ဇင်လင်း သတင်းဆောင်းပါး

ဇင်လင်း – ဗြဟ္မစိုရ်တရားဖြင့်သာ ပြည်တွင်းစစ်ကို ရပ်နိုင်မည်

RFA Photo

ဇင်လင်း – ဗြဟ္မစိုရ်တရားဖြင့်သာ ပြည်တွင်းစစ်ကို ရပ်နိုင်မည်
(မိုးမခ) မေ ၂၄၊ ၂၀၁၆

မေလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော်မှာ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကို အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre- NRPC) လို့ ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန လက်အောက်မှာ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ (၂၁)ရာစုပင်လုံညီလာခံကျင်းပရေး အကြိုပြင်ဆင်ကော်မတီနဲ့ ဆပ်ကော်မတီများကို သီတင်းတစ်ပတ်အတွင်း ဖွဲ့စည်းပြီး လုပ်ငန်းအရှိန်မြှင့်တင်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ မင်္ဂလာသတင်းကောင်းလို့ ယူဆပါတယ်။

NRPC ငြိမ်းချမ်းရေးဗဟိုဌာန ဖွဲ့စည်းရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံ ထားရတဲ့ အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့စေ့စပ်ညှိနှိုင်းရေးအတွက်ကိုတော့ အစိုးရစေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းက ဦးဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ NRPC ရုံးချုပ်ကို နေပြည်တော်မှာ ထားရှိပြီး၊ လက်ရှိ ရန်ကုန် MPC ရုံးကို NRPC ရဲ့ ရန်ကုန်ရုံးခွဲအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်သူအားလုံးအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို အခြေခံပြီး၊ မိမိတို့ မည်သည်ကို လိုချင် တယ်ဆိုတဲ့ တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည် ဆိုတဲ့ ကမ်းလှမ်းချက်ကို အလေးထား ဆွေးနွေး ကြဖို့ ပြောကြားလိုက်ပါတယ်။ ဒီအပြင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေကို ပြန်လည်သုံးသပ်ပြီး၊ ပြင်ဆင်သင့်တဲ့ အချက် တွေကို ပြင်ဆင်ရေး၊ ဆွေးနွေးပွဲလုပ်ငန်းစဉ်တွေ ပြန်လည်သတ်မှတ်ရေးကိစ္စတွေဟာ အရေးကြီးကြောင်းလည်း ပြောပါ တယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Organization) များ ခိုင်ခိုင်မာမာ ပါဝင်နိုင်ရေးအတွက် CSO Forum တစ်ခု ဖွဲ့စည်း ဆောင်ရွက်နိုင်ရေးကိုလည်း နိုင်ငံရေးဆွေးနွေးပွဲများနဲ့ အပြိုင် သီးခြားဆောင်ရွက်သွားကြဖို့လိုကြောင်း၊ CSO Forum ကို CSO ကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင် ရွေးချယ်ဆောင်ရွက်စေမှာ ဖြစ်ပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေကို NRPC မှ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ဖြစ်ကြောင်း၊CSO Forum မှ ထွက်ပေါ်လာတဲ့ အကြံပြုတင်ပြချက်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ လူအများကြီး မဖောင်းပွစေဘဲ သိပ်သည်းကျစ်လစ်တဲ့ ဆွေးနွေးပွဲသဘော ဖော်ဆောင်နိုင်ရေး ရည်ရွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

တစ်ဖက်မှာ အစိုးရက အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အစီအစဉ်တွေ ရေးဆွဲချမှတ် ဆောင်ရွက်နေကြ ပေမယ့်၊ အခြားတစ်ဖက်မှာ စစ်ပွဲတွေ ရန်လိုမှုတွေက ဆက်ရှိနေတဲ့အကြောင်းလည်း ကြားသိနေရပါတယ်။ ဒီ ရက်ပိုင်းမှာပဲ အစိုးရ တပ်မတော်နဲ့ တအာင်းပလောင် TNLA အကြား ၊ တပ်မတော်နဲ့ သျှမ်းတပ်မတော်(မြောက်ပိုင်း) SSPP/SSA တို့ အကြား တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်နေပြီး အစိုးရ တပ်မတော်ဘက်က အကျအဆုံးများပြားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားဖေါ်ပြတဲ့ သျှမ်းသံတော်ဆင့် (S.H.A.N) သတင်းအရ ကြားသိရပါတယ်။ SSPP/SSA နဲ့ အစိုးရ တပ်မတော်တို့ အကြား မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ကျောက်မဲမြို့နယ် အရှေ့တောင်ဘက် ပုံးဝိုးဒေသ မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိများပါ ကျဆုံးမှုရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်က ဆိုပါတယ်။

“တပ်မတော်ဘက်က ၁၂ ရက်နဲ့ ၁၄ ရက်နေ့ တိုက်ပွဲတွေမှာ အကျဆုံးများတယ်။ ကျနော်တို့ဘက်ကလည်း နည်းနည်း ပါးပါးကျတယ်။ ကျွန်တော်တို့ အဲဒီမှာ နေတာကြာပြီဗျ။ ကျနော်တို့ကို လာရှင်းတဲ့ သဘော။ သူတို့ ပိတ်မိ တယ်လေ။ ဒါကြောင့်သူတို့ အကျအဆုံးတာများတာ။ ကျနော်တို့က တိုက်လည်း မတိုက်ချင်ဘူး ကိုယ့်နေရာ ကိုယ်ပဲနေတာ။ လာတိုက်ရင်တော့ ခုခံရမှာပဲ” လို့ SSPP/SSA သတင်းပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြကြောင်း သိရပါတယ်။

အစိုးရတပ်မတော်နဲ့ သျှမ်းတပ်မတော်(မြောက်ပိုင်း)တို့ရဲ့ တိုက်ပွဲတွေ အတောအတွင်း အစိုးရတပ်ဘက်က ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်မှုများရှိခဲ့တယ်လို့ သတင်းကဆိုပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၇၀၀ ကျော် လောက် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနဲ့ ကျောက်မဲမြို့ပေါ်သို့် ထွက်ပြေးတိမ်းရှောင်လာကြောင်း ဒေသအခြေစိုက် စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောတယ်လို့သိရပါတယ်။ အလားတူပဲ မန္တလေး – မူဆယ်လမ်းမြောက်ဘက်ခြမ်းမှာလည်း တအာင်းပလောင် TNLA/ PSLF အဖွဲ့နဲ့ တပ်မတော်တို့ အကြား မေလ ၁၅ ရက်နေ့က တိုက်ပွဲ ပြင်းပြင်းထန်ထန်စွာဖြစ်ပွားခဲ့တယ်လို့ တအာင်းပလောင်တပ်ဖွဲ့ TNLA က သတင်း ထုတ်ပြန်ထားကြောင်း S.H.A.N သတင်းအရသိရပါတယ်။ အစိုးရစစ်တပ်အနေနဲ့တော့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ဆိုပါတယ်။

ဒီအပြင် ကချင်ပြည်နယ် လိုင်ဇာဗဟိုဌာနချုပ်အနီးမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ နယ်မြေမှာလည်း အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သတင်းတွေ ကြားနေရပါတယ်။ မြန်မာ့နှစ်သစ်ကူး သင်္ကြန်မတိုင်ခင်နှင့် သင်္ကြန်အပြီးမှာ အစိုးရတပ်မတော်က KIA ဗဟိုဌာနချုပ် လိုင်ဇာအနီး ရှေ့တန်းစခန်းများဖြစ်တဲ့ ဆွတ်ရှန်စခန်း (Sut Shang Post)၊ အင်ဘူကောင်စခန်း (Nbu Kang Post) နှင့် ပေါင်ဆေး (Pau Se) ဘက်ရှိ စခန်း ၂ ခု၊ စုစုပေါင်း KIA ရှေ့တန်းစခန်း ၄ ခုကို တပ်မတော်က တိုက်ခိုက်သိမ်းယူခဲ့ကြောင်း KNG သတင်းက ဆိုပါတယ်။ Kachin National Organization (KNO) နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ကချင်အမျိုးသားများနိုင်ငံရေးလွတ်မြောက်ရေး အတွက် စစ်ရေး၊ နိုင်ငံရေး အတူလက်တွဲ လုပ်ဆောင်ရေး Memorandum of Understanding (MoU) သဘောတူညီချက်တစ်ခုကို ၂၀၁၁ ဇန်နဝါရီ ၂၂ က လက်မှတ် ရေးထိုးခဲ့ဖူးကြောင်း Kachin News က ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေကို ကြည့်ပြန်ရင်လည်း စိတ်မအေးစရာ အနေအထားဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရခိုင်ပြည်နယ် အမ်းမြို့မှာ ဒေသခံပြည်သူ ၃၀၀ ခန့်က ပြည်တွင်း စစ်ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြတာ သတိပြုမိပါတယ်။ AA နဲ့ မြန်မာ့ တပ်မတော်အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းရေး၊ AA ကို ပြည်ထောင်စုအစိုးရက နိင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းရေး၊ သံသယနဲ့ ဖမ်းဆီးထားသူတွေကို ပြန်လည် လွှတ်ပေးရေးစတဲ့ အချက်တွေ တောင်းဆိုနေကြ ပါတယ်။

“ကျွန်တော်တို့က ငြိမ်းချမ်းပြီး လူ့အခွင့်အရေးရရှိရေးကို လိုလားပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ် အနေနဲ့ AA ကို အမြစ်ဖြတ် ခြေမှုန်းမယ်ဆိုထားတဲ့ အတွက် ဒီစကားက ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးကွာလွန်းလှပါတယ်။ ဒါကြောင့် အမြစ်ပြုတ် ချေမှုန်းမယ်ဆိုတာထက် ရခိုင်ပြည်နယ်သားတွေ လိုလားနေတဲ့ ဆန္ဒနဲ့ အညီ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ ဦးဆောင်သူ ဒေသခံ ကိုဇော်မင်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားကြောင်း သိရပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က AA အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန် ဆုံးရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ အမျိုးသားလွှတ်တော်မှာ မေလ ၄ ရက်နေ့က အရေးကြီး အဆို တင်ခဲ့ပါ တယ်။ အဲဒီ အဆိုနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ကန့်ကွက်ဆွေးနွေးခဲ့တာ တွေ့ရပါ တယ်။ AA လက်နက်ကိုင်အဖွဲ့ဟာ ၂ဝ၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်သော်လည်း ယခု သမ္မတကြီး ဦးထင်ကျော် လက်ထက်တွင်မှ ယခုကဲ့သို့ စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း၊ အရေးကြီးအဆိုတင်သွင်းခြင်းတို့ဟာ လက်ရှိသမ္မတကြီး ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်စေရေးအတွက် ပုံဖော်ဖန်တီးရာ ရောက်နေကြောင်း၊ ဒီမိုကရေစီစနစ်ကို လျစ်လျူရှုပြီး နိုင်ငံတော်ကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းမျိုးကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အသိအမှတ်ပြုမယ်ဆိုရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အနာဂတ် အရေးဟာ ရင်လေးဖွယ်ရာ အခြေအနေ ဖြစ်လာနိုင်ပါတယ်လို့ ကာကွယ်ရေး ၀န်ကြီးက ပြောပါတယ်။ အဲဒီ အရေးကြီး အဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ ဦး နဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ၁ ဦး ဆွေးနွေးခဲ့ကြပြီး အဆိုကို မှတ်တမ်းတင်ဖို့ သင့်၊ မသင့်ကို လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် အဆိုကို မှတ်တမ်းတင်ကြောင်း မီဒီယာသတင်းတွေအရ ကြားသိရပါတယ်။

အခု ဖေါ်ပြခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခများဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေ ဖြစ်ပါတယ်။ မြန်မာ့ ပြည်တွင်း စစ်ရေးပဋိပက္ခအထွေထွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာဖြစ်လို့ ကမ္ဘာမှာ သက်တမ်းအရှည် ကြာဆုံး ပြည်တွင်းစစ်လို့တောင် ပြောစမှတ်ပြုကြပါတယ်။ နှစ်ပေါင်း၆၀ ကျော် ပြည်တွင်းစစ်အတွင်း သေခဲ့ကြေခဲ့ကြတဲ့ ပြည်သူတွေဟာ မြန်မာနိုင်ငံသား သွေးချင်းများသာ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးရတဲ့ အိုးအိမ် ပစ္စည်း ဥစ္စာတွေ၊ လမ်းတံတား အဆောက်အဦးတွေဟာလည်း နိုင်ငံရဲ့ဓနဥစ္စာများသာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်ကို ဆင်းရဲခြင်းနွံထဲက ပြန်မတက်နိုင်အောင် ဆွဲနှစ်ခဲ့ တာဟာ ဒီ ပြည်တွင်းစစ်ပါပဲ။ အခု ပြည်သူ တင်မြှောက်တဲ့ ပြည်သူ့ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ပေါက်လာချိန်မှာ စစ်ရပ်စဲ ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရဦးဆောင်တဲ့ မူဝါဒလမ်းစဉ်နဲ့ လိုက်လျောညီထွေ လိုက်ပါကြဖို့ အရေးကြီးပါ တယ်။ အခုလို အခွင့်အခါကောင်း ကြုံခိုက်မှာ “အမြစ်ပြတ် ချေမှုန်းရေး” ဆိုတဲ့ မလိုလားအပ်တဲ့ ရန်လိုစိတ် အာဃာတစိတ် တို့ကို နဲ့ ပယ်သတ်ကြဖို့လိုပါ တယ်။ နိုင်ငံကို ဆင်းရဲတွင်းက ဆွဲတင်ချင်ရင်၊ ကမ္ဘာအလယ်မှာ လေးစားလောက်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြန်လည်ထူထောင် ချင်ရင်၊ ပြည်တွင်းစစ် မဖြစ်မနေ ရပ်ဖို့လိုပါတယ်။ ဒါကြောင့် အာဃာတ နဲ့ ရန်လိုစိတ်များကို ချိုးနှိမ်ပြီး၊ စိတ်စေတနာ ဖြောင့်မှန်စွာနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင် ဦးစွာ လုပ်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယခု မေလ ၁၄ ရက်နေ့က လျှောက်ထားခဲ့တဲ့ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာ ထဲက စာတစ်ပိုဒ်ကို ကောက်နှုတ် ဖေါ်ပြလိုပါတယ်။

“မြတ်ဗုဒ္ဓဒေသနာတော်လာ မေတ္တာ- ကရုဏာ- မုဒိတာ- ဥပေက္ခာ ဟုဆိုသော ဗြဟ္မစိုရ် တရားလေးပါးသည် သက်ရှိ လောကတစ်ခုလုံးကို တစ်ပြေးညီဖြစ်စေရန် ထိန်းညှိ တည့်မတ် ပေးသော တရားများဖြစ်၍ ထိုဗြဟ္မစိုရ် တရား လေးပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် အမျိုး ဇာတ်ခွဲခြားခြင်း၊ အသား အရောင် ခွဲခြားခြင်း၊ မိတ်ဆွေ ရန်သူ ခွဲခြားခြင်း၊ ယုံကြည်မှု အယူဝါဒ ခွဲခြားခြင်း စသည်တို့အပေါ် ကောင်းစွာချဉ်းကပ်မှု ပြုနိုင်ပါသဖြင့် မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်ကျင့်စဉ် တရားတော်သည် လူ့လောကကြီးအတွက် လွန်စွာ အားကိုးမြတ်နိုးဖွယ် ဖြစ်ကြောင်း ခံစားနိုင်ပါသည် ဘုရား။ အစိုးရအဖွဲ့အနေဖြင့် ဘုရားရှင်၏ အဆုံးအမ ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ခံယူထားပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။ ယင်းဗြဟ္မစိုရ် ကျင့်စဉ်ကိုပင် အခြေခံလျက် တရားဥပဒေ စိုးမိုးရေး၊ တန်းတူညီမျှရေး၊ အဂတိလေးပါး လိုက်စားမှု ကင်းရှင်းရေး၊ လူတိုင်း၏ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးရစေရေး စသည်တို့ ထွန်းကားလာအောင် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ အမြဲကြိုးပမ်း ထမ်းဆောင်သွားကြမည် ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။” လို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားခဲ့တာ ထူးခြားတယ်လို့ မြင်ပါတယ်။

ဗြဟ္မစိုရ်တရားကို အခြေခံတဲ့ “တရားဥပဒေ စိုးမိုးရေး၊ တန်းတူညီမျှရေး၊ အဂတိလေးပါး လိုက်စားမှု ကင်းရှင်းရေး၊ လူတိုင်း၏ မွေးရာပါ အခွင့်အရေးများ မဆုံးရှုံးရစေရေး” စသည့် တရားများ ထွန်းကားလာရေးအတွက် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ကြိုးပမ်းသွားမယ်- ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သစ္စာစကားဟာ အလွန် အားရစရာကောင်းပါတယ်။ အနှစ်ချုပ်လိုက်ရင် တိုင်းပြည်ကို ဆင်းရဲခြင်းနွံထဲက ပြန်လည် ဆယ်တင်နိုင်ရေးအတွက် ဗြဟ္မစိုရ်တရားထွန်းကားအောင် လုပ်ဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာနိုင်ငံမှာ ဗြဟ္မစိုရ်တရား ထွန်းကား ရေး ကြိုးပမ်းကြရပါလိမ့်မယ်။ လက်နက်ချရေး၊ အပြုတ်တိုက်ရေး၊ အမြစ်ဖြုတ်ရေး အစရှိတဲ့ လူလူချင်း ချိုးနှိမ်လိုတဲ့ သဘောထားများကိုလည်း စွန့်လွှတ် ကြရပါလိမ့်မယ်။ ညီနောင် အချင်းချင်း အပြန်အလှန် လေးစားချစ်ခင်ခြင်းနဲ့သာ ပြည်တွင်းစစ်ချုပ်ငြိမ်းအောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဗြဟ္မစိုရ်တရားဖြင့်သာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ် လို့ ယုံကြည်မိကြောင်းပါ။။။။။။။။

– ဒီလှိုင်းစာစောင် ၂၀၁၆ မေလ ၂၃ ရက်၊ တနင်္လာနေ့ မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts