ရသဆောင်းပါးစုံ

နွံနစ် ပတ္တမြား

မင်းကောင်းချစ်
အောက်တိုဘာ ၁၁၊ ၂၀၁၂ 
ကျသောင်းဝါးနဲ့ခပ်ထားတဲ့ဝန်းထရံဘေးလမ်းကြားလေးအတိုင်း ဖြတ်လျှောက်လို
က်တော့ ၀ါးစိမ်းနံ့ သင်းသင်းလေးရလိုက်တယ်။ စည်းရိုး ခတ်ထားတာ သိပ်ကြာပုံမရသေးဘူး။ နှစ်သုံးဆယ်ကျော်ကျော် က ရင်းရင်းနှီးနှီးပြေးလွှားဆော့ကစားခဲ့တဲ့လမ်းလေးမို့ မမှတ်မိစရာမရှိဘူး။ ဟိုနားဒီနား အပြင်အဆင်လေးတွေရှိပေမယ့် နဂိုရုပ်မပျက်သေးပါဘူး။ ပန်းချီဆရာကြီးဦးဆောင်းရဲ့အိမ်ကိုလွန်တာနဲ့ ရွက်လှပင်တွေ၊ ရွှေ တဆုပ်ပန်းပင်တွေကြားမှာ အုတ်နီနီလေးတွေနဲ့ဆောက်ထားတဲ့မီးရထားဝန်ထောက်အိမ်ကို ဘယ်ဘက် ခြမ်းမှာမြင်ရပြီ။ လမ်းညာဘက်ခြမ်း မှာ ရေနံချေးဝနေတဲ့ သစ်သားထရံနဲ့ဆောက်ထားတဲ့မီးရထားဝန်ထမ်းတန်းလျားက အရင်အတိုင်း မွဲမွဲခြောက်ခြောက် ကွပ်ပျစ်ပေါ်မှာ ခြေ ဆင်းသန်းရှာနေတဲ့ အိမ်ထောင်သည်အမျိုးသမီးတချို့နဲ့ ခြေနင်းခုံနားမှာ ခွေပြီးငိုက်နေတဲ့ခွေးတစ်ကောင်ရယ်၊ နှပ်တွဲလောင်း ဗိုက်ပူနံ ကား ကလေးတချို့ ကစားနေကြတာလည်း အရင်အတိုင်းလို့ပဲ ထင်မိတယ်။ ဒူးကြားလမ်းလေးက ရန်ကုန်မန္တလေးရထား သံလမ်းနားရောက် တော့ ဆုံးသွားတယ်။ ရှေ့တည့်တည့်မှာ ကြံတင်တွဲတွေဆိုက်တဲ့နေရာ ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေနဲ့ချိန်း တဲ့ဆုံရပ်၊ အရည်ရွမ်းပြီး ကောင်းပေ့ဆိုတဲ့ ကြံချောင်းတစ်ချောင်းစီ ကြံတွဲပေါ်က စိတ်ကြိုက်ရွေးချိုးပြီးမှ စိတ်ကူးပေါက်တဲ့တခြားနေရာဆီသွားကြတာကို ပြေးအမှတ်ရမိသေးတယ်။

ရထားလမ်းက တောင်နဲ့မြောက်တန်း ဖြတ်သွားတာမို့ ညာဘက်ကိုကြည့်လိုက်ရင် တခေါ် အကွာလောက်မှာ ဘူတာရုံကိုလှမ်းမြင်နေရတယ်။ ဘယ်ဘက်မှာတော့ ပင်လုံးကျွတ်နီရဲပြီး ရွဲနေအောင် ပွင့်နေတဲ့လက်ပံပင်ကြီးတွေ အစီအရီ ရထားလမ်းဘေးမှာ ကပ်ပေါက်နေတဲ့မြင်ကွင်းက ပန်းချီကားတစ်ချပ်လိုပဲ။ ခြေထောက်က အလိုလိုဘယ်ဘက်ကို ရထားလမ်းအတိုင်းလျှောက်ခဲ့မိတယ်။ အမြစ်ပါးပြင်းကြီးတွေ ကားထောင် ပြီး ပင်စည်မှာ အဖုအထစ်အလုံးကြီးတွေ ဟိုနေရာ ဒီနေရာ ခုံးထနေတာများ ပန်းပုဆရာ ထိုင်ငိုလောက်တယ်။ ပင်စည်ရင်းကနေ တဖြည်း ဖြည်း အပေါ်တက်ကြည့်လိုက်ရင် ဆူးချွန်ကြီးတွေဆိုတာ ပင်စည်က နေထိုးထွက်နေတာများ ငယ်ငယ်တုန်းက အမေပြောပြဖူးတဲ့ လက်ပံ ငရဲဆိုတာ ပြန်သတိရမိတယ်။

အပင်ထက်မှာတော့ ဇရက်တွေနဲ့ ကြက်တူရွေးတစ်အုပ်၊ လက်ပံဖူးလက်ပံပွင့်တွေ မြိန်ရေ ယှက်ရေ ခုန်ကူးစားသောက်နေကြတယ်။ သူတို့ ချွေချတာရော သူ့အလိုလိုကြွေကျလာတဲ့လက်ပံပွင့် နီနီရဲရဲလေးတွေ လေထဲမှာ စင်္ကြာလိုပွင့်ဖတ်တွေက ပန်ကာလိုလည်ပြီး တဖြည်းဖြည်း  ၀ဲကျလာတာကို အချိန်အတန် ကြာအောင်ငေးကြည့်နေမိတယ်။ ဒီရှုခင်းမျိုးမမြင်ရတာ အနှစ်သုံးဆယ်ကျော်သွားပြီလေ။

ရထားလမ်းဘေးက လူသွားလမ်းလေးအတိုင်း အေးအေးလူလူ ဆက်လျှောက်လာခဲ့တယ်။ သံလမ်းခွဲတွေ ဆုံတဲ့နေရာလွန်ပြီး ၀ါးနှစ်ပြန် လောက်ကျော်တော့ လမ်းခွဲပြ အလံတိုင်ထိပ်မှာ ငှက်ခါးကြီးတစ်ကောင်က မင်းပြန်လာပြီလားဆိုသယောင် မှတ်မိတဲ့သဘောနဲ့ ငူငူကြီး နားပြီး ငုံ့ကြည့်နေတာ သတိပြုမိ တယ်။

လူသွားလမ်းလေးဆုံးသွားတော့ သံလမ်းပေါ်ဆက်မလျှောက်ချင်တာနဲ့ အရှေ့ဘက်က ဆင်းလာတဲ့လှည်းလမ်းကြောင်းလေးပေါ်တက်ဖို့ တောရိုင်းပန်းလေးတွေ ကွက်ကြားပေါက်နေတဲ့ကွင်းပြင်လေးကို ဖြတ်ဆင်းလိုက်တော့ နဘူးခြုံဘေးက မြေ၀ပ်ငှက်တစ်ကောင် ရုတ်တရက် ထပျံသွားတယ်။

လှည်းလမ်းကြောင်း အစပ်မှာ ချက်ချင်းသတိပြုမိလိုက်တာက လှည်းဘီးသံခွေနဲ့ ကြိမ်ဖန်များစွာ ကြိတ်ခံရတဲ့ဖုန်မှုန့်လေးတွေ နုညက် မှုန် အိနေတာပဲ။ ငယ်ငယ်တုန်းကလို ဖိနပ်မပါခြေဗလာနဲ့ နင်းချင်စိတ်ပေါက်လာတာနဲ့ ရူးဖိနပ်နဲ့ ခြေအိတ်ကိုချွတ်ပြီး နင်းလျှောက်လိုက်တယ်။ နူးညံ့တဲ့အထိအတွေ့တင်မကဘူး ခြေဖ၀ါးကနေ နှလုံးသားဘ၀င်ထဲ စီးဝင်လာတဲ့စွမ်းအင်သတ္တိတစ်မျိုးကို ခံစားရမိတယ်။ ပထ၀ီဓာတ်ဆိုတာ အဲဒါကို ခေါ်သလားမသိဘူး။

လှည်းလမ်းကြောင်းအရှေ့တည့်တည့် မျက်စိတဆုံးမျဉ်းမှာ အရိုးရှည်ဗေဒါစည်းကြီးတစ်ခုနဲ့ မြက်ထုံးကြီးတစ်ထုံး လေထဲမှာ လှုပ်လှီလှုပ်လဲ့ မျောလာနေတယ်။ တစ်အောင့်လောက်ကြာတော့ မြင်ကွင်းကနီးလာပြီး ရှင်းလာတယ်။ လယ်သူမကြီးနှစ်ယောက် မြက်ထုံးကြီးနဲ့ ဗေဒါ စည်းတွေ ရှေ့တစ်ထုံးနောက်တစ်ထုံး တံပိုးမှာ လျှိုပြီး ထမ်းလာကြတာကိုး။ ၀က်စာ၊ နွားစာအတွက် သယ်လာကြတာနေမှာ။ သူတိုဘ၀တွေ က အရင်အနှစ်သုံးဆယ်ကျော်ကအတိုင်းပဲ ဘာမှပြောင်းသွားပုံမရဘူး။ လှည်းလမ်းကြောင်းလေးအတိုင်း ဆက်လျှောက်ရင်း မြို့အစွန် ယာခင်းအစပ်ကိုရောက်တော့မြင်ကွင်းက ပိုလှလာတယ်။ ဘယ်ဘက်မှာ မြင့်မောက်ဝေသီနေတဲ့ရှမ်းရိုးမတောင်တန်းကြီးတွေကို ကောင်းကင် ပြာပြာနောက်ခံနဲ့ တောင်ခြေအထိ ခပ်ရေးရေးလှမ်းမြင်နေရတယ်။ ညာဘက်ခြမ်းမှာ ပဲခူးရိုးမတောင်စဉ်တန်းတွေက မြွေတစ်ကောင်လို အဆန့်သား လဲလျောင်းနေရဲ့။

မီးရထားလမ်း ၀ဲယာနှစ်ဘက်ခြမ်းလုံးမှာ မြစိမ်းရောင်ကြံခင်းကြီးတွေနဲ့ ဘော်ငွေရောင် ကြံဖူး ကြံနှံတွေဟာ လေဝှေ့တိုင်း လှိုင်းထ ယိမ်း ထိုးနေကြတယ်။ ငယ်ငယ်တုန်းကတော့ မိုးရွာပြီးစ ညနေခင်းဆို ဒီနေရာလေးကို တခါတရံ လာငေးဖူးတယ်။ အဲဒီလိုအချိန်မျိုးဆိုရင် ပတ် ၀န်းကျင်တခိုဟာ မိုးရေနဲ့ ဆေးကြောသန့်စင်ပြီးစမို့ စိမ်းစိုလန်းဆန်းနေရုံမက မိုးတိမ်တောင်လိပ်ကြီးတွေကြားက ရက်ဖောက်ဖြာကျလာတဲ့ နေခြည်ရောင်စဉ်တန်းတွေက မွေးဖွားလိုက်တဲ့သက်တံ့ကြီးတွေ ရိုးမတွေကို ကွေးညွတ် ငုံ့နမ်းနေတဲ့မြင်ကွင်းကို ဒီနေ့အထိ ရင်ထဲမှာ တွယ် ညှိနေဆဲပဲ။

နေရာဟောင်းလေးရောက်နေတော့ ငယ်သူငယ်ချင်းတွေ အမှတ်ရလာမိတယ်။ အထူးသဖြင့် ၀ိဇ္ဇာကို ပိုသတိရလာတယ်။ သူ့နာမည်အရင်းက ကျော်ဒင်ပါ။ ဘာလုပ်လုပ် ပေါက်ပေါက်မြောက်မြောက် ထူးချွန်အောင်လုပ်တတ်လို့ ကျွန်တော်တို့က သူ့ကို ၀ိဇ္ဇာလို့နာမည်ပေးခဲ့တာ။

သူ့အဖေက သူလူမှန်းမသိတတ်သေးခင်ကတည်းက ဆုံးပါးသွားခဲ့တာ။ မုဆိုးမ အမေအို လယ်သူမကြီးနဲ့အတူ ရုန်းကန်ရင်းဘ၀ကို ခက် ခက်ခဲခဲ ဖြတ်သန်းခဲ့ရလို့လားတော့ မသိဘူး။ ၀ိဇ္ဇာဟာ ပညာရေးမှာ စိတ်မ၀င်စားလို့ မထူးချွန်ပေမယ့် တောင်ယာလယ်လုပ် ဓားမခုတ်အ တတ်မှန်သမျှကို အရွယ်မတိုင် ခင်ကတည်းက တတ်သိကျွမ်းကျင်နေပြီ။ တခါတရံ လူကြီးတွေလုပ်နိုင်တာထက်တောင်သာအောင် လုပ်နိုင် တယ်။ သမရိုးကျလမ်းဟောင်းတွေ ကဖောက်ထွက်ပြီး ဆန်းသစ်တဲ့နည်းလမ်းတွေကို ရှာဖွေလိုစိတ်လည်း ရှိတယ်။ သူ့ခြံထဲက ခြေနင်းနွား စာစဉ်းတဲ့ခုံမှာဆို လက်မပြတ်ရအောင် သံဇကာပေါက်တွေပါတဲ့ အကာအကာအကွယ်လေးတပ်ထားတော့ ဘာမှအဖြစ်မရှိတဲ့ ကျွန်တော် တောင် နွားစာဝင်စင်းရဲတယ်။

ငါးပက်မလား၊ ငှက်ထောင်မလား၊ ဖားရိုက်မလား သူ့မှာ သူများထက်သာတဲ့နည်းလမ်းလေးတွေ ရှိတယ်။ သူ့အိမ်မှာမွေးထားတဲ့ကြက်တွေဆိုတာ ထွားလိုက်တာ၊ ၀က်တွေဆို သားကျအတော်ကောင်းတယ်။ တစ်လမှာ တစ်ကြိမ်လုပ်တဲ့နွားပွဲဈေးနေ့ဆိုရင် ၀ိဇ္ဇာလက်ထဲမှာ ပိုက် ဆံရွှင်နေပြီ။ သူမွေးထားတဲ့ မန်ဒါလီ၊ ဘဲ၊ ၀က် စတဲ့အကောင်လေးတွေရောင်းပြီးရင် သူ့အမေဆီ ပိုက်ဆံအပ် သူငယ်ချင်းတွေလည်း မုန့် ၀ယ်ကျွေးလေ့ရှိတယ်။

တချို့သူငယ်ချင်းမိဘများကဆို ကျွန်တော်တို့ကို မင်းတို့ ကျော်ဒင်လို အဖြစ်ရှိအောင်လုပ်ကြ၊ အတုယူကြ၊ ဒီကောင်ကြီးပွားမဲ့ကောင်လို့ အမြဲဆုံးမလေ့ရှိတယ်။ လူကြီးတွေပြောမယ်ဆိုလည်း ပြောစရာပဲ။ ပေါင်းတဲ့သူငယ်ချင်းလေးယောက်ထဲမှာ ကျော်ဒင်ကလွဲလို့ ကျန်တဲ့သုံး ယောက် စိတ်ဝင်စားတဲ့အရာတွေက အားရစရာဘာတစ်ခုမှမရှိဘူးလေ။ အောင်တိုးဆိုတာက ရာဘာကွင်းတွေနဲ့ လောင်းကစားမလုပ်ရရင် မျောက်ပန်းလှန်နေရမှ။ ကျော်မင်းကြတော့ ဘောလုံးရူး၊ သူ့ပုဆိုးဆိုတာ အကွဲနဲ့အပြဲ၊ ကျွန်တော်ဆိုတဲ့ကောင်က ဟိုစပ်စပ်ဒီစပ်စပ် ပါ တတ်တာကလွဲလို့ ဘာတစ်ခုမှဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ဘူးလေ။

ဒါပေမယ့် ကျွန်တော်တို့လေးယောက်စလုံးမှာ ၀ါသနာတူအကြိုက်တူတာလေးတွေရှိတယ်။ ကြံစုပ်ရင်း ရထားသံလမ်းပေါ်လျှောက်တာရယ်၊ ရေကူးရင်း ကြာချိုးချင်တာရယ်၊ ညနေဆည်းဆာမှာ ကောက် လှိုင်းနဲံ့ ရှုရင်း ရိုးမတွေကို ငေးချင်တာရယ် တခြားတူတာတွေ အများကြီးပါ။ ဒါကြောင့်မို့လည်း ပေါင်းလို့ရတာထင် ပါတယ်။ ကျောင်းပိတ်ရက်တွေဆို ကျော်ဒင်တို့လယ်ကွင်းထဲမှာ အချိန်ကုန်ကြတာများတယ်။ စပါးပေါ်ချိန်ဆို တလင်း ထဲမှာ စပါးအတူတူပုတ်၊ အတူတူလှေ့၊ ကြံပေါ်ချိန် ကြံဖိုထဲမှာ ကြံသကာ ချက်လဲအတူတူ ကျွန်တော်တို့ကတော့ ဟိုဝင်ရှုပ် ဒီဝင်ရှုပ်ပေါ့။ ပြီးရင် ကျော်ဒင်အမေ ဒဂေါက်တောင်းကြီးနဲ့ရွက်ပြီး သယ်လာတဲ့ထမင်းဟင်းတွေကို အင်ဖက်ကြီးတွေ ခင်းပြီး လက်ဆုံစားကြတာပေါ့။ လယ်ပုဇွန်လုံးနဲ့ အချဉ်ရေဟင်းရယ်၊ ငရုပ်သီးစိမ်းမီးဖုတ်နဲ့ မျှင်ငါးပိထောင်းရယ်ပါရင် မြိန်နေပြီ။

အတိတ်ဆီကို လွင့်ပျံ့စီးမျောသွားတဲ့ကျွန်တော့ စိတ်အစဉ်ဟာ ခလောက်သံ၊နှာမှုတ်သံတွေ နဲ့ ဆူဆူညံညံရောက်လာတဲ့နွားအုပ်ကြီးရဲ့ အသံတွေကြောင့် ရုတ်တရက်ချုပ်ငြိမ်းသွားတယ်။ နေလုံးနီနီကြီးက ရိုးမပေါ်မေးတင်နေပြီ။ မကြာခင် မိုးချုပ်ပေတော့မည်။ ခပ်လှမ်းလှမ်းက အုန္နဲပင်ကြီး ထက်က ဇီးကွက်တစ်ကောင်က တကွက်ကွက် အသံပေးနေပြီလေ။

အလင်းရောင်လေးရှိတုန်း လာလမ်းအတိုင်း ပြန်လျှောက်လာခဲ့တယ်။ ၀ိဇ္ဇာကို တွေ့ချင်စိတ်နဲ့ ကြိုတင် အကြောင်းမကြားဘဲ ၀င်တွေ့ဖို့ စိတ်ကူးပေါ်လာလို့ ရထားလမ်းအနောက်ဖက်ခြမ်းက လမ်းကြားလေးထဲ ၀င်လာခဲ့မိတယ်။ ခ၀ဲနွယ်ခြောက်တွေ တွန့်လိမ်တက်နေတဲ့ခနော်ခနဲ့ ခြံတံခါးလေးကို အသာတွန်းဖွင့်ပြီး ၀င်လိုက်တော့ “ဘယ်သူနဲ့တွေ့ချင်လို့ပါလဲခင်ဗျ” ဆိုသံနဲ့အတူ ၀ါးဖတ်ခမောက်ဆောင်းထား တဲ့လူရွယ် တစ်ဦး ခြံထောင့် မန်ကျီးပင်ကြီးအောက်က ထွက်လာတယ်။ ကိုကျော်ဒင်နဲ့ တွေ့ချင်လို့ပါ ငါ့တူလို့ဆိုတော့ ကျွန်တော့်ကို တွေတွေကြီး စိုက်ကြည့်ရင်း “ဦးလေးက ဦးရဲမောင်မဟုတ်လား” မေးရင်း အိမ်ထဲဝင်ထိုင်ပါအုံးလို့ တဆက်ထဲပြောလိုက်တယ်။ ခါးကြားမှာထိုးထား တဲ့ဓားမောက်ကိုဖြုတ်ပြီး နံရံမှာ ကပ်ထားတဲ့စင်လေးပေါ်လှမ်းတင်လိုက်ရင်း ဖေဖေက ဦးတို့ သူငယ်ချင်းလေးယောက်အကြောင်း အမြဲပြောပြထားလို့ သိနေတာပါ။ ထောင်ထားတဲ့စားပွဲဝိုင်းပုလေးကို ခပြင်ပေါ်မှာခင်းပေးရင်း ထိုင်ပါဦး ဦးလေးလို့ ပြောလာတယ်။ ဒါနဲ့ ငါ့ တူကြီးအဖေ ကိုကျော်ဒင် ဘယ်သွားနေတုံး မတွေ့ပါလားလို့ တွေ့ချင်စိတ် စောမေးလိုက်တော့ “အဖေဆုံးပါးတာ(၄)နှစ်လောက်ရှိပါပြီ ဦး လေးရယ်” လို့ ညိုးငယ်စွာ ပြောလာရှာတယ်။ ဟေ ဘယ်လိုဖြစ်တာတုန်း ရုတ်တရက်ကြားလိုက်ရလို့ ၀မ်းနည်းတုန်းလှုပ်မိရင်း အံအားတ သင့်မေးလိုက် မိတယ်။ ပိုးထိလို့ဆုံးသွားတာပါ ဦးလေးလို့ ပြန်ပြောသံကို ကြားတော့ သြော်ဖြစ်မှ ဖြစ်ရပလေကွယ်လို့ ရေရွတ်မိရင်း သူနဲ့ ထပ်တူ ကြေကွဲရင်း ကိုကျော်ဒင်ကို ပိုအမှတ်ရလာမိတယ်။

နှစ်ယောက်သား အတန်ကြာအောင် ငြိမ်သက်နေမိတယ်။ ဖျပ်ခနဲ တရုတ်လုပ် ဘက်ထရီ မီးချောင်းလေးပွင့်သွားသံနဲ့အတူ သူ့ဇနီးသည်ဖြစ် ဟန်တူတဲ့မိန်းမရွယ်တစ်ဦးက ကြံသကာနဲ့ ရေနွေးကြမ်းချပေးရင်း “သုံးဆောင်ပါအုန်းရှင်” ရည်မွန်စွာ ပြောလာတယ်။ သူတို့မိသားစုရဲ့ စီးပွားရေး၊လူမှုရေး ပညာရေး အကြောင်းတွေ မေးရင်း၊ရှေးဟောင်းနှောင်းဖြစ်လေးတွေပြန်ပြောရင်း မိုးအတန်ချုပ်လာတာမို့ ထမင်းစားဖို့ ဇွတ်တားနေတဲ့ကြားက ထွက်လာခဲ့တယ်။ ခြံဝရောက်တော့ အကူညီလိုလာရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ပေးရင်း လယ်ထဲဆင်းရင် လည်ရှည်ခြေနင်းဘုဖိနပ် ကိုစီးဖို့မှာဖြစ်ခဲ့သေးတယ်။ တဆက်ထဲ ကလေးတွေ ပညာရေးအားပေးဖို့ ပြောဖြစ်ခဲ့တယ်။

တမလွန်ခရီးကို သွားနှင့်ပြီဖြစ်တဲ့ကျွန်တော့်သူငယ်ချင်း ၀ိဇ္ဇာရဲ့အိမ်က အပြန်ခရီးမှာ ယူကျုံးမရခြင်း၊ နှမြောတသခြင်းများစွာနဲ့ အတွေးများ ပလုံစီပါလာခဲ့တယ်။ တကယ်တော့ ၀ိဇ္ဇာလို လက်စွမ်းလက်စရှိပြီး လမ်းဟောင်းကဖောက်ထွက်လိုတဲ့လယ်သမားတစ်ယောက်အချိန်မတိုင်ခင် ကြွေလွင့်ရတာဟာ ကျွန်တော်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဆုံးရှုံးရသလို၊ တိုင်းပြည်အတွက်လည်း လယ်သမားကောင်း တစ်ယောက် ဆုံးရှုံးရခြင်းပါ။ တကယ်တော့ ၀ိဇ္ဇာဟာ နွံနစ်တဲ့ပတ္တမြားတစ်လုံးပါ။ နွံထဲက ဘယ်တော့မှ ပြန်မတက်နိုင်တော့တဲ့ပတ္တမြားပါ။ သူ့လိုပဲ ပတ္တမြားဘယ်နှလုံးလောက်များ ကျွန်တော်တို့တိုင်းပြည်အတွက် ဆုံးရှုံးခဲ့ပြီလဲ မသိပါ။ တိတိကျကျပြောရရင် ကျွန်တော်တို့ နိုင်ငံကို ၌က နွံထဲနစ်နေဆဲ ပတ္တမြားကြီးတစ်လုံးပါပဲ။ သေချာတာတစ်ခုကတော့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ဖို့ နစ်နေတဲ့ဒီပတ္တမြားကြီးကို ကျွန် တော်တို့ အားလုံး ညီညီညာညာ ၀ိုင်းဆယ်ကြမှဖြစ်မယ်ဆိုတာပါပဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts