Op-Ed Tu Maung Nyo

Tu Maung Nyo – တူတာတွဲ လုပ်ပြီး မတူတာ ‘ခွဲ’ လုပ်နေကြတဲ့ လွှတ်တော်၊ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်

တူတာတွဲ လုပ်ပြီး မတူတာ ‘ခွဲ’ လုပ်နေကြတဲ့ လွှတ်တော်၊ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်

တူမောင်ညို  (၁၅ အောက်တိုဘာ ၂၀၁၃ )

ဘာသာရေး ခုတုံးလုပ် လူသတ်၊ မီးရှို့အကြမ်းဖက်မှုတွေနောက်ကို  ဗုံးကွဲမှုတွေ က အမီလိုက်ပေါက်ပေါ်လာပြီ။

 “တူတာတွဲလုပ်ပြီး မတူတာ ခွဲလုပ်နေကြတယ်” လို့ မြင်ပါတယ်။

ယခင်က ဗုံးကွဲမှုဖြစ်ပြီဆိုလျှင် ဟုတ်သော်ရှိ/ မဟုတ်သော်ရှိ ဘယ်အဖွဲ့အစည်းလက်ချက်ဆိုပြီး (နဝတ-နအဖ) စစ်အစိုးရက သတင်းစာရှင်းလင်းပွဲတွေလုပ်တော့တာပါပဲ။ ဗိုလ်ကျော်ဆန်း၊ ဗိုလ်ခင်ရီတို့ဆိုတာ အဲဒီတုန်းက သတင်းစာရှင်းလင်းပွဲတွေရဲ့ အဓိက ဇာတ်လိုက်ရှော်တွေပေါ့၊ အခု အဲဒီပြောခွင့်ရလိုင်စင်ကို ဗိုလ်ရဲထွဋ် ထံလွှဲပေးထားတယ်။ သူတို့က ပြည်ထောင်စုဝန်ကြီးတွေဖြစ်နေကြပြီ လေ။

 ယခင်(နဝတ-နအဖ) စစ်အစိုးရရဲ့ “အစွပ်စွဲခံဖောက်သည်” လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်ရှိ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရတို့ တူတာ တွဲလုပ်နေကြပြီဆိုတော့ မတူတဲ့လုပ်ငန်းတွေကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက သူတစ်ဖွဲ့တည်း ဒိုင်ခံပြီး လက်သိပ်ထိုး လုပ်နေရတာနဲ့တူတယ်။

တူတာတွဲလုပ်ပြီး၊ မတူတာခွဲလုပ်တဲ့ဆိုတဲ့လုပ်နည်းကို လွှတ်တော်၊ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်တို့အကြားမှာ နားလည်မှုရှိရှိ ၊ အပေး အယူရှိရှိ တွဲလုပ်/ခွဲလုပ်နေကြပုံပါပဲ။  

မြင်သမျှတွေ့သမျှကိုအရင်းတိုင်းပြောရလျှင်ဖြင့် “ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ” ဆိုတာ ပြည်ထောင်စုလွှတ်တော်က မဖော် ထုတ်ဝံ့သလိုပါပဲ။ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကလည်း ကျောက်နီမော်ဖြစ်စဉ်အစ- မိထ္ထီလာ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ ဥက္ကံ၊ လားရှိုး နှင့်ထန်းကုန်းအလယ်-တတိယတစ်ကျော့ပြန် ရခိုင်(သံတွဲ) အဆုံး ပေါ်ပေါက်ဖြစ်ပွားနေသော ဘာသာရေးခုတုံးလုပ် လူသတ်၊မီးရှို့အကြမ်း ဖက်မှုတွေရဲ့လက်သည်တရားခံ ဖော်ထုတ်နိုင်စွမ်းမရှိတဲ့အစိုးရဖြစ်ပါတယ်။ မဖော်ထုတ်ဝံ့တဲ့ အစိုးရဖြစ်ပါတယ်။ မဖော်ထုတ်ရဲတဲ့ အစိုးရ ဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ သမ္မတကြားမှာ “ပွတ်တိုက်မှု” ဆိုတာတွေ ဘယ်လိုပင်ရှိလင့်ကစား အကြမ်းဖက်မှုနဲ့ ရာဇဝတ်ပြစ်မှုတွေကို ဖော်ထုတ်နိုင်စွမ်းမရှိတဲ့ဘက်နဲ့ မဖော်ထုတ်ဝံ့တဲ့ဘက်မှာတော့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးတို့ဟာ လက်ညီ/ဘက်ညီလှပါပေတယ်။ အပေးအယူရှိလှပါတယ်။ နားလည်မှုရှိလှပါတယ်။

 ဒါကလည်း “ဒီပဲယင်းအကြမ်းဖက်မှု”၊ “ရွှေဝါရောင်သံဃာအရေးအခင်းအကြမ်းဖက်မှု” စတဲ့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ တဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့ အမွေကို (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ က ဆက်ခံကျင့်သုံးနေတာဖြစ်တယ်လို့ပြောမယ်ဆိုရင်လည်း ပြောလို့ ရ ပါတယ်။

နောက်တစ်ချက်က  သမ္မတဗိုလ်သိန်းစိန် ရဲ့သြဇာအာဏာဟာ စစ်တပ်အပေါ် မသက်ရောက်သလို၊ စစ်တပ်ကလည်း သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ညွန်ကြားချက်ကို မနာခံသလိုပါပဲ။ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီး အပေါ်မှာလည်း သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ သြဇာအာဏာ မသက်ရောက်ဘူး ဆိုတာကို အထင်အရှားဖော်ပြနေတဲ့အချက်လည်းဖြစ်ပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် သွားရောက်နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်” ဆိုတဲ့ ပြည်ထဲရေး ဝန်ကြီးဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ “အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ” ဖွဲ့စည်းထားပေမယ့် ဒီကော်မတီဟာ ဖြစ်ပေါ်လာသမျှ အကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်နေပါတယ်။

            လက်တွေ့ဖြစ်စဉ်များအရပြောရလျှင် သမ္မတ (ဗိုလ်) ဦးသိန်းစိန် သြဇာမညောင်းတဲ့ ဝန်ကြီးဌာန ၃ ခုရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး တို့ဖြစ်ပါတယ်။ ဒီဌာန ၃ ခုရဲ့ဝန်ကြီးတွေအပေါ် သမ္မတ ဗိုလ်သိန်းစိန် သြဇာမညောင်းတာလည်း မဆန်းပါဘူး။ ဒီဝန်ကြီးဌာန ၃ ခုရဲ့ ဝန်ကြီးတွေကို ကာချုပ်က တိုက်ရိုက်ခန့်တာဖြစ်ပါတယ်။ ကာချုပ်ရဲ့အပိုင်စားနယ်မြေတွေဖြစ်ပါတယ်။

            ဒါကြောင့် လွှတ်တော်၊ကြံ့ဖွံ့အစိုးရနဲ့စစ်တပ်တို့အကြားမှာ နားလည်မှုရှိရှိ၊ အပေးအယူရှိရှိ တွဲလုပ်/ ခွဲလုပ်နေကြရင်း ပေါ်ပေါက် လာနေတဲ့အကြမ်းဖက်မှုတွေကို ဘယ်သူ့လက်ချက်/ ဘယ်သူ့စနက်ဆိုတာ သူတို့အချင်းချင်း အပြန်အလှန် ချေးခါးအူမမကျန် သိနေကြပေ မယ့် တိတိကျကျ ဖော်ထုတ်အရေးယူမှာမဟုတ်ပါဘူး။

 (ဗိုလ်)ဦးသိန်းစိန်စေတနာဗလပွနဲ့ လွတ်ငြိမ်းခွင့်ပြုထားတဲ့ “ခိုးဆိုးနှိုက်” ရာဇဝတ်သားတွေထဲက တချို့ကို စတေးကောင်း စတေးပါလိမ့်မယ်။ သို့သော်လည်း “နောက်ကွယ်ကကြိုးကိုင်နေသူ” တွေကိုတော့ ဘယ်တော့မှ ဖော်ထုတ်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ပြည်တွင်းအကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကို ဆက်တိုက်ဖြစ်ပွားနေတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ပြေလည်နိုင်ခြင်းမရှိဘဲ၊ တိုက်ပွဲတွေ မကြာခဏ ပြန်လည်ဖြစ်ပွားနေရတာတွေဟာ ဘာမျှမဆန်းပါဘူး။

 တရားခံဖော်ထုတ်နိုင်ခြင်း မရှိတာလည်း မဆန်းပါဘူး။

လွှတ်တော် ၊ ကြံ့ဖွံ့အစိုးရနဲ့ စစ်တပ်တို့ တူတာတွဲလုပ်၊ မတူတာ ခွဲ လုပ်ကြရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မဖော်ထုတ်ကြဖို့ ဆိုတဲ့အချက်ကိုလည်း   စကတည်းက လက်ဝါးချင်း ရိုက်ထားကြပြီးသား ဖြစ်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts