စာအုပ်စင်

ပွင့်ဒင်္ဂ – ကြည်အေး

 

ပွင့်ဒင်္ဂ – ကြည်အေး

(ဆန်းစသော်တာ၊ မိုးမခစာအုပ်စင်) ဇွန် ၈၊ ၂၀၁၆
(အသစ်စက်စက် ကဗျာများအား ဗဂျီလင်းဝဏ္ဏ ၏ အတွင်းသရုပ်ဖေါ်ပုံများနှင့်အတူ…)
ပထမအကြိမ် ၊ ၂၀၁၆ ၊ဇွန်လ
တန်ဖိုး – ၂၀၀၀ ကျပ်
ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး

တရားနဲ့ ယှဉ်တဲ့ အသစ်စက်စက် ကဗျာ ၁၈ ပုဒ်ဖြင့် ထုတ်ဝေထားပါတယ်။ စာအုပ်ရဲ့ အမည်ဖြစ်တဲ့ ပွင့်ဒင်္ဂ ကို စာရေးသူက ယခုလို ရေးဖွဲ့ ထားပါတယ်။ လောကမှာ ကျင်လည်နေထိုင်ကြတဲ့ သတ္တ၀ါအားလုံး မိုက်မဲတွေဝေတာတွေဖုံးပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာတွေ ဖြစ်နေတုန်း တစ်နေရာ တဒင်္ဂမှာ ဗုဒ္ဓမြတ်စွာဘုရားတော့ ပွင့်သစ်ခဲ့ပါတကားလို့ … ဆိုထားပါတယ်။

စာရေးသူ၏အမှာစာ မှာ – စာရေးသူက ဗုဒ္ဓဘုရားဟောကြားခဲ့တာကို လိုက်စားလာတာ တစ်နှစ်ကျော်ပါပြီ ။ ကျွန်မက စိတ်ပါရင် စူးစူးစိုက်စိုက်လုပ်တတ်တော့ တစ်နေ့ ကို ၂၄ နာရီမှာ ၇နာရီ ၊ ၁၀ နာရီကြာအောင် တရားစာဖတ်လိုက်တော့ ဗုဒ္ဓဘာသာ ဘာလဲဆိုတာ တော်တော်လေးနားလည်သွားတယ်ထင်ပါတယ်။ အင်္ဂလိပ်လို နဲ့ ဗမာလို ရေးထားတဲ့စာအုပ်တွေကို ယှဉ်ပြီး ဖတ်ရှုဆင်ခြင်ရတယ် ။ နားမလည်နိုင်ရင် အထပ်ထပ် ဖတ်ရတယ်။ ဥာဏတိလောက မဟာထေရ ဆိုတဲ့ ဂျာမန်ဘုန်းတော်ကြီးရဲ့စာအုပ်တွေက အထူးသဖြင့် ဗုဒ္ဓအဘိဓာန်စာအုပ်က အကျိုးအများကြီးပေးပါတယ်လို့ ရေးသားထားပါတယ်။

 

နောက်ပြီး စာရေးသူက – ကိုယ့်မှာ အချိန်များစွာ မရှိတော့တာ သိတော့ အချိန်ကို နှမြောတဲ့စိတ်နဲ့  တရားစာအုပ်ပဲ အရင်းခံ ဖတ်ရ ၊ သမထ ၀ိပဿနာ ဘာဝနာပါဝင်တဲ့ အကျင့်ပဲ ကျင့်နေပါတယ်။ ကဗျာ ၊ စာပေ ၊ နိုင်ငံရေးရာကိုလည်း ကြိုကြားလိုက်စားတုန်းပါပဲ ။ ကဗျာစပ်ချင်စိတ်တွေ ပေါ်လာတာကတော့ နဂိုဝါသနာ ကြောင့်တစ်ကြောင်း ၊ တရားဓမ္မများစွာကို ကဗျာနဲ့  ပြန်ရေးတာ ကျေနပ်စရာကောင်းတယ် ထင်တတစ်ကြောင်း ၊ ငယ်ရွယ်သူများသာ ခံစားစွဲလမ်းတဲ့ အချစ်အကြောင်း ဖွဲ့ နွဲ့ တာကို ပုံစံခြားနားစွာရေးချင်တာတစ်ကြောင်း ကြောင့်ပါပဲ။ ကျွန်မရဲ့ ယခု ကဗျာများဟာ ဖတ်စရာပဲလို့ ထင်သူများအဖို့  ရေးရပါတယ်…..
စာအုပ်ဆိုင်များဝင်ဝယ်ယူရရှိနိုင်ပါပြီ။

ပွင့်ဒင်္ဂ
———
ဘ၀များစွာမှ
တစ်ခါရောက်လာသည့် စခန်းမှာ
ငါ မမြင်မကန်းနှင့်
အ၀ိဇ္ဇာ လွှမ်းမြဲ လွှမ်းပြီ
ယောင်ယမ်း မူးနစ်ဝေရီ။

သူ ငါ ဆိုသည် ဘာလဲ
လူသတ္တ၀ါ၏ ငါစွဲနှင့်
ရွှံ့ ရုပ် ရွှေမှုန်ကြဲသည်ကို
ရုပ်နာမ်အမှန် မခွဲနိုင်
လိင်ဖြင့်သာ ငြိစွဲကြလည်း
ဘယ်ချစ်သူ မကွေကွဲပါသလဲ
သေကွဲ ရှင်ကွဲ
တည်မြဲတယ် ဘာမရှိပြီ။

ငါ့ဘ၀မှာ
အနိစ္စဖြင့် ဒုက္ခအတိရှိလည်း
သက္ကာယဒိဌိ
သံသရာကွန်မှာမိခဲ့
အနတ္တမှန်း မသိ
အမှားများ ရှိရာမှာသာ
လူးလာစုန်ဆန် ပျော်မွေ့ ပြီ။

ဘ၀အတွေ့ အကြုံဆိုသည်မှာ
စုဆောင်းစရာ ပညာဓလေ့ဟု
မငြီးငွေ့ ပေါင် အထင်ကြီးနဲ့ 
ရင်စည်းလို့  ထပ်မံဖွေရှာသည်
ဘ၀သင်ခန်းစာဟု ယုံကြည်သေး။

တစ်ညယွန်းမှာတော့
ဖိတ်ရွှန်းသစ်ဖန်
ကမ္ဘာ့ကုသိုလ်ကံပဲ
လူအပေါင်း ကျွတ်ချိန်တန်တော့
နေ့ တာဝန်ကုန်ရှင်း
နေမင်းနိုးပြေ
စောင်ခြုံဖြေစ
လဘော်ငွေ ယာဉ်သာနှင့်
စိန်ကြယ် ကုဋေကုဋာတို့ 
ထွက်လာကြိုဆို
သီဆိုသဘင် ကျင်းပကြသည့်
ထိုဒင်္ဂမှာ
သုံးလောကတစ်ခွင်
သူ ကယ်တင်ချင်တော့
မဂ္ဂင်လင်းထင်ပြမည့်
ရှင်ဂေါတမသည်
ဘ၀များစွာမှ ထခဲ့ပြီ။

နောက်ဆုံးဘ၀၌
ဗုဒ္ဓဟု ပွင့်သစ်
ဘုရားဖြစ်ခဲ့ပြီလေး။ ။

ကြည်အေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts