ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – လမ်းလျှောက်ကြမယ်

ကိုသန်းလွင် – လမ်းလျှောက်ကြမယ်
(မိုးမခ) မေ ၂၄၊ ၂၀၁၆

(၁)

မြို့တော်ကြီးတခုတွင် မြို့နေလူထု တနေရာမှတနေရာသို့ လျင်မြန်စွာ၊ လွယ်ကူသက်သာစွာ ကူးသန်းသွားလာ နိုင်ရေးမှာ မြို့တော်ကြီးကိုအုပ်ချုပ်သူ၊ ပေါ်လစီရေးဆွဲသူတို့၏ တာဝန်တခုဖြစ်ပါသည်။

ကမ္ဘာ့မြို့တော်ကြီးများ၏ အကျယ်အ၀န်းဧရိယာမှာ ၄င်းတို့၏လူဦးရေတိုးပွားနှုန်းထက်ပို၍ မြန်ဆန်စွာ ကြီးထွား လာလျက်ရှိသည်၊ ၁၉၈၅ခုနှစ်မှ သက္ကရာဇ် ၂၀၀၀ အတွင်း အာဖရိကတိုက်ရှိ ဂါနာနိုင်ငံမြို့တော် (Accra, Ghana) အက်ခရာမြို့ကြီး၏ လူဦးရေမှာ ၅၀%ပိုမိုလာချိန်တွင် မြို့ဧရိယာမှာ ၁၅၃%ပိုပြီးချဲ့ထွင် ကျယ်ပြန့်လာ သည်ဟုဆိုသည်၊ (Nairobi) နိုင်ရူဘီမြို့တွင် မြို့နေလူအများအတွက် ပျမ်းမျှသွားရန်လိုအပ်သည့် အကွာအဝေး မှာ ၁၉၇၀ ခုနှစ်က ၁ ကီလိုမီတာအောက်ရှိခဲ့ရာမှ ၁၉၉၈ ခုနှစ် ရောက်သောအခါ ၂၅ ကီလို မီတာအထိ ရှိလာခဲ့သည်၊ ထိုသို့မြို့တော်ကြီးများပိုပြီး ကျယ်ပြန့်လာ သော ဖြစ်ရပ်ကြောင့် အစိုးရများတွင် မြို့နေလူထု၏ စီးပွားရေး သို့မဟုတ် အခြားအခွင့်အရေးများအတွက်လမ်းပမ်းဆက်သွယ်ရေးမှာ ခေါင်းခဲရသည့် ပြဿနာ တရပ် ဖြစ်လာခဲ့ပါသည်။

ပေါ်လစီရေးရာဆုံးဖြတ်ရန် အခက်အခဲများရှိသည်ဆိုစေ ပြုပြင်တီထွင်ရမှုများမှ လူအများ၏ ကျန်းမာရေး တိုးတက်ဖွံ့ဖြိုးရေးကို ပါ ဆောင်ရွက်ရန် အခွင့်အရေးများဖြစ်ပေါ်လာစေခဲ့ပါသည်၊ တိုးပွားလာသောလူဦးရေကို ပိုမိုကျန်းမာလာ စေရန် အနာဂါတ်မြို့တော်ကြီးများ၏ ပုံစံချရာတွင် တိုးတက်လာသော စက်မှုကရိယာပစ္စည်း များ မလိုပါ၊ လူသည်မိမိတို့ခြေထောက်နှစ်ချောင်းဖြင့် သွားလာလှုပ်ရှားနေရင်းဖြင့် မိမိ ကျန်းမာရေးကို ပိုမို ကောင်းမွန်အောင်ထိန်းသိမ်းကြရန်ပင်ဖြစ်ပါသည်။

ကျွန်တော်တို့သည် လမ်းများပေါ်တွင် လူအများပျော်ရွှင်စွာလမ်းလျှောက်နေကြသည်ကို မြင်နေရသည်ဆိုလျင် ထိုနေရာတွင် ကောင်းမွန်သော Transport System ရှိသည်ဟု ဆိုနိုင်ကြပါသည်၊ ထိုလမ်းလျှောက်နေကြ သူများကို မြို့နေလူထု၏ ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းထားနိုင်မည့် ပြယုဂ်တခုအဖြစ် မှတ်ယူနိုင်ပါသည်၊ ပေါ်လစီရေးသူများက ထိုသို့လူအများလမ်းလျှောက်လာကြစေရန် လိုအပ်သမျှကို ဖြည့်ဆည်း ပေးကြရပါမည်။

အများအားဖြင့် ကမ္ဘာ့မြို့တော်ကြီးများသည် ခေတ်မှီသော၊ ကျယ်ပြန့်သောလမ်းမကြီးများဖြင့် မြို့သစ်တည် ဆောက်နေကြပါသည်၊ ထိုစနစ်သည် မော်တော်ကားများ အဆင်ပြေပြေသွားလာနိုင်ရေးကို ဦးစားပေးသော စနစ်ဖြစ်ပါသည်၊ လူထုကပိုမိုချမ်းသာလာသောကြောင့် ကားအစင်းရေ ပိုမိုများပြားလာလျင် လမ်းတွေမှာ ပိုမိုကောင်းမွန်လာသည့်နည်းတူ ပိုမို ကျယ် ပြန့်လာတတ်သည်၊

နိုင်ငံအများအပြားတွင် ပို့ဆောင်ဆက်သွယ်ရေးဘတ်ဂျက် တခုလုံး ၏ ၇၀%ကို ကားလမ်းတွေ ပိုမိုကောင်း လာရေးအတွက် သုံးစွဲ တတ်ကြသည်၊ လမ်းလျှောက်သော လူထုအတွက် ဘတ်ဂျက်ငွေ မသုံးဘဲဖြစ်နေတတ် သည်၊ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၏မြို့တော် ကြီးများတွင် ထိုသို့ကားလမ်းအသစ်များအတွက် ပိုက်ဆံ ကိုသုံးစွဲ ကြသော်လည်း လူထု၏ ခရီးစဉ်များမှာ Public Transport ခေါ် မီးရထား၊ ဘတ်(စ)ကားများ ဖြစ်စေ၊ ခြေလျင် ဖြစ်စေ သွားလာနေကြရဆဲသာဖြစ်သည်၊ ကမ္ဘာကြီးပေါ်တွင် ၂၀၅၀ခုနှစ်၌ ကားအစီးရေ ၂.၃ဘီလီယမ် မျှရှိလာမည်ဟု ခန့်မှန်းထားကြသည်၊ ဤအရေအတွက်မှာ ၂၀၁၀ တွင်ရှိခဲ့သော အရေအတွက်ထက် ၂ဆမျှ ပိုများပါသည်။

(၂)

မော်တော်ကားပိုင်ရှင်ဖြစ်သွားသည်နှင့်လူသည် လူ၏ကိုယ်ခန္ဓာလှုပ်ရှားမှုနဲသွားပြီး အေးဆေးသက်သာသော ဘ၀အနေအထား (Sedentary Life Style) ဖြစ်သွားတော့သည်၊ ထိုအနေအထားသည် လူ၏ကျန်းမာရေး အဆင့်အတန်းကို နိမ့်ကျစေပါသည်၊ အ၀လွန်ရောဂါ၊ ဆီနှင့်သွေးချိုလာခြင်း၊ နှလုံးဆိုင်ရာ ပြဿနာများကို ဖြစ်စေသည်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တနှစ်လျင် လမ်းပေါ်တွင်ဖြစ်တတ်သော ထိခိုက်ဒဏ်ရာရမှုများကြောင့် လူပေါင်း ၁.၃သန်းမျှ အသက်ဆုံးရှုံးနေကြရသည်၊ ကိုယ်လက်လှုပ်ရှားမှုလျော့နည်းသောကြောင့် သေဆုံးရ သူများမှာ ၃.၂သန်းမျှရှိသည်၊ ပြင်ပလေမသန့်ရှင်းမှုကြောင့် ၃.၇သန်းမျှသော လူများသေကြရသည်၊ လေထု ညစ်ညမ်းမှု၏ အဓိကပြဿနာဖန်တီးသူများတွင် လမ်းပေါ်မှကားများလည်းပါဝင်ကြသည်။

လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းမှာ လူ၏ကိုယ်ခန္ဓာလှုပ်ရှားမှု Exercise ကိုပေးနေခြင်းပင်ဖြစ်သည်၊ ပိတ်ဆို့ နေသောလမ်းကြောင့် ကားပေါ်မှာ ထိုင်နေလျင် လူကို မလိုအပ်သော စိတ်ကြပ်တည်းမှု ဖိအား (Stress) ကိုဖြစ်စေသည်၊ လူတို့သည် သူတို့တနေ့တာ လုပ်ဆောင်ရမည့် လုပ်ငန်းအထွေထွေကို ခြေလျင် လျှောက်ပြီး လုပ်နိုင်ကြလျင် ကျန်းမာရေးအတွက် ပိုမို ကောင်းမွန်ပါသည်၊ သုတေသနပြုချက်များအရ ကျယ်ကျယ်ဝန်းဝန်းလမ်းလျှောက်သွားနိုင်သော မြို့၏နေရာများတွင် အ၀လွန်သောကလေးများကို တွေ့ရနည်း သည်၊ ထိုအရပ်များမှ လူကြီးများတွင် Body Mass Index ခေါ်အလေးချိန်နှင့် အရပ်အမောင်း အချိုး အဆမှာ အမြဲနည်းသည်၊ သွေးတိုးရောဂါဖြစ်ပွားမှုလည်းနည်းသည်။

လူအများလမ်းပိုလျှောက်ဖို့ဆိုလျင် မြို့တော်ကြီးများကပို၍ ကောင်းမွန်သော ပလက်ဖေါင်းများ၊ အားကစားကွင်း ကဲ့သို့ လူအများစုပေါင်းလှုပ်ရှားမှုလုပ်နိုင်သော နေရာများ လူအများအပန်းဖြေနိုင်သော ဥယျာဉ်ပန်းခြံများကို တည်ဆောက်ပေးရပါမည်။

မြို့တော်ကြီးတခုတွင် လူပေါင်းသိန်းသောင်းချီ၍ အလွယ်တကူ ခရီးသွားလာနေနိုင်ရန်အတွက် မီးရထား၊ ဘတ်(စ)ကား၊ ကောင်းမွန်သောလမ်းများရှိရမည်ဆိုခြင်းမှာ မှန်ကန်ပါသည်၊ သို့ပါသော်လည်း မြို့လူထုအတွက် ပို၍ အရေးကြီးသောအရာမှာ မိမိပါတ်ဝန်းကျင်တွင် ဘဏ်၊ စာတိုက်၊ ဈေး စသည်ဖြင့် လိုအပ်သော ကိစ္စ၊ ၀ိစ္စများ ကိုအလွယ်တကူ ဆောင်ရွက်နိုင်စေရန် လွယ်ကူသော Access ရှိနေစေရန်ဖြစ်ပါသည်၊ တနည်းဆိုသော် မြို့ပြစီမံကိန်းများရေးဆွဲရာတွင် ပို့ဆောင်ဆက်သွယ်ရေးကို ချောမွေ့အောင်လုပ်သလိုလူထု လိုအပ်ချက်ကို ဖြည်းဆီးပေးရပါမည်။

စင်္ကာပူ မြို့တွင် အိမ်တိုင်းသည် ၁၀မိနစ် လမ်းလျှောက်ရုံဖြင့် ဘူတာရုံ ဘတ်(စ)ကားမှတ်တိုင် များသို့ အရောက်သွားနိုင်ရမည်ဟူသော ရည်မှန်းချက်ထားရှိသည်၊ ထိုဆယ်မိနစ်ကို နေပူမရှောင်၊ မိုးရွာမရှောင် သွားလာနိုင်ရန် အမိုးအကာ နှင့် ဖြစ်ရမည်ဟု စီမံထားချက်များ လည်းရှိသည်၊ တနည်းအားဖြင့် Car Lite City ခေါ် လမ်းပေါ်တွင် မော်တော်ကား အသုံးကိုလျော့နိုင်သမျှ လျှော့နည်းအောင်ပြုလုပ်ရမည် ဟူသော ရည်မှန်း ချက်ပင်ဖြစ်သည်၊ ဘူတာရုံတိုင်း၌ မိမိစီးလာသော စက်ဘီးကို မီးရထားဘူတာတိုင်း၌ သော့ခတ်ထားနိုင်ရန် နေရာသတ်မှတ်ပေးသည်၊ စက်ဘီးစီးရေ ပိုမိုထားနိုင်အောင် စီစဉ်ပေးသည်များလည်းအမြဲပြုလုပ်ပေးနေသည်။

လန်ဒန်မြို့တော်တွင် ဓါတ်ပုံပေါင်း (၇) သန်းဖြင့် ပြုလုပ်ခဲ့သော သုတေသန တခုတွင် မော်တော်ကားများ အတွက် တည်ဆောက်ထားသော လမ်းများကြောင့် လူတို့ လမ်းလျှောက်နိုင်မှု လျော့နည်းသွားရပုံကို ထောက်ပြထားကြသည်၊ ကားလမ်း Lane အရေအတွက်များပြားလာလေလေ လူတို့ ချဉ်းကပ်ဖြတ်သန်းရန် ခက်ခဲလေလေ ဖြစ်သည်။

မိမိလမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင် ရှိပါလျက် လူတို့လမ်းမလျှောက်ကြခြင်းမှာ အကြောင်းရင်း များစွာရှိပါသည်၊ လမ်းလျှောက်ရမည့် ပလက်ဖောင်း မကောင်းခြင်း၊ လမ်းဖြတ်ကူးရန် မလွယ်ကူခြင်း၊ ရှုပ်ထွေး သော လမ်းမကြီးများကို ဖြတ်ကျော်ရန် အခက်အခဲရှိတတ်ခြင်း၊ အန္တရာယ်လုံခြုံမှု မရှိခြင်း တို့ဖြစ်ပါသည်၊ အသက်အရွယ်ကြီးရင့်သူတို့အတွက် ပိုမို၍ အခက်အခဲတွေ့ရတတ်သည်၊ တခါတရံလမ်းဖြတ်ကူးရန် ကိစ္စကို ပင် တက္ကစီကို စီးကြရသူများရှိသည်။

လမ်းလျှောက်ခြင်းဆိုသည်မှာ အလွန်ရိုးရှင်းသော ကိုယ်လက်လှုပ်ရှားမှုတခုပင်ဖြစ်ပါသည်၊ လူ၏ ကိုယ်ခန္ဓာ သည် အင်ဂျင်စက်နည်းတူ အမြဲတစေ လှည့်ပါတ်လှုပ်ရှားလေလေ၊ ပြဿနာကင်းပြီး တာရှည်ခံလေလေ ဖြစ် ပါသည်၊ နှလုံးခုန်ခြင်းကြောင့် သွေးလှည့်ပါတ်မှု ပိုမိုကောင်းမွန် လာသည့်နည်းတူ ကိုယ်လက်လှုပ်ရှားသွား နေခြင်းဖြင့် ကိုယ်ခန္ဓာရှိ အကြောအချဉ်များမှာလည်း သဘာဝ အတိုင်းပျော့ပြောင်းခိုင်မာမှု ရှိနေကြပါလိမ့်မည်၊ လှုပ်ရှားမှု လိုအပ်သည်ထက်နည်းသွားလျင် တခုမဟုတ်တခု ကိုယ်ခန္ဓာ တွင်ပြဿနာ တက်လာတတ်ပါသည်။

Physiotherapy ခေါ်အကြောပြင်ကြရသည်ဆိုခြင်းမှာ လူ၏ ကိုယ်ခန္ဓာသည် လိုအပ်သော လှုတ်ရှားမှုများကို မပြုလုပ်ဘဲ ဇိမ်ခံနေမှုကြောင့် မိမိ အာရုံကြောများကို ပြင်ဆင်ပေးရသည်ကို ဆိုလိုပါသည်၊ ကျွန်တော်တို့ သိသော အသက်ရှည်ရှည်နေ နိုင်သွားကြသူများမှာ နေ့စဉ်နေ့တိုင်း လမ်းလျှောက်လေ့ကျင့်ခမ်းယူသော လူများ ဖြစ်ကြပါသည်၊ ဆရာဝန်တိုင်းလိုလိုက လူ့ခန္ဓာကိုယ်လှုတ်ရှားရန်လိုအပ်ပုံကို အမြဲရှင်းပြရလေ့ရှိပါသည်၊

ကားများပေါ်ပေါက်လာပြီး ထိုကားအသုံးပြုမှုကို အခြေခံ၍ တည်ဆောက်ထားသော မြို့သစ်များတွင် လူ အများ လမ်းလျှောက်နိုင်ရန် အခြေအနေကို ဖန်တီးပေးရန် အခက်အခဲများ ရှိတတ်ပါသည်၊ ပေါ်လစီ ရေးမည့် သူများ အတွက် ကြိုတင်စဉ်းစားရမည့်အရေးကြီးသော အချက်တခုဖြစ်ပါသည်။

ဆင်းရဲပြီး လူဦးရေများပြားသည့် အိန္ဒိယပြည် Chennai ကဲ့သို့သော မြို့ကြီးများတွင်မူ မြို့နေလူထု အများစုမှာ ကားမစီးနိုင်ကြ၊ လမ်းလျှောက်၍သာ သွားကြရသည်၊ ကားလမ်းပေါ်တွင်ဖြစ်ပွားသော မတော်တဆ ထိခိုက်မှု များ မှာလည်း များပြားလှသည်၊ မြို့အုပ်ချုပ်သူများက စီမံကိန်းရေးဆွဲကြရာတွင် ၂၀၁၈ နှစ်မတိုင်မီ မြို့ပေါ် လမ်းမကြီးများမှာ လမ်းပုခုန်းကျယ်ရမည်၊ ကားမောင်းရန်လမ်းရှိသလို စက်ဘီးစီးရန်လည်း လမ်းရှိရမည်၊ ကားရပ်နားရန် Parking Space များလုံလောက်စွာ ရှိသည့်နည်းတူ လမ်းအသုံးပြုသူအားလုံး အတွက် ဘေးရန်ကင်းကွားစွာ လမ်းကို အသုံးချနိုင်စွမ်းရှိရမည်ဟု ကျေငြာထားသည်။

(၃)

မမျှော်လင့်ဘဲ လူမြင်ကွင်းတွင် ပုံလဲကျသွားခြင်းများ၊ နှလုံးတွင် attack ရ၍မမျှော်လင့်ဘဲ ဘေးဒုက္ခရောက် ရသူများသတင်းများကို အမြဲမပြတ် ကြားနေရပါသည်၊ များသောအားဖြင့် ထိုအန္တရာယ်ဆိုးများကို လမ်းလျှောက် ခြင်းကဲ့သို့သော သာမာန် ကိုယ်လက်လှုတ်ရှားလုပ်ရုံဖြင့် အကာအကွယ်ပေးနိုင်ကြပါသည်၊ မြို့ကြီးများတွင် လူဦးရေထူထပ် သဖြင့် မြို့ဧရိယာ ကျယ်ပြန့် သွားရသည့်တိုင် မြို့နေလူထု၏အိမ်အနီးဝန်းကျင်တိုင်း၌ ခြေညောင်းလက်ဆန့် လမ်းလျှောက်နိုင်သောနေရာ များကို ဖန်တီးပေးရန်မှာမြို့တည်ဆောက်ရေးစီမံကိန်းကို ကြီးကြပ်သူ ပေါ်လစီ ရေးဆွဲသူများ၏ တာဝန်ပင်ဖြစ်ပေသည်။

ကိုသန်းလွင်

Ref: The Urban downshift, by Sarah Deweerdt, Nature March 27 2016
Photo Credit – Mingalarpar.com
 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုသန်းလွင် – လမ်းလျှောက်ကြမယ်
  1. Thank You…
    ရန်ကုန်မှာ ဘတ်စကား ၂၀၀ကျပ်တန် စီးနေပါတယ်။ မနေ့ကသတင်းစာမှာ ရန်ကုန်ဝန်ကြီးချုပ်က ဘတ်စကားလိုင်း ၄၀၀ ကျော်ရှိနေတာကို ခရီးတူတဲ့ကားလိုင်းတွေပေါင်းပီး ၅၀ ကနေ ၁၀၀ အခု နံပါတ်တွေနည်းအောင်လုပ်မယ် ပြောပါတယ်။
    တကယ်တော့ ကားကြပ်ချိန်မှာ ကိုယ်ပိုင်ကားထက် လိုင်းကားက ပိုမြန်ပါတယ်။
    ၉၅% ခရီးသည်တွေက ဘတ်စကားပဲစီးတယ်။ ၅%လောက်ကပဲ မြို့ပတ်ရထားစီးတယ်၊ မြို့ပတ်ရထားလဲ အဲကွန်းနဲ့တစ်ယောက်၃၀၀ကျပ်၊ ရန်ကုန်-မင်္ဂလာဒုံ-ထောက်ကြံ့ ပြေးတဲ့အဝါရောင် အဲကွန်းဘတ်စ်ကားတွေ တစ်ယောက်ကို ၃၀၀ကျပ်နဲ့ စမတ်ကပ်ပြားသုံးပြီး ပြေးဆွဲနေပါပီ။ အရေအတွက်နည်းလွန်းပါသေးတယ်။
    ဘတ်စကားစီးရင်း ၁၉၈၀ ကျောင်းသားဘဝကို ပြန်မြင်ယောင်ပါတယ်။ ကူညီတတ်တဲ့မြန်မာများစရိုက်ကို အထင်ရှားမြင်ရတယ်။ ကားပေါ်မှာလဲ ဖုန်းပွတ်နေတာတွေ မတွေ့ရဘူး။ ဖုန်းလာရင်လဲ သူတပါးစိတ်နှောက်ရှက်အောင် အသံကျယ်ကျယ် ဖုန်းမပြောပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချလိုက်တယ်။ ဒေါသနဲ့ အသံကျယ်ကျယ် ဖုန်းပြောသူကိုလဲ တွေ့ရပါတယ်။
    ရုံးချိန်ဆိုရင် မတ်တပ်ရပ် ဘတ်စကားစီးရပေမဲ့ ကျန်တဲ့အချိန်တွေဆို ထိုင်ခုံရပါတယ်။ ဒိုင်နာကားများက ၄၈ ဒတ်ဆန်ကားများနေရာ အစားဝင်လာတယ်။ ခလည်ခုံတန်း ချပေးတယ်။ ကားတွေကတော့ မြန်သလားမမေးနဲ့ ဘတ်စကားရော၊ ဒိုင်နာရော အရမ်းမြန်အောင် မောင်းကြပါတယ်။ ကြွမ်းကျင်ကြပါတယ်။ ကားတိုက်မှုမဖြစ်အောင် လူနဲ့ကားနဲ့ နားလည်မှုရှိစွာ မြို့ထဲ၊ မြို့ပြင်လမ်းမတွေမှာ ဖြတ်သန်းသွားလာနေကြတာကိုကြည့်ပြီး တော်တော်စည်းကမ်းရှိလာတယ်လို့ မြင်ပါတယ်။
    .
    မော်တော်ပီကယ်ရဲတွေလဲ သနားစရာကောင်းပါတယ်။ ပြသနာဖြစ်ရင် အချင်းချင်းပဲ ရှင်းကြ ရော်ကြေးပေးကြပေါ့။

Comments are closed.