ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● ရေးခွင့် ရေးပိုင်ခွင့် ရှိတိုင်း ရေးကြမယ်ဆိုရင် …

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● ရေးခွင့် ရေးပိုင်ခွင့် ရှိတိုင်း ရေးကြမယ်ဆိုရင် …

(မိုးမခ) မေ ၂၅၊ ၂၀၁၆

တိတ်တိတ်နေ ထောင်တန်ဆိုတဲ့စကားရပ်ကနေ ထောင်တန်တဲ့စကား  ရီနေရင်ပေါ့ ဆိုတဲ့ အနေအထားရောက်သွားနိုင်သလို  ခဏခဏ မကြာမကြာ အရေးဆိုနေရင်လည်း လူမလေး ခွေးမခန့်သဘောမျိုးလည်းရှိနေတော့  မပြောဘူးလာ၊ မပြောသေး တာဟာ ဘာကို တွေဝေတွန့်ဆုတ်နေလဲ။ မရေရာမသေချာတဲ့အရာတွေနဲ့ လုံးထွေးရောချရင်း ခေါင်ရှောင်နေပြီလား..လို့ တမေးထဲ မေးမေးနေတဲ့ အားမလို အားမရ တောက်ခေါက်သံတွေ  တောင်းဆိုသံတွေကြား ပြောသင့်ပြောထိုက်ချိန် ပြော ရမယ့်နေရာရောက်လာတော့ ဘယ်သူ့မျက်နှာကိုမှမထောက်..ပြတ်ပြတ်သားသား  မာမာထန်ထန်နဲ့ ပြောလိုက်တာကြားပြီး ရောပေါ့။ ရဲရင့်ပြတ်သား  ထီမထင်တဲ့မျက်နှာသွင်ပြင်ကို မျက်ဝါးထင်ထင်  ရှင်းရှင်းကြီး မြင်ရပြီးပေါ့။

လွတ်လပ်ရေးကို အေးအေးသက်သက်သာအရေးဆိုလို့ မှမရရင် ဟောဒီလို လုယူရမယ်လို့ ဖောင်တိန်တချောင်းကို ခပ်ကြမ်း ကြမ်းဆွဲယူလုပြပြီး ရှင်းလင်းခဲ့တဲ့ ဗိုလ်ချုပ်ပုံစံအတိုင်း သက်ဆိုင်ရာ နိုင်ငံရဲ့နိုင်ငံခြားဝန်ကြီးကိုနံဘေးမှာထား ဆက်ပြီးခေါ် ဝေါ်သွားမယ်လို့ ဆိုထားတဲ့ သံတမန်ရှေ့ တည်တည်ကြည့်ရင်း ပြတ်ပြတ်သားသား  မာမာထန်ထန်စကားလုံးတွေ  သုံးနှုန်း ရှင်းလိုက်တာကို  ဘာပဲလုပ်လုပ် အဖျက်အနှောက် ပရောဂမျက်လုံးနဲ့ ဝေဖန်နေသူတွေ သဲသဲကွဲကွဲ မြင်ရပြီးပြီမို့ အကျယ် တဝင့် မရေးချင်တော့။

ဒါပေမဲ့ တိုင်းပြည်အတွက် ပြည်သူအတွက် အကောင်းဆုံးပေးဆပ်ဖို့ အညင်သားဆုံး ပြောင်းလဲချီတက်ဖို့ နေ့မအား ညမနား အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ လူထုခေါင်းဆောင်ရဲ့ အပြတ်သားဆုံး  အရှင်းလင်းဆုံးပြောဆိုချက်တွေကို ပြည်သူရှေ့ အရောက်တင်ပြရေးသား အသိပေးမဲ့ မီဒီယာတချို့ ရဲ့ အရေးအသား ခေါင်းစည်းတခုကိုတော့ ဝေဖန်ထောက်ပြချင်ပါတယ်..။

အခုလို အထိမခံ ထိလွယ်ရှလွယ်ပြီး  တိုင်းပြည်ကို မီးလောင်တိုက်အဖြစ် ပြောင်းလဲနိုင်တဲ့ပြဿနာ ဖြေရှင်းဖြေလျှော့ပေးလိုက် သတင်းကို ခေါင်းစည်းအဖြစ် မီးမောင်းထိုးရေးပြလိုက်တဲ့အရေးအသားတခုကို ကြည့်လိုက်ပါအုံး။

‘အမည်နာမထက် အရေးကြီးတဲ့ပြဿနာတွေ ရှိနေတယ်လို့ဆို’

ထိပ်တိုက်ရင်ဆိုင်နေတဲ့ နှစ်ဖက်စလုံးအတွက်ကော စောင့်မျှော်နေတဲ့ တကမ္ဘာလုံးအတွက်ပါ   ဖြေလျှော့နှစ်သိမ့်ပေးစေခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိကျပြတ်သားတဲ့ရှင်းလင်းချက်ကို လမ်းလွဲမှေးမိန်အောင်  ဖျက်ဆီးအောင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အဆင်းဘီးတပ်ပေးရုံသာမက  ချောဆီကိုပါ လောင်းထည့်ပေးလိုက်တဲ့အဖြစ်နဲ့မခြား။ အဲဒီသတင်း ခေါင်းစည်းရဲ့ အနက်အဓိပ္ပါယ် ဦးတည်လားရာက  ပေါ်လွင်ထင်ရှားနေတော့ တိုင်းပြည်နဲ့ပြည်သူအပေါ်  တာဝန်မဲ့လွန်း၊ ကျင့်ဝတ်ချိုးဖောက်ရုံသာမက မူမမှန်တဲ့စိတ်ဓာတ်နဲ့  မီးလောင်ရာ လေပင့်တာမဟုတ်တော့၊ တမင်မီးလောင်တိုက်သွင်းစေ ချင်တဲ့သဘောအနေအထားပါ။

အဲဒီလိုသာ  တိုင်းပြည်အတွက် ပြည်သူတွေအတွက် အဖျက်သက်သက် မလိုတမာရေးခွင့်ကြုံတိုင်း  ရေးနိုင်ခွင့်ရှိတိုင်း ရေး နေမယ်ဆိုရင် သူ့ခေါင်းစည်းပါ အရေးကြီးတဲ့ပြဿနာတချို့ကိုလည်း ရေးနိုင် ရေးချင်ပါရဲ့။ တကယ်လည်း ပကတိမြေပြင်အ နေအထားကိုအခြေခံပြီး  မဝေးတော့တဲ့ကာလမှာ ကြုံဆုံရမဲ့ အရေးတကြီး မြစ်ဆုံပြဿနာအတွက် ဒီလိုလေးတော့ အရေး ချင်သား၊ တကွဲတပြား ရန် ငါ စည်း မပြတ်သေးတဲ့ တိုင်းရင်းသားပြည်သူအပေါင်း  တစုတဝေးတည်း.. လူထုခေါင်းဆောင်ရဲ့ နံဘေး  လက်ချင်းချိတ် ဝန်းရံကြမယ်ဆိုရင် အဲဒီ့မြစ်ဆုံစာချုပ်ကြီးကို ဗာဆိုင်းစာချုပ်လို ဆုတ်ဖြဲလို့ရပါတယ်…ဆိုတာလေး ပါ..၊၊

တိုင်းပြည်အတွက်  တည်ဆောက်ကြမဲ့ အချိန်အခါကောင်းတခုကို မိမိရရ ဆုပ်ကိုင် ကြိုးပမ်းရမဲ့အစား ပတ်မကြီးကိုမက ဇာတ်စင်တခုလုံးမီးတင်ရှို့မဲ့ အရေးအသားကို ရှောင်ကြဉ်ဆန့်ကျင်ကန့်ကွက်ရမှာတော့ အသေအချာ၊၊

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts