ရသဆောင်းပါးစုံ

စံပယ်ဖြူ – စိတ်ဓာတ်ခွန်အားပေးသော ထိုမိခင်

 

စံပယ်ဖြူ –  စိတ်ဓာတ်ခွန်အားပေးသော ထိုမိခင်
(မိုးမခ) ဇွန် ၉၊ ၂၀၁၆

“ သင့်ရဲ့ကြောက်စိတ်က သင်မှန်တယ်ထင်တဲ့အရာကိုလုပ်ဖို့ တားမြစ်တာကို ဘယ်တော့မှ ခွင့်မပြုပါနဲ့ ” လို့ ကမ္ဘာကျော် အဆိုအမိန့်ကို ပြောဆိုရေးသားတဲ့ ထိုမိခင်ကို ဂါရ၀တဲ့ စာတပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် စံပြမိခင်၊ မြန်မာပြည်အပြင်ဘက် ရောက်နေသူတွေအတွက် စိတ်ဓာတ်ခွန်အားတွေ ပေးတဲ့ထိုမိခင်။ ထိုမိခင်ရဲ့ကျေးဇူးတရားတွေကို ကျွန်မ ဉာဏ်ရှိသလောက် ဖော်ထုတ်ရေးဖွဲ့ချင်ပါတယ်။ မိခင်အရင်းထက် ပိုပြီးချစ်ခင်လေးစား သလားလို့မေးရင်၊ မိခင်အရင်းနဲ့ ထပ်တူချစ်ခင်လေးစားတယ်လို့ ဖြေပါ့မယ်။

ထိုမိခင်နဲ့ ကျွန်မ နှလုံးသားချင်းမနီးစပ်ခင် အချိန်တုန်းက သူမကို ကျွန်မသိခဲ့တာက လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်။ ၁၉၈၈ အရေးအခင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လာတယ်၊ ဒီမိုကရေစီအရေး လှုပ်ရှားတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ကလေးသာသာ ရှိသေးတော့ ဘာမှနားမလည်ပေမဲ့ ဗိုလ်ချုပ်ရဲ့သမီးမို့ ဒေါ်အောင် ဆန်းစုကြည်ကို အများနည်းတူ သဘောကျခဲ့ပါတယ်။ ဒီနေ့မြန်မာပြည်က ကလေးငယ်တွေ အများစု အမေစုမှ အမေစုဖြစ်နေသလိုမျိုး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သူမရဲ့အောင်မြင်မှု သြဇာလွှမ်းမိုးနိုင်မှုဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လို့ ၀န်ခံထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားကြတော့ သူမအပေါ် ကျွန်မစိတ်ဝင်စားမှု မရှိတော့ဘူး။ မြန်မာပြည်မှာနေခဲ့တဲ့ အနှစ် (၃၀)အတွင်း ကျွန်မက နိုင်ငံရေးနဲ့ပတ်သက်ရင် ဘာမှနားမလည် စိတ်မ၀င်စားတဲ့ နလဘိန်းတုံးတယောက်ပါ။ ဒါပေမဲ့ အစိုးရပိုင်သတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲရေးနေကြတာ၊ ဆန္ဒခံယူပွဲတွေလုပ်ပြီး တရားဝင် ဆဲနေကြတာကို တော်တော်လေး အော့နှလုံးနာခဲ့ပါတယ်။ ဆရာတယောက် ကျွန်မကို ပြောပြဖူးတဲ့စကားကိုလည်း စိတ်ဘ၀င်မကျခဲ့ပါ။ သမီးသိလား ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားသစ္စာဖောက်၊ မြန်မာနိုင်ငံသား ရည်စားရှိရက်နဲ့ သစ္စာဖောက်ပြီး နိုင်ငံခြားသားကို လက်ထပ်ခဲ့တာ။ ဆရာပြောပြတုန်းက ကျွန်မဘာမှပြန်မပြောပဲ နားထောင်ခဲ့ပေမဲ့ ဘာကြောင့် ရယ်မသိ ဆရာပြောတာကို အမှန်လို့မမှတ်ခဲ့ဘူး။

နိုရီကိုရေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို မသီတာ(စမ်းချောင်း) ဘာသာပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် စာအုပ်ကိုဖတ်ရတော့မှ ဆရာ့စကားက ၀ါဒဖြန့်သူ တွေဆီက လက်ဆင့်ကမ်းရလာတာလို့ နားလည်လိုက်တယ်။ တကယ်တော့ မြန်မာ ပညာတတ် တဦးက ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံခဲ့တာ။ ခုနေများ ဆရာသက်ရှိထင်ရှားရှိနေသေးရင် ကျွန်မပြန်ဖြေရှင်း ပြောပြချင်မိပါတယ်။ လူမျိုးစွဲမကင်းတဲ့ကျွန်မလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားနဲ့လက်ထပ်တာကို စိတ်ထဲဘ၀င်မကျသူပါ။ နိုရီကို ပြောပြလို့ စိတ်သဘောထား နူးညံ့ပြီး ဒေါ်အောင်ဆန်း စုကြည်ကို မြတ်နိုးကြင်နာတဲ့ မိုက်ကယ်အဲရစ်နဲ့ ကင်တို့ညီအကို နှစ်ယောက်အကြောင်းကိုသိခွင့်ရလို့ သူတို့အပေါ် စာနာ နားလည်ခဲ့ပါတယ်။ ဒီစာအုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအကြား နှလုံးသားချင်းနီးစပ်စေတဲ့ အကြောင်းရင်း တခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စာရေးသူ နိုရီကိုနဲ့ ဘာသာပြန်သူ ဆရာမ မသီတာ (စမ်းချောင်း) ကို သိပ်ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှစ်ရှည်အကျယ်ချုပ်ကျနေတဲ့ ကာလအတွင်းမှာ ဘယ်လိုစိတ်နဲ့ နေခဲ့သလဲ ဆိုတာကို လူတွေစိတ်ဝင်စားကြတယ်။ ဓမ္မကို အဖော်ပြုပြီးနေတဲ့အတွက် သီလ သမာဓိ ဉာဏ်ပညာတွေ ပိုပြီးတိုးပွား ရင့်ကျက်လာတယ်။ စာအုပ်တွေကို မိတ်ဆွေဖွဲ့နေတဲ့အတွက် တယောက်ထဲ အထီးကျန် နေ့ရက်တွေဟာ အဓိပ္ပာယ်ရှိရှိ ကုန်လွန်ခဲ့တယ်။ ဓမ္မကပေးသော ကြောက်စိတ်ကင်းတဲ့ ဖြောင့်မတ် တည်ကြည်မှု၊ စာအုပ်တွေကပေးတဲ့ အသိအမြင်ကြွယ်ဝမှုတွေကို ပေါင်းစပ်ပြီး ရေးလိုက်တဲ့ သူမရဲ့ စာတွေက စာဖတ်သူတွေရဲ့ နှလုံးသားကို ဖွင့်ပေးနိုင်ခဲ့တယ်။ မေတ္တာနဲ့ သစ္စာတရားကို အခြေခံပြီး ရေးတဲ့စာ၊ ပြောသမျှ စကားတွေဟာ အများပြည်သူတွေ့ရဲ့ နှလုံးသားကို ပွင့်လင်းစေပါတယ်။ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းတွေနဲ့ စာရေးသူတွေဟာ အများပြည်သူတွေကို ရှေ့ဆောင် လမ်းပြရာမှာ နှလုံသားကို အရင်ဖွင့်ပေးရမယ်လို့ ဆိုပါတယ်။ နှလုံးသား ပွင့်သွားပြီဆိုရင် ဘာပဲပြောပြော ထိရောက်တယ်၊ သြဇာငြောင်းနိုင်ပါတယ်။

လောကသဘာဝနဲ့ လူ့သဘောတွေကို ပကတိ အရှိတိုင်း မြင်နိုင်တဲ့ သူမမှာ ကျွန်မတို့ လိုက်မမှီတဲ့ အတွေးအခေါ် ရှိတယ်။ လောကဓမ္မကို ကောင်းကောင်းနားလည်သူမို့ မှန်တာကို ပြောရဲလုပ်ရဲအောင်၊ အမှန်တရားဘက်က သတ္တိရှိရှိ ရပ်တည်ရဲအောင် စံနမူနာကောင်း ပြတယ်။ သဘာဝ အရှိတရားကို အရှိတိုင်း လက်ခံပြီး၊ ဟန်ဆောင်မှုကင်းတယ်။ သူမရဲ့ရိုးသားပွင့်လင်းမှုနဲ့ အမှန်တရားကို မြတ်နိုးမှုက မြန်မာပြည်က ပညာတတ်လူတန်းစား အများစုကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူမရဲ့ မေတ္တာတရားကြီးမားမှုက မြန်မာပြည်က အောက်ခြေ လူတန်းစားများရဲ့ ယုံကြည် အားကိုးမှုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ပြည်ပရောက် မြန်မာပြည်သားများအတွက်တော့ သူမပြောတဲ့ စကားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပြီး၊ သူမရဲ့ကြိုးစားအားထုတ်မှုတိုင်းဟာ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်တွေ ဖြစ်ပါတယ်။ ရွှေရောင်အပြုံး ကိုယ်စီနဲ့ ပြည်တော်ပြန်ဝင်ဖို့ အခွင့်အခါကောင်းကို မျှော်နေကြပါတယ်။

သူများတိုင်းပြည်မှာ တော်သလိုနေကြရတဲ့ ကျွန်မတို့မှာ အမည်ဖော်လို့မရတဲ့ ဝေဒနာ ကိုယ်စီရှိပါတယ်။ အလုပ်ထဲမှာ မတရားတာတွေ မြင်နေရရင် ရေငုံနှုတ်ဆိတ်နေရပြီး၊ ရေလိုက်ငါးလိုက် နေရာတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ရှိပေမဲ့ မနိုင်လို့ သီးခံနေရတာတွေ ရှိတယ်။ မကျေနပ်ချက်တွေ ပေါက်ကွဲမထွက်အောင် ကိုယ့်စိတ်ကို နှိပ်ကွပ်ထိန်းချုပ်ရင်း အတွေ့အကြုံတွေ ရင့်ကျက်လာခဲ့တယ်။ ဘာသာတရား အဆုံးအမတွေ၊ စာပေကပေးတဲ့ အသိတွေနဲ့ စိတ်ဒဏ်ရာ ဝေဒနာတွေကို ကုစားရာမှာ ထိုမိခင်ရဲ့ပညာရှိစကားတွေဟာ ခွန်အား ဖြည့်ဆေးတခွက်လို အစွမ်းထက်ပါတယ်။ သူမရဲ့စိတ်သဘောထားနဲ့ အပြုအမူတွေကို လေးစား အားကျတဲ့စိတ်က သူစိမ်းတရံတွေအကြား ဘ၀ကိုဆောက်တည်ရာမှာ အများကြီး အထောက် အကူပေးပါတယ်။ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတွေထက် နှလုံးရည်ပြည့်ဝမှုကို ဦးစားပေးတဲ့ ထိုမိခင်ရဲ့ အဆုံးအမတွေက လောကဓံကို ရင်ဆိုင်ရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် အားဖြည့်ပေးပါတယ်။

နိုဘယ်ဆုရှင် လူထုခေါင်းဆောင်ရဲ့ဂုဏ်သတင်းကြောင့် ကမ္ဘာ့အလယ်မှာ ကျွန်မတို့ မြန်မာတွေ ဂုဏ်ယူစရာ ဖြစ်ရတယ်။ သူမကို ဝေဖန်အပြစ်တင်ကြတဲ့ ပြည်တွင်းပြည်ပက စာတတ်ပုဂ္ဂိုလ် အချို့ကို ဥပေက္ခာသဘောနဲ့ တုန့်ပြန်နိုင်တာ ပညာရှိဆန်ပါတယ်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်ကို ဘယ်လိုများဖြေရှင်းနိုင်မှာပါလိမ့်လို့ ကျွန်မတို့ ပူပန်နေချိန်မှာ ထိုမိခင်က ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းတွေ မြန်နေဆဲ။ သူမရဲ့ယုံကြည်မှုက ပြည်သူတွေရဲ့စွမ်းရည်ကို ယုံကြည်စိတ်ချခြင်းသာဖြစ်တယ်။ ပြည်သူတွေနဲ့ တသားတည်းရှိနေသူမို့ မြန်မာတွေ ဉာဏ်ရည်မနိမ့်ဘူး၊ အခွင့်အလမ်းကောင်းတွေသာ လိုအပ်တာလို့ ပြောနိုင်တာဖြစ်တယ်။ ရေခံ မြေခံကောင်းတဲ့ မြန်မာပြည်ဖွား ကျွန်မတို့တွေအားလုံးဟာ မျိုးစေ့ကောင်းကြပါတယ်။ ဒီမျိုးစေ့ကောင်းတွေက ပေါက်လာတဲ့ အပင်တွေ ဖွံ့ဖြိုးသန်မာပြီး၊ အသီးအပွင့်တွေ ဝေဆာဖို့ ပညာအလင်းရောင်တွေ လိုအပ်တာ။

ဗြဟ္မစိုရ်တရား (၄)ပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် လူမျိုးဘာသာ အသားရောင်ခွဲခြားခြင်း၊ ရန်သူမိတ်ဆွေ ခွဲခြားခြင်းမရှိဘဲ တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလေးပါး ကင်းရှင်းရေး၊ လူတိုင်း၏မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံဃာတော်များအား လျှောက်ထားချက်ကို ပြည်သူတယောက်အနေနဲ့ ကြိုဆိုထောက်ခံပါတယ်။ မြင်သာ ထင်သာရှိသော ပြောင်းလဲ တိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ရဲရဲဝံ့ဝံ့ ဖွင့်ဟ လျှောက်ထားချက် ကိုလည်း သဘောကျ နှစ်ခြိုက်ပါတယ်။ တရားသဘောတွေကို အကြွင်းမဲ့ ယုံကြည်သော ထိုမိခင်၊ ပြည်သူတွေအပေါ် ယုံကြည်သော ထိုမိခင်။ ထိုမိခင်ရဲ့ယုံကြည်ချက်၊ ပြည်သူများရဲ့ မျှော်လင့် ချက်တွေ ပြည့်ဝပါစေ။ ထိုမိခင်ရဲ့ ဆန္ဒအတိုင်း ပြည်သူတွေက သူမကိုမလိုအပ်တော့တဲ့အချိန်ထိ အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

(ပန်းချီ သန်းဌေးမောင်၊ စာလုံးထည့်သူ မောင်ရစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “စံပယ်ဖြူ – စိတ်ဓာတ်ခွန်အားပေးသော ထိုမိခင်

Comments are closed.