ရသဆောင်းပါးစုံ

ကိုသစ် (သီတဂူ) ● ဘ၀အကျဉ်းထောင်

ကိုသစ် (သီတဂူ) ● ဘ၀ အကျဉ်းထောင်

(မိုးမခ) မေ ၂၈၊ ၂၀၁၆

လူသားတိုင်းသည် ဘ၀အကျဉ်းသားများဖြစ်ကြသည်ဟု ဘ၀အကျဉ်းသားစာအုပ်တွင် ဆရာကြီးဦးရွှေအောင်က ဆိုပါ သည်။

မေလ ၂၅-ရက်၊ ကြာသပတေးနေ့။

သည်နေ့ရက်စွဲဖြင့်ဖတ်လိုက်ရသည့်သတင်းကလေးက ကိုယ့်အတွက်ထူးခြားမှုရှိပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းလို့ နေပါ တော့သည်။ မုံရွာမြို့အကျဉ်းထောင်မှာ အကျဉ်းသားများအတွက် ပထမဆုံးအကြိမ်အဖြစ် ၀ိပဿနာ (၇)ရက်တရားစခန်း ဖွင့်လှစ်လိုက်သည့် သတင်းပင်ဖြစ်သည်။ မြင်ရဖတ်လိုက်ရတာ ၀မ်းသာလွန်းလို့။

ထောင်ကျဖူးသည်ဟုဆိုလျှင်ပင် လူဆိုးလူမိုက် လူရမ်းကားများသဖွယ်မြင်လာအောင် ပုံဖော်ပေးခဲ့သော လူမှု အ၀န်းအ၀ိုင်း တွင် ကျနော်တို့လူအဖွဲ့အစည်းလည်း ပါပါသည်။ ထောင်ကျတိုင်း လူဆိုးမဟုတ်ဘူးဆိုတာ ယူတတ်ရင် သင်ခန်းစာတွေက အများကြီးရယ်။ ဘုရားရှင်လက်ထက်ကလည်း သူတော်ကောင်း အရင့်အမာကြီးတချို့ ထောင်ကျခဲ့ဖူးပါသည်။ ဘုရင်ဗိမ္ဗိ သာရလို အရိယာနွယ်ဝင်မဟုတ်ကြသည့်တိုင် လူတော်လူကောင်းတယောက်ဟု အများကယုံကြည်သတ်မှတ် ခံထားရသူ တွေ ထောင်ကျခဲ့တာ တကယ်တော့ ကျနော်တို့ရပ်ဝန်း မှာ အများကြီးရှိပါသည်။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံလှပါပေတယ်လို့ ထင်ရှားကျော်ကြားခဲ့သည့် တိုင်း ကျော်ပြည်ကျော် ဆရာတော်ဘုရားကြီးများလည်း နှစ်ပေါင်းများစွာ မြန်မာပြည်ရဲ့အကျဉ်း ထောင်တွေထဲမှာ သင်္ကန်းအစား ပိတ်ဖြူလေးတွေဝတ်လို့ နေထိုင်သီတင်းသုံးခဲ့ဖူးပါသည်။ ရှားရှားပါးပါး သန်း (၅၀) ကျော်မှာ တယောက်တည်းရှိသည့်  နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တောင် ထောင်ထဲအထည့်ခံခဲ့ရသည့် ခေတ်မှာ လူလား မြောက်ခဲ့သူများအဖို့ ထောင်ကျတိုင်း လူဆိုးမဟုတ်ဘူးဆိုတာ ထွေထွေထူးထူးရှင်းစရာမလိုတော့ပါဘူး။ ထောင်ကျတိုင်း လူဆိုးမဟုတ်ဘူးဆိုရင် ထောင်မကျတိုင်းကော လူကောင်းဟုတ်ပါရဲ့လား။ ထောင်မကျတဲ့ လူဆိုးတွေအကြောင်း မတွေး တာဘဲ ခပ်ကောင်းကောင်းရယ် ….. ။ နေရင်းထိုင်ရင်း အကုသိုလ် မပွားကြနဲ့။

ဒီကနေ့ကစလို့ မုံရွာအကျဉ်းထောင်မှာတော့ ရ-ရက်တရားစခန်းစပြီ။ အကြောင်းအမျိုးမျိုး၊ အခြေအနေ အရပ် ရပ်တို့ကြောင့် အကျဉ်းထောင်တွေထဲ ရောက်နေကြရခြင်းဖြစ်ရာ သံတိုင်တွေနောက်ကွယ်က လူသားတဦးရဲ့ ကံကြမ္မာအလှည့်အပြောင်းကို ယိုးမယ်ဖွဲ့အပြစ်မတင်ရက်တော့။ ကိုယ်တိုင်က ထောင်မကျဘူးသည့်တိုင် မြန်မာပြည်ရဲ့အကျဉ်းထောင်တချို့ကိုတော့ ထောင်ဝင်စာတွေ့ဖို့၊ လူရင်းတွေမို့ အားပေးစကားပြောဖို့ ရောက်ဖြစ်ခဲ့ပါ သေးသည်။

မုံရွာအကျဉ်းထောင်မှာတော့ (၇) ရက်တရားစခန်းစပြီ။ စီစဉ်ပေးတဲ့ လူကြီးမင်းများကို ပြည်သူထဲက ပြည်သူ တဦးအနေနဲ့ ကျေးဇူးစကားဆိုပါသည်။  မုံရွာလို အခြားမြို့တွေက အကျဉ်းထောင်တွေမှာလည်း တရားစခန်းတွေ ဖွင့်ပေးစေချင်သည်။  စာဖတ်ဝိုင်းတွေ တည်ထောင်ပေးစေချင်ပါသည်။ အကျဉ်းထောင်တွေထဲမှာ အကျဉ်းသူအကျဉ်းသားတွေကို တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိ ဓမ္မာစာအုပ် ပေးဖတ်စေချင်ပါသည်။ ရတနာ့ဂုဏ်ရည်စာအုပ် ဖတ်ခွင့်ပြုစေချင်ပါသည်။ ဘာသာသွေးစာအုပ်၊ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ် စသည်စသည်ဖြင့် ဆရာတော်ဘုရားကြီး၏ စာအုပ်များကို ဖတ် ခွင့်ပြုပေးစေချင်ပါသည်။

ဖားအောက်ဆရာတော်ဘုရားကြီး၏ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး စသည့် စာအုပ်များကိုလည်း ကြည့်ရှုခွင့် ရစေချင်ပါ သည်။ ကျေးဇူးရှင်သီတဂူဆရာတော်ဘုရားကြီး၏ တရားခွေနှင့်စာအုပ်များ၊ ပါမောက္ခချုပ် ဆရာတော် ဘုရားကြီးအရှင် နန္ဒမာလာဘိဝံသ၏ တရားခွေနှင့်စာအုပ်များကိုလည်း နာကြားခွင့်၊ ဖတ်ရှုခွင့်ရစေချင်ပါသည်။ ဆရာကြီးဦးရွှေအောင်၏ စာအုပ်များကိုလည်း လက်မလွှတ်သင့်။

ထို့နောက် ဆရာတော်ဘုရားကြီးများ၏ စာအုပ်စာပေများ၊ တရားဓမ္မများကို ဖတ်ရှုခွင့်၊ နာကြားခွင့်ရအောင်၊ တာဝန်ကျ ထောင်လူကြီးမင်းများအနေဖြင့် စီစဉ်ပေးစေချင်ပါသည်။
လူမှုရေးအသင်းအဖွဲ့များအနေဖြင့်လည်း အကျဉ်းသားများစာဖတ်ဖို့အရေး လုံ့လစိုက် ကူညီပေးစေချင်ပါသည်။ ဥပမာ အ ကျဉ်းထောင်များအတွက် ဒီတကြိမ်မှာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ကိုယ်ကျင့်အဘိဓမ္မာ စာ အုပ် အုပ်ရေ (၅၀၀) တတ်နိုင်သည်ဆိုလျှင် ထိုအုပ်ရေ (၅၀၀) ကို အကျဉ်းထောင်များသို့ သွားရောက်လှူဒါန်း နိုင်လျှင် ပိုကောင်းပါသည်။ သည်နည်းဖြင့် ဒီအဖွဲ့က အုပ်ရေ ၅၀၀။ ဟိုအဖွဲ့ကလည်း အုပ်ရေ ၅၀၀၊ ဟောဟို အဖွဲ့ကလည်း အုပ်ရေ ၁၀၀၀၊ တရားခွေ ၂၀၀၀ စသည်စသည်ဖြင့် မိမိတို့ ဖတ်ရှုစေလို၊ လှူဒါန်းလိုသော ဘာသာရေးစာအုပ်များကို မိမိတို့တတ်နိုင်သလောက် နှစ်စဉ်လှူဒါန်းသွားမည်ဆိုလျှင် တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးများမည်မှာ သေချာပါသည်။ စွမ်းနိုင်တတ်နိုင်သူများအနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ရပါတော့သည်။

အကျဉ်းထောင်ဆိုသည်မှာ အိပ်စက်အနားယူအပန်းဖြေရာ နေရာတခုမဟုတ်မှန်း ကျနော်သိရှိ နားလည် သဘော ပေါက်ပါသည်။ သို့သော် အပြစ်ရှိလို့ပဲဖြစ်ဖြစ်၊ အပြစ် (သံသယအကျိုးဆက်ကြောင့်) မရှိလို့ဘဲဖြစ်ဖြစ်  အကျဉ်းထောင်ထဲရောက်နေသူများကိုတော့ (ဟင်းသီးဟင်းရွက်ပင်စိုက်ခိုင်းတာကလွဲလို့) ဘာမှမလုပ်စေဘဲ ဒီအတိုင်းချည်း အလဟဿကြီး သူတို့၏အချိန်များကို မကုန်ဆုံးစေသင့်ဟု ကျနော်အခိုင်အမာ ယုံကြည်ပါသည်။ ဟင်းသီးဟင်းရွက်ပင်ကလေးတွေ စိုက် ရတာ၊ သန့်ရှင်းရေးလုပ်ရတာလောက်တော့  အကျဉ်းသားတိုင်းနီးပါး လုပ်ကြရပါသည်။ သို့သော် အချိန်ပိုင်းကလေးမျှသာ။ အသိအလိမ္မာ ဉာဏ်ပညာသည် ထောင်တံခါးများ ကို မဆိုထားနှင့်၊ အပါယ်တံခါးကိုပင် ပိတ်စေနိုင်စွမ်းသတ္တိရှိပါသည်။ ထိုအသိပညာကို တရားနာခြင်း၊ စာအုပ် ဖတ်ခြင်းဖြင့် ရရှိနိုင်ပါသည်။ ထို့ကြောင့် အကျဉ်းသားများကို တရားနာခွင့်ပြုခြင်း၊ တရားစာအုပ် ဖတ်ခွင့်ပြုခြင်း သည် အပါယ်တံခါးပိတ်ဖို့ အသိပညာ ဉာဏ်အလင်းရစေဖို့ ကူညီပါရမီဖြည့်ပေးခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ လူသားအားလုံးသည် ဘ၀ဆိုသော အကျဉ်းထောင်အတွင်း ရောက်ရှိနေကြသည့် ဘ၀အကျဉ်း သားများသာ ဖြစ်ပါသည်။ အစိုးရတို့သတ်မှတ်ထားသော အကျဉ်းထောင်သည် ခဏအကျဉ်းထောင်ဖြစ်ပြီး မိမိတို့ ရရှိနေသည့် ဘ၀အကျဉ်းထောင်သည် ထာဝရအကျဉ်းထောင် (နိဗ္ဗာန်မရောက် မချင်း) ပင် ဖြစ်ပါသည်။ ခဏ၊ ထာဝရ ကွာချင်ကွာပါမည်။ သို့သော် ခင်ဗျားလည်း အကျဉ်းသား။ ကျနော်လည်း အကျဉ်းသား။  ထာဝရ အကျဉ်းထောင်သမားများက ခဏအကျဉ်းထောင် သမားများကို လျစ်လျူရှုမထားသင့်တော့။ သင်၏ကြင်နာ သောနှလုံးသားဖြင့် ကံကြမ္မာအခွင့်အရေးမပေးသူများကို ကူညီဖေးမပေးစေချင်ပါသည်။ အသိအလိမ္မာ ဉာဏ် ပညာသည် ထောင်တံခါးများကို မဆိုထားနှင့်၊ အပါယ်တံခါးများကိုပင် ပိတ်ပစ်နိုင်စွမ်းရှိပါသည်။ တရားစာအုပ် ဖတ်ခွင့်ရမည်၊ တရားလည်း ထိုင်ခွင့်ရမည်။ ၀ိပဿနာတရားလည်း နာကြား ခွင့်ရမည်ဆိုလျှင် အကျဉ်းသူ အကျဉ်းသားတို့၏အချိန်များသည် ပို၍တန်ဖိုးရှိသော အချိန်များ ဖြစ်လာပါလိမ့်မည်။ ကမ္ဘာကျော်ဝိပဿနာ တရားပြဆရာကြီးဦးဂိုအင်ဂါသည် နိုင်ငံတကာရှိ အကျဉ်းထောင်အသီးသီးတွင် ၀ိပဿနာတရားပြရာ၌ အထူး ထင်ရှားကျော်ကြားသည့် ဆရာကြီးတဦးဖြစ်ပါသည်။ ထောင်တွင်းဝိပဿနာတရားပြဖို့ ၀ိပဿနာတရားပြ ဆရာတော်များသို့ချဉ်းကပ်လျှောက်ထားလျှင် ဆရာတော်များကလည်း ငြင်းပယ်လိမ့်မည် မဟုတ်ပါ။ ကျေကျေ နပ်နပ်နဲ့ လက်ခံ ကြပါလိမ့်မည်။

မြန်မာပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင်ရောက်ရှိနေကြသော အကျဉ်းသူအကျဉ်းသားများ၏ တန်ဖိုးရှိသော အချိန်များကို အချည်းနှီး အလဟဿမကုန်ဆုံးစေသင့်တော့။

ပြည်သူထဲက ပြည်သူတဦးအနေနဲ့ ပြည်သူ့အစိုးရဆီမှာ ဘာများတောင်းဆိုချင်ပါသလဲဟု မေးလာခဲ့လျှင်ဖြင့် အကျဉ်းသူ၊ အကျဉ်းသားများကို တရားထိုင်ခွင့်ပြုစေချင်ပါသည်။ ထောင်တွင်း ၀ိပဿနာတရားစခန်းများလည်း ကျင်းပပေးစေချင်ပါသည်။ တရားဓမ္မများ နာကြားလို့ရအောင် စီစဉ်ပေးစေချင်ပါသည်။ တရားစာအုပ်များ ဖတ်ရှု ခွင့်ရှိအောင် စီစဉ်ဆောင်ရွက်ပေးဖို့ပဲ တောင်းဆိုချင်ပါသည်။

အကျဉ်းသူ အကျဉ်းသားများ၏ အချိန်များကို အလဟဿကုန်ဆုံးစေခြင်းသည် တိုင်းပြည်နဲ့လူမျိုး၏ အနာဂတ်ကို ပိန်ချုံး ချည့်နဲ့စေပါသည်။ အသိအလိမ္မာ ဉာဏ်ပညာသည် ထောင်တံခါးများကို မဆိုထားနှင့်၊ အပါယ်တံခါးများကိုပင် ပိတ်ပစ် နိုင်စွမ်းရှိပါသည်။

ကိုသစ်(သီတဂူ)
၅၊ ၂၆၊ ၂၀၁၆

illustration : Toni Demuro


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts