မိုးမခကို ပေးတဲ့စာ ရေခြားမြေခြား မြန်မာများ

မောင်ဥက္ကလာ – သမ္မတ အိမ်တော်သို့

မောင်ဥက္ကလာ – သမ္မတ အိမ်တော်သို့ 
(မိုးမခ) ဧပြီ ၂၉၊ ၂၀၁၆

အခုလို အန်တီညို နှိပ်စက်လို့ အတော်ပူတဲ့ ရာသီနဲ့ မီးပျက်ချိန်မျိုးဆို ရွှေပြည်သားတွေ ကျေးဇူးရှင် အဘတို့ကို တဝဲဝဲပျံနေတဲ့ ခြင်တွေကို ရိုက်ပြီး သတိရနေမှာ။ အဲ့ဂလို ပြည်သူတွေ မေ့မရလောက်တဲ့ (တိုင်းကျိုးပြည်ကျိုး) သူတို့အမျိုးအကျိုးတွေကို စွမ်းစွမ်းတမံ နှစ်ပေါင်းများစွာ ထမ်းရွက်ခဲ့ကြတဲ့ အဘတို့အကြောင်းကို – MPC အကြံပေးတွေ၊ သမ္မတကြီး အကြံပေးတွေလို ဒေါ်လာမယူ၊ အခွင့်ရေးမယူဘဲ ကမ္ဘာကျော် မိုးမခစာမျက်နာထက်ကနေ တင်ပြပေးခဲ့တဲ့ မောင်ဥက္ကလာကို အဘတို့က ထွက်တော်မူ နန်းခွါချိန်အထိ အိမ်တော်အိမ်ရာကို တခေါက်တခါ အလည်အပတ်မခေါ်၊ အိမ်းနားတောင် ဖြတ်ခွင့်မရလို့ စိတ်မကောင်း အတော်ဖြစ်၊ တွေးမိတိုင်း ဆူးပုံထဲ ဝမ်းလျားမှောက်လဲသလို စူးရှနာကျင်နေခဲ့တယ်။

ကဲထားတော့ … ဝမ်းနည်းစရာကိစ္စတော့ မပြောပါဘူး။ ပြောချင်တာက အဘမင်းတို့ ရက်ရက်ရောရော ထားရစ်ခဲ့တဲ့ ဘယ်ကနေ ဘယ်လို အစကောက် ရှင်းရမလဲ မသိသေးတဲ့ – ကောက်ရိုးပုံထဲ မှောက်ကျသွားတဲ့ ဇီးဖြူသီးတွေကို ပြန်ကောက်ရမလို – မယ်တော်ကြီးနဲ့အဖွဲ့ ကြိုးပမ်းနေချိန်။ တချိန်တခါ နေရာပြန်လည်ရရှိရေးအတွက် အသိုက်ကွဲပေမယ့် မပျက်စီးသေးပါဆိုတဲ့ အဘတို့တသိုက် ဆင်ကြံ၊ ခြင်္သေကြံ၊ ဂဠုန်ဆားချက်နေတုန်း မောင်ဥက္ကလာတယောက် ကိစ္စတခုနဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီကို ရောက်လာခဲ့တယ်။ RFA, VOA တို့ကတော့ ခေါ်ယူတွေ့ဆုံမေးမြန်ခြင်း မရှိ။

ဒီလိုနဲ့ သွားလေသူ အဘသမ္မတကြီးကို သတိရတာရယ်၊ ဟိုအရင်တုန်းက ရွှေပြည်က အဘတို့အကြောင်း ကမ္ဘာသူကမ္ဘာသားတွေ ပိုမိုသိအောင် အမေရိကန်သမ္မတအိမ်ရှေ့  သွားအော်ခဲ့တာတွေကို သတိရပြီး နိုင်ငံတကာခရီးသည် ဂိုက်ဖမ်းကာ အိုဘားမား အလုပ်လုပ်နေတဲ့ အိမ်ဖြူတော်ရှေ့  မယောင်မလည် ရောက်သွားခဲ့တယ်။ ရွှေပြည်သားတွေ အမေရိကန်သမ္မတအိမ်တော် (အိမ်ဖြူတော် – White House) ဘယ်မှာရှိ၊ ဘယ်လို ပုံစံလဲဆိုတာ ပိုသိကြပါတယ်။ သနားဖို့ကောင်းတာက ကိုယ့်နိုင်ငံရဲ့  သမ္မတအိမ်တော် နေပူတော် ဘယ်နားမှာရှိ၊ ဘယ်လို ပုံစံ၊ ဘယ်လို နေကြသလဲဆိုတာ မောင်ဥက္ကလာလည်း မတိဝူး။

အမေရိကန်သမ္မတအဆက်ဆက် (ခြွင်းချက် – ပထမဦးဆုံး သမ္မတကြီး ဂျော့ခ်ျ ဝါရှင်တန်တော့ မနေလိုက်ရဘူး။ သူ့သက်တမ်းမှာ ဘယ်မှာ မြို့ တော်တည်၊ သမ္မတအိမ်တော် ဆောက်မည်ဆိုတာကို အကြိတ်အနယ် ပြောဆိုနေတုန်း) နေခဲ့သေခဲ့ (ရှစ်ဦးသေဆုံး*) တဲ့ အိမ်ဖြူတော်အကြောင်း သိပ်မသိသေးတဲ့ ရွှေပြည်သားတွေကို အိမ်ဖြူတော်ရှေ့  အကြိမ်ပေါင်းများစွာ ရောက်ဖူးတဲ့သူက လျှာရှည်ပြောပြချင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့  အထင်ရှားဆုံး နေရာတခု – နိုင်ငံတကာ နဲ့ ပြည်တွင်းခရီးသည်တွေ သိန်းနဲ့ချီ လာရောက်လည်ပတ်တဲ့ နေရာတခုက သမ္မတအိမ်တော် ‘အိမ်ဖြူတော် – White House’ ဖြစ်တယ်။ အဖြူရောင်ဖြစ်လို့ အိမ်ဖြူတော်လို့ ခေါ်တဲ့ အထပ် (၆) ထပ်၊ အခန်းပေါင်း (၁၃၂) ခန်း၊ ရေချိုးခန်း-အိမ်သာ (၃၅) ခန်း ပါတဲ့ အိမ်ဖြူတော်ကို ၁၇၉၂-၁၈၀၀ ခုနှစ်အတွင်းမှာ ဆောက်လုပ်ခဲ့ပြီး ဒုတိယမြောက်သမ္မတ ဂျွန် အဒမ် (John Adams) ကစပြီး ဒီနေ့ (၄၄) ယောက်မြောက် သမ္မတ ဘာရက် အိုဘားမား (Barrack Obama) အထိ လူမြင်ကွင်းအောက်က ရုံး-အိမ် ဖြစ်လာခဲ့တယ်။

အစောပိုင်းကာလ ကိုလိုနီ (၁၃) ပြည်နယ်ကို ဆုံးရှုံးသွားခဲ့တဲ့ ကိုလိုနီနယ်ချဲ့  အင်္ဂလိပ်က ကျန်လက်ဝယ်ပိုင်ထားဆဲ နယ်မြေဒေသတွေကို ဆက်လက်ထိန်းချုပ်ပြီး တဝဲလယ်လယ်နဲ့ တနိုင်ငံလုံးကို ပြန်သိမ်းပိုက်ဖို့ အကွက်ချောင်းနေခဲ့ပြီး၊ တနေ့ ၁၈၁၄ မှာ အင်္ဂလိပ်တပ်တွေ ဝါရှင်တန်ဒီစီကို ဝင်ရောက်တိုက်ခိုက်ပြီး၊ အိမ်ဖြူတော်ကို မီးတိုက်ဖျက်ဆီးပြစ်တယ်။ စတုတ္ထမြောက် သမ္မတ ဂျိမ်းစ် မဒီဆင် (James Madison) တို့ သံချောင်းတို့အဖေ ဖြစ်လို့ ရှောင်တိမ်သက်ရှင်ခဲ့တယ်။

အဲ့ဂလိုပဲ တချို့ တွေက ရှုံးရင် ရှုံးမဲမဲပြီး ကလိမ်ကကျစ် မြေလှန်ခွါယူ၊ မီးရှို့ ဘာရှို့  လုပ်တတ်တယ်။ အဲဒီလို ဒဿဂီရိတွေက သတိထားရမယ်။

ယန်ကီ (Yankee) အမေရိကန်တွေက အဲဒီမူလနေရာမှာပဲ အသစ်ပြန်ဆောက်ပြီး၊ ခေတ်အဆက်ဆက် မွမ်းမံပြင်ဆင်ခဲ့လို့ ဒီနေ့ လူမည်းမိသားစုနေတဲ့ အိမ်ဖြူတော်ကြီးကို အခုလို တွေ့ရတာ။

အများက သမ္မတအိမ်တော်လို ပြောဆိုနေကြပေမယ့် အမှန်တော့ အထက်မှာပြောခဲ့သလို ရုံး-အိမ်ကြီးပါ။ မောင်ဥက္ကလာဆို အဲ့ဂလို ဘာမှ လှုပ်ရှားလို့ မရတဲ့ လူတကာ စောင့်ကြည့်နေတဲ့ အိမ်ကြီးမှာ မနေချင်ပါ။ ကြည့်လေ … အဲဒီမှာ အလုပ်လုပ်၊ အဲဒီမှာစား၊ အဲဒီမှာ အိပ်ဆိုတော့ … သနားစရာ .. ရုံးမှာအိပ်ပြီး အလုပ်လုပ်ရတဲ့ ဝန်ထမ်း၊ ကိုယ့်ရုံးကိုယ်ပြန်စောင့်ရတဲ့ ဒရဝမ်လိုလို ဘာလိုလို။

နေ့ဆို သမ္မတအစိုးရအဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ရုံးထိုင်၊ အလုပ်လုပ်ကြတယ်။ သမ္မတကြီးက ဘဲဥပုံအခန်းထဲကနေ နိုင်ငံအရေး၊ ကမ္ဘာ့အရေးတွေကို လုပ်ရတယ်။ သတင်းမီဒီယာတွေ၊ ပြင်ပလောကကို သတင်းထုတ်ပြန် စကားပြောချင်ရင် အရှေ့ ခြမ်း (East Wing)၊ အနောက်ခြမ်း (West Wing) သို့မဟုတ် သတင်းခန်းမ (Press Room) ကနေ ပြောဆိုတယ်။ တအိမ်လုံးမှာရှိတဲ့ ဖုန်းလိုင်းတွေကို အသံဖမ်းယူဆက်တွေနဲ့ ချိတ်ဆက်ထားပြီး ပြောသမျှဆိုသမျှတွေကို အကုန်အသံဖမ်းယူ သိမ်းထားတယ်။ သမ္မတတွေ ပြောချင်ရာ မပြောရအောင်၊ ပွင့်လင်းမြင်သာမှု ရှိအောင်ပေါ့။

သမ္မတကြီး အပြင်လစ်ချင်တယ်ဆိုရင် အနီးအနား မြို့ ထဲဆိုရင် တီးတော်တီးတော် မော်တော်ယာဉ်တန်းနဲ့ သွားတယ်။ နည်းနည်းအလှမ်းဝေးတဲ့နေရာ သမ္မတရဟတ်ယာဉ် ဆင်းဖို့နေရာရှိတဲ့ ပန်တဂွန် စစ်ဌာနချုပ်၊ စီအိုင်အေဌာနချုပ်တို့ဆိုရင် ခြံထဲမှာ အမြဲအဆင်သင့် ရပ်ထားတဲ့ ရဟတ်ယာဉ်နဲ့ ဒိုးတယ်။ သမ္မတတွေအတွက် ရှယ် တည်ဆောက်ထားတဲ့ လေတပ် အမှတ်တစ် (Air Force One) လေယာဉ်ကြီးကိုတော့ အိမ်ဖြူတော်နဲ့ (၁၆) မိုင်လောက်ဝေးတဲ့ အန်ဒရူး လေတပ် အခြေစိုက်စခန်း (Andrews Air Force Base) မှာ ထားတယ်။ အဲဒီကို သမ္မတကြီးက ရဟတ်ယာဉ်နဲ့ သွားတယ်။ အဲဒီ ခေတ်မီနည်းပညာတွေ အပြည့်နဲ့ ရဟတ်ယာဉ်၊ လေယာဉ်ကြီးထဲမှာ သမ္မတကြီးအတွက် လိုအပ်တာ အကုန်ရှိတယ်။ အေးအေးဆေးဆေး၊ နားနားနေနေ၊ လုံလုံခြုံခြုံ သွားလာနိုင်တယ်။

ကဲ ပြောချင်တာ ဆက်ပြောရရင် … အစမှာ ပြောခဲ့သလို မောင်ဥက္ကလာလို မယောင်မလည် သွားတတ်တဲ့ လူတွေ၊ ပြည်တွင်းပြည်ပ လာရောက်ကြည့်ရှုသူတွေ၊ အကြောင်းအရာ ပြဿနာ issues မျိုးစုံ ခေါင်းစဉ်တပ်ပြီး ဒို့အရေး အော်သူတွေကို မိုးလင်းမိုးချုပ် အိမ်ဖြူတော် အရှေ့ ဘက် မျက်နာစာ ခြံစည်းရိုးတဝိုက်နဲ့ Pennsylvania လမ်းမပေါ်၊ ရှေ့ ဘက် Lafayette ပန်းခြံတဝိုက်မှာ တွေ့နိုင်တယ်။

ဒီနားတဝိုက်နေတဲ့ ရွှေမြန်မာတွေလည်း ရွှေပြည်က အဘဗိုလ်ရှု့ပ်တွေကို လွမ်းရင်၊ အမေရိကန်သမ္မတကြီးကို ဘာညာပြောချင်ရင် အဲဒီရှေ့ မှာ မြန်ဂလိပ်တွေနဲ့ သွားအော်ကြတယ်။ သမ္မတ ကလင်တန်၊ ဘုခ်ျ၊ အိုဘားမားတို့က အားနာပါးနာ How do you do? I’m glad you guys are asking my help for Burma freedom. ဘာညာ ထွက်ပြောတာ မရှိခဲ့ဘူး။ ဒါပေမဲ့ ရွှေပြည်အရေး တိုက်တွန်းသူတွေက သူတို့အော်လို့ သမ္မတအိုဘားမား ရွှေပြည်တောကို အလည်သွား၊ အဘတို့ကို လက်နက်ချခိုင်း၊ မယ်မယ်ကို အဘွားပေးပြီး ရွှေလမ်း-ငွေလမ်း ဖောက်ခဲ့တာလို့ ပြောဆိုကြတယ်။ ဖြစ်နိုင်ပါတယ်။

အဲ့ဂလို လူစုံလည်ပတ်သူတွေ (အမေရိကန်နိုင်ငံသားတွေဆိုရင် သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးမှူးတွေဆီက သမ္မတအိမ်တော်အတွင်း ဝင်ရောက်လည်ပတ်ခွင့် လက်မှတ်ကို လျှောက်ထားတောင်းယူနိုင်တယ်။ ဝင်ခွင့်လက်မှတ်ရှိရင် အိမ်ဖြူတော်အတွင်းက လည်ပတ်ခွင့် ကန့်သတ်ထားတဲ့ နေရာ၊ အခန်းတွေကို အစောင့်အကြပ်နဲ့ ကြည့်ရှုနိုင်တယ်။ နိုင်ငံအကြီးအကဲ၊ သမ္မတရုံးဖွဲ့ အလုပ်လုပ်ကိုင်၊ နေထိုင်တဲ့ နေရာကို လက်နက်ကိုင် အစောင့်အကြပ်အပြည့် ထားရှိတာ မဆန်းဘူးပေါ့။) အပြည့်၊ (၂၄) နာရီ တစက္ကန့်မလပ် လုံခြုံရေးအစောင့်တွေ စောင့်ကြပ်နေတဲ့ နေရာ၊ မီဒီယာသတင်းဌာနတွေ (ခြံအတွင်း အရှေ့ ဘက်ခြမ်း သတင်းစုရပ်မှာ) ရှိတဲ့နေရာကို ခြံစည်းရိုးကြားက ချောင်းမကြည့်၊ လမ်းမပေါ်မှာ အောင်ချင်တာမအော်၊ ပန်းခြံထဲထိုင် ဟိုငေးဒီငေး မလုပ်ဘဲ၊ လက်မှတ်မပါ ခွင့်ပြုချက်မယူဘဲ (၆) ပေ မြင့်တဲ့ ခြံစည်းရိုးကို ခုန်ပျံကျော်လွှာ ဝင်ရောက်ကြတဲ့ မစ္စတာယက်ထော (သူကို မေ့နေကြပြီလား) လို ကြောင်စီကွေး၊ အူကြောင်ကျားတွေလည်း ရှိတယ်။

ခေတ်မီလက်နက်တွေ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးအပြည့်နဲ့ ဆားပုလင်း (Surveillance) လုပ်နေတဲ့ကြားက အဲဒီ အမိုက်သားတွေ ခြံစည်းရိုးကိုကျော်လွှာ၊ မြက်ခင်းပြင်ကို ဖြတ်ပြီး အိမ်ဖြူတော်အဆောက်အဦးကို အရောက်လှမ်းတာ ဘယ်လိုမှ မဖြစ်နိုင်။ သူတို့ကိုယ်သူတို့ ကိုယ်ပျောက်ဝိဇ္ဇာ (Invisible Man) လို့ ထင်နေကြတဲ့ ခြံခုန်သူတွေ (ရွှေပြည်မှာတော့ ခြံခုန်သူတွေ ထုတ်ပယ်ဖယ်ရှားခံရတယ်နော်) ကံကောင်းတာက … အစောင့်တပ်တွေက ပစ်မဖမ်းဘဲ၊ အတင်းလုံးထွေး ဖမ်းဆီးပြီး ကန့်သတ်နယ်မြေ ကျူးကျော်မှုနဲ့ အရေးယူတယ်။

အဲ့ဂလို ခြံခုန်သူအများစုက စိတ်မမှန်သူ၊ သတင်းမီဒီယာမှာ ပေါ်လွှင်ချင်လို့ စတန့် (Stunt) ထွင် လုပ်ကြတာများတယ်။ ရွှေပြည်မှာလို “တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ ထိအောင် တည့်တည့်ပစ်တယ်” ပုံစံနဲ့ဆို ဒီခြံခုန်တွေ မလွယ်ဘူး။

အခုတော့ ဒီခြံခုန်တွေ ကျေးဇူးကြောင့် လက်ရှိ (၆) ပေမြင့်တဲ့ ခြံစည်းရိုးကြီးကို ပိုကြီးတဲ့ သံလုံးတွေနဲ့ (၅) ပေ ပိုမြင့်ပြီး (၁၁) ပေမြင့်တဲ့ ခြံစည်းရိုးတွေနဲ့ ပြုပြင်သွားမယ်လို့ လုံခြုံရေးတပ်ဖွဲ့က အဆိုတင်သွင်း ပြောဆိုနေတယ်။ လာမယ့် မေလ (၅) ရက်နေ့ အမျိုးသားမြို့ တော်စည်ပင်ကော်မရှင် အစည်းအဝေးမှာ တင်ပြပြီး ပြင်ဆင်လုပ်ကိုင်သွားမယ်လို့ ပြောဆိုနေကြတယ်။

လူမြင်ကွင်းမှာ အလုပ်လုပ်၊ အိပ်စားရတဲ့ သမ္မတဘဝ သိပ်မလွယ်လှဘူး။ အဲဒါကြောင့်ဖြစ်မယ် သမ္မတ စဖြစ်ချိန်မှာ အရွယ်နုနု၊ ခပ်သန့်သန့်လေးတွေ။ သမ္မတသက်တမ်း ထမ်းဆောင်ပြီး သုံးလေးနှစ်ဆိုရင် ဆံပင်ဖြူတွေထွက်၊ ရုပ်ကျသွားတာ။ ရွှေပြည်က အာဏာယူ ကြာကြာနေလေ ဆူဖြိုးလာတဲ့ အဘတို့နဲ့ တခြားစီ။

အဆုံးသတ် ပြောချင်တာက မောင်ဥက္ကလာ သမ္မတအိမ်တော်ရှေ့  … အမေရိကန်သမ္မတအိမ်ရှေ့ မှာ ဒို့အရေး သွားလုပ်တာ မဟုတ်ပါဘူး။ အလွမ်းပြေ မယောင်မလည် ရောက်သွားခဲ့တာကို ကြွားတာ (ဒါပေမဲ့ ဒီတခေါက် ကိုယ်မရောက်ခင် ခြံကျော်တကောင် အစွမ်းကြောင့် ခြံစည်းရိုးတွေကိုင်ကာ ဓါတ်ပုံတောင် ရိုက်ခွင့်မရလိုက်ဘူး။ သမ္မတကြီးလည်း အလုပ်ရှုပ်နေလို့ ကမ္ဘာကျော် မိုးမခ မဂ္ဂဇင်းမှာ ဟိုရေးဒီရေး ရေးနေတဲ့ မောင်ဥက္ကလာကို ထွက်မတွေ့နိုင်။

ပြီးတော့ ခြံခုန်တွေအကြောင်း သတိရလို့ ကိုယ်သိလောက် အိမ်ဖြူတော်အကြောင်း ဘာညာ ရှယ်လိုက်တာ။

နောက်မှ ရွှေပြည်ပြန်ရောက်ရင် နေပူတော်က သမ္မတအိမ်တော်ကိုသွားပြီး ပြည်သူတွေ တင်မြှောက်လိုက်တဲ့၊ ပြည်သူတွေရဲ့  အိမ်မှာနေနေတဲ့ သမ္မတကြီးဦးထင်ကျော် ကို တွေ့ဖို့ ကြိုးစားလိုက်အုံးမယ်။ ဒါမှ ကိုယ့်ရွှေပြည်က သမ္မတအိမ်တော် … အိမ်ဖြူလား၊ အိမ်မဲလား၊ အိမ်ဝါလားမသိ … ဘယ်လောက် ခမ်းနားတယ်ဆိုတာ ပြောပြနိုင်မှာပေါ့။

တွေ့ခွင့်မရရင် အိမ်ရှေ့ မှာ ဒို့အရေး အော်မယ် .. မကြောက်ပါဘူး … တည့်တည့်ပစ်တယ်ဆိုတာ မရှိတော့တဲ့ ဒီမိုခေတ်ကြီးမှာ အများအကျိုး ရှိမရှိ၊ ကောင်းတာဆိုးတာ ဘေးချိတ်၊ ကိုယ်မကြိုက်တဲ့ — ဘာသာခြား၊ ကိုးကွယ်ယုံကြည်မတူသူတွေ၊ ပြန်မလုပ်ရဲတဲ့သူတွေ၊ ကြည့်မရတဲ့သူတွေကို ရှုတ်ချဆန့်ကျင်ပြတာတွေ၊ ထစ်ကနဲဆို ပြချင်တဲ့သူတွေ များလာတော့ မောင်ဥက္ကလာလည်း မြန်မာ့သတင်းမီဒီယာ၊ ဂျာနယ်တွေထဲပါအောင် ပြလိုက်မယ် … ဆန္ဒထုတ်ဖော်ပြမှာကို ပြောတာ။

* သမ္မတတာဝန်ထမ်းဆောင်နေချိန် သေဆုံးခဲ့တဲ့ သမ္မတများမှာ ဝီလီယံ ဟန်နရီ ဟာရစ်ဆန် (William Henry Harrison)။ သမ္မတဖြစ်ပြီး (၃၁) ရက်အကြာမှာ အဆုတ်အအေးမိပြီး သေဆုံး။ ဇာကာရီ တေလာ (Zachary Taylor) အစာအိမ် အူရောင်ရမ်းနာနဲ့ သေဆုံး။ အေဘရာဟန် လင်ကွန် (Abraham Lincoln) လုပ်ကြံသတ်ဖြတ်ခံရ။ ဂျိမ်စ် အေ ဂါးဖီလ်ဒ် (James A. Garfield) လုပ်ကြံသတ်ဖြတ်ခံရ။ ဝီလီယံ မက်ကင်လေး William McKinley) သေနတ်ဒဏ်ရာရရှိခဲ့ ဒဏ်ချက်ကြောင့် သေဆုံးခဲ့။ ဝါရန် ဂျီ ဟာဒင် (Warren G. Harding) နှလုံးရောဂါနဲ့ သေဆုံး။ ဖရန်ကလင် ဒီလာနို ရိုစဗတ် (Franklin Delano Roosevelt) ဦးနှောက်ကြောပြတ် သေဆုံး။ ဂျွန် အက်ဖ် (John F. Kennedy) လုပ်ကြံသတ်ဖြတ်ခံရ။ သမ္မတ (၄) ဦးက အိမ်ဖြူတော်အတွင်းမှာ ဖျားနာသေဆုံးပြီ။ (၄) ယောက်က အပြင်မှာ လုပ်ကြံသတ်ဖြတ်သူတွေ လက်ချက်နဲ့ သေဆုံးခဲ့တယ်။ ဒါကြောင့် အိမ်ဖြူတော်မှာ မကျွတ်တဲ့ နာနာဘာဝတွေ ရှိတယ်တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts