြေ၊ ကျူးကျော်မြေ၊ ပညာမဲ့ ကလေးအလုပ် သမား၊ စစ်ဘေးဒုက္ခသည်၊ တဖက်နိုင်ငံသွား အိမ်ဖော်၊ အလုပ်သမား၊ ပြည်တန်ဆာ၊ ခြင်ယင်ကြွက်၊ အမှိုက်သရိုက် အလွန်ပေါများလှသော ရွှေပြည်ကြီးမှာလည်း အခုရက်အတွင်း မိုးတွေတဝုန်းဝုန်း ရွာနေပြီမို့ ချစ်သူငယ်ချင်းတွေက ဖွဘုတ်ကနေ ဌာနပြန်လာမယ့် ကျွန်ပ်ကို သတိပေးပြောဆိုတာက

အမှိုက်တွေပိတ်ဆို့၊ ခြင်တွေမြူးပျော်နေတဲ့ ရေမြောင်းတွေကြောင့် ပြောင်းလဲချိန် မတိုင်မီအတိုင်း လမ်းတွေရေလျှံ မြစ်ရေအိုင် ဖြစ်နေလို့ လှေကလေးတစီးဝယ်ပြီး ပြန်လာခဲ့ပါတဲ့။

အထီးကျန် ကျွန်ပ်အဖို့ ဝေးတမြေနိုင်ငံဂျားကနေ ရွှေပြည်ပြန်ခရီးကို စိတ်ကူးထဲမှာ … လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် ကိုယ်ဒီလောက် အားငယ်မယ်မထင်ပါ … သီဆိုရင် ရေစီးမြောင်းတောင် ကောင်းကောင်း ရှင်းလင်းမတည်ဆောက်နိုင်သေးတဲ့ ရွှေပြည်အရေး မိုးအေးအေးမှာ ချွေးတဒီးဒီးကျ တွေးပူနေမိပြန်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts