ကဗျာကခံနိုင်အားကြီးလွန်းတယ် ..တဲ့၊
ချောင်းသာကမ်းခြေမှာ တယောက်တည်း ထီးဆောင်းပြီး လမ်းလျှောက်နေတဲ့ ပုံလေးနဲ့ ဖတ်ပြီးပြီးချင်း မျက်ရည်ကျရတယ်။ နူးညံ့သိမ်မွေ့လွန်းတဲ့ လူတယောက်လို့ ကိုယ့်ကို မေးရင် ဦးအောင်ပွင့်ပဲ၊ ကိုအောင်ပွင့်ပဲ၊ မောင်အောင်ပွင့်ဆိုတဲ့ ကဗျာဆရာပဲလို့ မဆိုင်း မတွ ပြောနိုင်ပါတယ်။ အဲဒီမောင်အောင်ပွင့်နဲ့ထောင်နဲ့ ဘယ်လိုမှဆက်စပ်လို့ရမယ် မထင်မိဘူး။ အသက်ရှင်လျက် ပြန်ထွက်လာသေးတာ ကျေးဇူးတောင်တင်သေးရဲ့။
သူ့မေတ္တာတရားက သူ့နာမည်ကို အများကခေါ်ကြပုံမှာကို ပေါ်နေတယ်။ ရန်ကုန်မြို့ပြ တိုက်ခေါင်မိုးတွေပေါ်က တီဗီအင်တင်နာတိုင်တွေ ခေတ်စားကာစအချိန်က ကိုအောင်ပွင့်က အဲဒီ အင်တင်နာတိုင်တွေကြားကနေ မြင်တွေ့ရတဲ့လမင်းကို ငါးရိုးနင်တဲ့ငွေလမင်းဆိုတဲ့ကဗျာလေးကို လူတွေကြိုက်နှစ်သက်ကြတယ်။ လရောင်တွေကို တွင်းထဲ ကဲ့ကဲ့ပြီးထည့်နေတဲ့ ပုရွက်ဆိတ်ကြီး မောင်အောင်ပွင့်ကို မှတ်မိနေကြတယ်။
မျိုးဆွေသန်းရယ်၊ ငါ(၂၂)နှစ်မှာ အဖမ်းခံရတယ်၊
မကြာပါဘူး အင်းဝက ကဗျာဆရာဦးကြည်အောင်နဲ့ အတူပါသွားတော့တာပါပဲ။ နောက်ထပ် ပါပြန်တယ်။ အင်းဝက ကဗျာဆရာဦးကြည်အောင်နဲ့ ဦးအောင်ပွင့် ဘာလို့ အဖမ်းခံရတာလဲ၊ ကဗျာဆရာတွေမှာ ဘာအပြစ်ရှိလို့လဲ။
အဲဒီကိစ္စဖြစ်ပျက်ပြီး ဦးအောင်ပွင့် တံတားဦးကနေ ပြန်ရောက်ရောက်ချင်း ကျွန်တော့်အိမ် ရောက်လာပါတယ်။
သူက အဲဒီတုန်းက T&T လို့ ခေါ်တဲ့ ဝင်းတင်ဝင်းမီဒီယာမှာ ဒေါက်ခယူမန်ထရီခေါ်တဲ့ မှတ်တမ်းဗီဒီယိုတွေ ထုတ်လုပ်တဲ့မီဒီယာမှာ ပရောဒတ်ရှင်းမန်နေဂျာ လုပ်နေတယ်။ Who’s Who in Burma တို့ Ode de Ayeyarwady တို့က ဦးပွင့်ထုတ်လုပ်ခဲ့တာပေါ့၊ အများကြီးစောပါတယ်။ ဗီဒီယို တိပ်တွေ ဘဝနဲ့ပေါ့။ အဲဒီလိုအစီအစဉ်တွေထဲက တခု အနေနဲ့ အင်းဝကကဗျာဆရာဦးကြည်အောင်ကို ဗီဒီယိုမှတ်တမ်းသွားရိုက်တာပဲ။
ကျွန်တော်က သူ့ကို နောက်ချင်တာနဲ့ပဲ ကိုပွင့်ကလည်း စစ်အစိုးရအကဲတော့ ဆတ်ပါတယ်။ ဒါပေမဲ့
ဈေးဝယ်တာ ဗီဒီယိုရိုက်ယုံနဲ့တော့ မဖမ်းလောက်ပါဘူး၊ ခင်ဗျားလျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့နေမှာပါလို့ပြောတော့ ..
မင့်နှယ် ကြံကြံဖန်ဖန် ဘယ်ကလာ လျှို့ဝှက်ရမှာလဲ။ တို့လုပ်တာကိုက ထင်ပေါ်ချင်လွန်းလို့ကွာ၊ ဟုတ်တယ် ငါသွားနေကြက ဝင်းတင်ဝင်းရယ်၊ လေထန်ကုန်းရယ်၊ မင်းရယ်၊ ကေအေတီရယ် ဘယ်မတုန်း
လျှို့ဝှက်အဖွဲ့အစည်းတဲ့။ အဲဒါပဲ ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိတဲ့အမှုဆိုတာ။
အဲဒါမျိုးတွေ အချိန်မှန်မှန်ထောင်ကျနေတဲ့သူ့မှတ်တမ်းနဲ့ပဲ ထပ်ကာထပ်ကာ ကြောက်လန့် စရာလို့ ဟောဒီကဗျာ ဆရာမောင်အောင်ပွင့်ကို သတ်မှတ်ထားပြီး ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိတဲ့အမှုနဲ့ တရားခံဖြစ်ရတဲ့ကဗျာဆရာ။
သူ့ဖက်ကတော့ဖြင့် ဘယ်သူဘယ်ဝါရယ်လို့တောင် ဒီလောက်ခါးသီးတဲ့အမှုတွေက ဘယ်သူ့ စနက်၊ ဘယ်သူ့လက်ချက်လို့ တခါမှ ဆဲဆို ညည်းတွားတာ မကြားဖူးပါဘူး။ ဒီမောင်တွေကွာတဲ့။ ဒါ အလွန်ဆုံးကြားဖူးတာပဲ။ ကဗျာဆရာဦးကြည်အောင်နဲ့အတူ အချုပ်ထဲက အကြောင်းတွေကို တညလုံးကိုယ့်ကို ပြန်ပြောပြနေတာ မိုးတောင်လင်းသွားပါသေးရဲ့ သူ့ဒုက္ခ မပါပါဘူး။
ဆိုးလိုက်တာကွာ ဒီကောင်တွေနွားခိုးတာ ခြေရာခံ မရအောင်လို့ နွားကို ခြေထောက်ဖြတ်ပြီး လှည်းပေါ်တင်တာတဲ့ကွာ။ ပြီးတော့ ခေါင်းလုပ်တဲ့ မိန်းမကြီးရောကွာ။ အဲဒါ ဒီကောင်တွေကွာ အပြင်မှာလည်းနေသေး၊ ပြီးတော့ ဖမ်းပြီး အချုပ်ထဲထည့်ထားတဲ့ခေါင်းမကြီးနဲ့ နွားသူခိုးတွေကို ငှက်ပျောဖီးဝယ်ကျွေးခိုင်းသေးတယ်ကွာ၊ ငါတို့ကိုခေါ်တာ ကဗျာဆရာအမှုတဲ့။ အဲဒါကွာ ခေါင်းမကြီးက ကျုပ်ဖြင့် ကဗျာမှုလို့ကြားဖူးပေါင်တဲ့။ နွားခိုးတွေကလည်း ကျုပ်တို့က ဆန်းပါဘူးတဲ့။ နခိုးက လုပ်ရဲရင် ခံရဲရတာပေါ့တဲ့။ ခင်ဗျားတို့ဟာကဆန်းတယ်တဲ့။ အဲဒါကွာ ငါ့လည်း ဘာလုပ်လို့ခံရဲမှန်းတောင် မသိတော့ပါဘူးတဲ့။
မင်းကလည်း ဒေါ်ဒေါ်ပေါ့ကွာ၊ ဒီမောင်တွေကို ဒီချိန် ဘယ်သူမှတုပြီး စကားပြောချင်တာ မဟုတ်ဘူး။ ကဗျာဆရာတွေပါလို့ လူထုဒေါ်အမာက ပြောပေးလို့ လွတ်လာတာတဲ့။ ဟုတ်သားပဲ ကိုပွင့်ရ၊ လူ့ဘောင်သမိုင်းမှာ ကဗျာဆရာတွေက လူတွေကို ကောင်းရာကောင်း ကျိုးပဲ ဖြည့်စွက်ပေးခဲ့တာပဲ၊ အဲဒါသံသယရှိစရာမှ မလိုဘဲ။ ဒီတိုင်းလည်း မြင်နေရတာပဲ။ ဟင် မင့်လူတွေ အဲလောက်များသိရင် တို့ဒီလိုဘယ်နေရပါလိမ့်တဲ့။
ကျွန်တော်က သိပါတယ်၊ ကိုအောင်ပွင့်ကိုများဖမ်းသွားလို့ စစ်လားကြောလားလုပ်ရင် ဖြေမှာတွေသိတယ်။
ခင်ဗျားက ဘာကို မကျေနပ်တာလဲ၊ ကျေနပ်စရာဘာများရှိလို့လဲ၊ လိုချင်တာ ဒီမိုကရေစီပဲမဟုတ်လား။ ဟုတ်တယ်လေ လူမှန်းသိပြီး ဉာဏ်ဝင်ကတည်းကလိုချင် နေခဲ့တာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဝန်းရံတာပဲလား။ ဟုတ်တယ်လေ။ သူ့မှာ မိန်းမသားတယောက်တည်း တို့ယောက်ျားတွေက ဘာလုပ်နိုင်လို့လဲ။
သူ့ကို ဘေးကနေ ဝန်းရံ ကူညီပေးရမှာပေါ့၊ မယုံမရှိနဲ့။ ဒီမိန်းမနင်းလိုက် မြက်ခင်းတွေ ပန်းပွင့်သွားမှာ သေချာတယ်။
ကဲ အဲဒါ စစ်ကြောရေးမှာမှ မဟုတ်ဘူး။ ကိုအောင်ပွင့် တသက်လုံးပြောနေတဲ့စကားပဲ။ နေရာဌာန အခြေနေအချိန်ခါကြောင့် စကားတွေ ပြင်ပြောမှာမဟုတ်တဲ့ ကိုအောင်ပွင့်။ စစ်အစိုးရလက်ထက်မှာ မုဆိုးနဲ့သားကောင် ငြိသလို အကြိမ်ကြိမ်ငြိစွန်းခဲ့ရတယ်။ ကိုယ်ကသူ့ကြည့်ပြီး ပင်ပန်းလွန်းလို့ ကိုပွင့်ရယ် သံပူအိုးကြီးကိုခေါင်းပေါ်တသက်လုံး ရွက်မထားပါနဲ့လို့ပြောမိတော့ ကိုယ့်အနားတိုးလာပြီး ..
အဲဒါပဲ အဲဒါပဲကိုပွင့်ရာ ၂၂ တကြိမ်၊ ၃၃ တကြိမ်၊ ၄၄ တကြိမ်၊ ၅၅ တကြိမ်ပဲလို့ပြောတော့။
မင်းကလည်းကွာ၊ ဒီပြည်တွင်းစစ်ကြီးထဲမှာ …
အာ နေပါဦး ကိုပွင့်ရာ ဘယ်တုန်းက ပြည်တွင်းစစ်ဖြစ်လို့လဲ
ဟောဗျာ ငါ့အဖို့တော့ ပြည်တွင်းစစ်ပဲ၊ ပုသိမ် သာပေါင်းကနေစပြီး ကွန်မြူနစ်သူပုန်ကြီး ထဖြစ်တော့ ငါ့အမေက လက်ဖက်ရည်အကြမ်းရေနွေးအိုးထဲ ကျည်ဆန်တွေထည့်ပြီး ပို့ပေးခဲ့ရတာ အဲဒီပြည်တွင်းစစ်ထဲမှာ ငါ့အမေက ကြက်ကလေး ငှက်ကလေးပျံသလို ဖလူးဆိုပြီး ပျောက်သွား လိုက်တာ ဒီနေ့ထိ သေသည်ရှင်သည် မသိရတော့ဘူးတဲ့
အင် ..ကိုပွင့် အမေက အဲဒီလိုပျောက်သွားတာလား၊
အေးလေ၊ ပြဿနာက ငါ့သားကြီး မင့်တပည့် မောင်ကြီးငြိမ်းချမ်းမွေးတော့ ငါမနေနိုင်တော့ဘူး အမေ အမေ ငါ တပြီ၊ မိခင် မိခင် ငါသိပြီ၊ ငါ အမေရှာပုံတော်ဖွင့်တာပေါ့။ ဟိုရွာမှာ ထင်တယ်ဆိုသွား၊ ဒီရွာကအဘွားကြီးတော့ မင့်အမေထင်တာပဲဆိုငါရောက်ပြီ။ အဲဒါ ကန်ကြီးထောင့်ဖက်က ရွာတရွာကအဘွားကြီးလို့ထင်တာပဲ၊ လူပြောသူပြောတွေနဲ့ ငါသွားတာပေါ့၊ ဟိုရောက်တော့ အိမ်ဝင်းကြီးက အကျယ်ကြီး၊ အိမ်ကလည်းအကြီးကြီး သားသမီး မြေးမြစ်တွေက ၃၀ လောက်ရှိမယ်၊ ဘာကိစ္စလဲဆိုတော့၊ ကျွန်တော့် အမေထင်လို့ပါ ငါအကျိုးအကြောင်း ပြောပြတာပေါ့၊ မဟုတ်ပါဘူးတဲ့ အဘွားကြီးက ငြင်းတယ်၊ ငါကလည်း၊ ရုပ်တူလားဘာလားတွေလည်း မတွေးတတ်တော့ပါဘူး အမေရောဂါက ပြင်းနေတာကိုး၊ ပြန်တော့ ငါက မကျေနပ် ချင်ပုံ ပေါက်တယ်ထင်ပါတယ်၊
အဘွားကြီးက မင့်အမေ မဟုတ်ပါဘူးတဲ့။ ငါ့မှာ အဲဒီလိုလည်း မဖြစ်ပျက်ခဲဖူးဘူးတဲ့။ မင်းကြည့်ပါလားတဲ့၊ ငါက သားသမီးတွေပစ်ထားခဲ့ဖို့နေနေသာသာ အတူတူနေချင်လို့မှ အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ ဘယ်သားသမီးမှ အခွဲမခံဘဲ အတူတူနေနေတာတဲ့၊ သားသမီးတွေကိုပစ်ထားခဲ့တဲ့ အမျိုးအစားမဟုတ်ဖူးတဲ့။
ဟေ့ကောင်ရေ ငါ့ကိုသူ့အမေမဟုတ်တာသေချာကြောင်းပြောတာဆိုပေမယ့် ငါက ငါ့အမေကတော့ ပစ်သွားတယ်ပေါ့လေဆိုပြီး ပိုထိခိုက်ရပြီး ပြန်လာတာ။ ရွာထိပ်လည်း ရောက်ရော သူ့သားအကြီးက နောက်ကနေ ပြေးလိုက်လာပြီး သူ့အမေက ဓာတ်ပုံပေး ခိုင်းလို့တဲ့။
ဟာ အဲဒီမှာ ငါကအမေလို့ ပိုထင်မိပြန်ရော၊ အမှန်တော့မဟုတ်ပါဘူး၊ သူပြောလိုက်တာများသွားပြီး ငါ့အမေကိုထိသွားလို့ ငါခံစားသွားရတာကို သနားလို့ ဘာလုပ်ရမယ်မှန်းမသိဖြစ်ပြီး သူ့ဓာတ်ပုံ ပေးခိုင်းလိုက်တာပဲ။ ငါပြန်ရောက်တော့ ဓာတ်ပုံကြည့်ပြီး လူကြီးတွေက ဝိုင်းပြောကြပါတယ်။ ဒါတော့ မင့်အမေမဟုတ်ဖူး ဒီမိန်းမကြီးကို ငါတို့သိတယ်။ ဒါငါတို့ရွာကို သနပ်ခါးတုံး လာရောင်းနေကြတဲ့။ ဒီမိန်းမကြီး ဈေးလာရောင်းနေစဉ်က မင့်အမေရှိနေသေးတယ်တဲ့။ ကိုပွင့်ရယ် ဒါဆို အခုထိအမေ့ကို မတွေ့တော့တာပေါ့ဆိုတော့…
အေးလေ အခုထိပဲ၊ ကိုင်း မင်းငါ့ကိုဘာပြောမလဲတဲ့..
မပြောတော့ဘူး..
မပြောနဲ့တော့ ငါ ထမင်းပူပူ ဟင်းပူပူ မစားရတာကြာပြီ၊ ငါ့ကိုထမင်းပူပူလိုက်ကျွေးတဲ့ ကိုင်းသွားကြစို့ဆိုပြီး မအိပ်ရသေးပဲ မိုးလင်းလာလို့ ထမင်းထွက်စားကြသေးတယ်။
တရက်တော့ ညအလုပ်လုပ်ပြီး မနက်မှစပြီး အိပ်ရတဲ့ ကိုယ့်ကို နေ့လည် ၁၂ နာရီမှာ ဘေးကထိုင်ပြီး ကိုယ့်မျက်နှာပေါ်မျက်နှာတခုက အုပ်မိုးပြီး .. မျိုးဆွေသန်း ထပါဦးကွ ဆိုတာ သန်းကောင်ယံ အိပ်မက်နေသလိုပဲ၊
ငါပါကွ ကိုပွင့်ပါ
ဟာ ကိုပွင့် ဘယ်တုန်းက လွတ်လာသလဲ
အေး လွတ်ပြီကွာ၊ ငါ အခုပုသိမ် မိသားစုဆီ ပြန်မယ်၊ ကျန်းမာရေး မကောင်းဘူး။ အဲဒါ အိမ်ပြန်ပြီး ကျန်းမာရေးလေး ပြန်ထူထောင်ရဦးမယ်၊ ငါ့ကို လမ်းစားရိတ်နည်းနည်းနည်းပေး၊ ဖတ်စရာစာအုပ်၊ နားထောင်စရာသီချင်း အဲဒါလေးတွေပေး..
မနှစ်က သူလာတယ် ပိတောက်ပွင့်သစ်က ဦးစိမ်းနီအိမ်မှာ အာရုံကြောတွေကအားနည်း နေပြီ။ အဲဒါဆေးလာကုတယ်၊ မနက်ပြန်မယ်ဆိုလို့ညသွားတွေ့ပြီး သူ့အကြောင်းရေးထာ။တာပါ၊ အဲဒါ တစ်နှစ်လည်လို့ ပြန်တွေ့တာ ရှယ်ကြလို့ ကိုယ်လည်း ပြန်တွေ့တော့ ကိုပွင့်ကို သတိရလာသလို ဘယ်ဖက်ရင်အုံထဲ နှသားရှိတာ အမှုတဲ့။
ဒါက ကဗျာဆရာမောင်အောင်ပွင့်ဆိုတာ ကျွန်တော့ ဦးလေးအရွယ်ပါ။
ဘာပဲဖြစ်ဖြစ် ကဗျာဆရာဦးအောင်ပွင့်တယောက် သူ့ကဗျာထဲကလို ငြိမ်းချမ်းရေးညစာတွေ အရှည်သဖြင့်စားနိုင်ပြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းပါ။
(ဓာတ်ပုံက မြင့်စိုးဦးနဲ့ ခိုင်ပြည့်စုံရဲ့ပုံတွေကိုယူထားပါတယ်)
…………………………………………………..
–
ဝန်ခံချက်။ ။ မျိုးဆွေသန်း ဖေ့စ်ဘွတ်မှ ယူပါသည်။