Cartoon Box

သွန်းခ – သူလည်းလေ ရောဂါနဲ့ပေမို့

cartoon soe thaw dar

သွန်းခ – သူလည်းလေ ရောဂါနဲ့ပေမို့ 

(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၆

တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့နှင့် များစွာမဝေးလှသော်လည်း အချိန်များစွာ ပေး၍ ခရီးပြုရသည့် ဆေးရုံတစ်ရုံသို့ ရောက်ရှိခဲ့လေ၏။ ဆေးရုံဝင်းအတွင်းသို့ ကျွန်ုပ်ခြေချမိသည်နှင့် ကျွန်ုပ်အား များစွာ လေးစား ချစ်ခင် ကျွမ်းဝင် လှသည့် လုပ်ဖော်ကိုင်ဖက် ဟောင်းများသည် ကျွန်ုပ်အား ခရီးဦးကြို ပြုကြလေသည်။

ကျွန်ုပ်လည်း ပဋိသန္ဓာရ စကားပြောကြသူများ၊ မုန့်ဖိုးတောင်း၊ ယမကာဖိုးတောင်းကြသူများအား ယခင်က များစွာ ရင်းနှီးခဲ့သည့်အလျောက် အိတ်ထဲရှိ အသပြာစ တို့ကို လက်ကျန်ဟူ၍ အလျဉ်းမရှိစေပဲ မျှဝေ၊ ပေးကမ်းလိုက်လေတော့၏။

ကျွန်ုပ်အား ခရီးဦးကြိုပြုကြအပြီး ကျွန်ုပ်နှင့်အတူ ပါလာသည့် ပုဂ္ဂိုလ်အား မိတ်ဆွေများမှ မျက်စောင်း၊ မျက်စ၊ မျက်န များပစ်ပြ၍ မည်သို့ဆက်လက်ပြုမူ ရမည်ကို အကဲစမ်း အသံတိတ် မေးခွန်း ပြုကြပေတော့သည်။ ကျွန်ုပ်မှာ အနှီ ဆေးရုံသို့ စိတ်ကျန်းမာရေး မကောင်းရှာသည့် လူမမာများ၊ အရက်သေစာ အား အလွန်အကြူးစွဲလန်း စွာ သောက်သုံးတတ်ကြသည့် ဆက်ရက်မင်း (ဇရက်မင်း) စည်းစိမ်လွန် လင်းတများနှင့် သဏ္ဍန်တူသည့် လူပုဂ္ဂိုလ် တို့အား အခါအားလျော်စွာ လိုက်လံပို့ဆောင် တတ်သူဖြစ်ရပေကား ကျွန်ုပ် နံဘေး၌ သျှောင်တစ်လုံး အဆုံးခံ၍ များစွာ မြင့်မြတ်သည့် သာသနာ့ ဘောင်မှ ပြန်ထွက်လာသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော မိတ်ဆွေမှာ လူသာမန် တစ်ဦးဖြစ်ပါကြောင်း မြွက်ဆို သက်သေပြုရပေ၏။

ထိုသို့သက်သေပြုသည်ကိုပင် မယုံတစ်ဝက်၊ ယုံတစ်ဝက်နှင့် မိတ်ဆွေတို့အား ဆေးရုံနှင့် မလှမ်းမကမ်းရှိ ခပ်ညံ့ညံ့ လက်ဖက်ရည်ဆိုင်သို့ ခေါ်ဆောင်ပြီး လက်ဖက်ရည်များ၊ မုန့်များ နှင့် (အကြွေး) ဧည့်ခံသမှုပြု၍ မိတ်ဆက်ရပေတော့သည်။ ထိုမျှနှင့်ပင် မကျေနပ်နိုင်ကြသေးသည့် မိတ်ဆွေတစ်ချို့မှာ ခပ်လှမ်းလှမ်း၌ ရှိနေသည့် ထန်းရည်ဆိုင်ဘက် ဝိုင်းပြောင်းရန် တာဆူ နေကြသေး၏။ ကျွန်ုပ်မှာ ဖော်ပြပါ (ထန်းရည် ဟုယူဆရသော) အရည်အား သောက်သုံးခြင်းသည် အမှားအယွင်း ဖြစ်ပွားစေနိုင်ပါကြောင်း၊ အခန့်မသင့်လျှင် ဝမ်းပျက် ဝမ်းလျောပင်ဖြစ်ပေါ် ခံစားရနိုင်ပါကြောင်း ရှင်းလင်း၊ ပြောကြား နှစ်သိမ့်၍ တားမြစ်ရပြန်ပေသည်။

မိတ်ဆွေများ အမြင်၊ အထင်မှားကြပေသည့် ကိစ္စမှာ သူတို့များစွာ ချစ်ခင်လေးစားသည့် ကာတွန်းဆရာသည် ယခင်က သျှောင်ကြီးဗွေ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများဖြင့် မြင်သူအပေါင်း ဆွဲကလိစေကြောင်း ဖြစ်ရကား ယခုကဲ့သို့ ဦးပြည်း နှင့် တွေ့ရသည်တွင် များစွာ အထင်မှားစရာဖြစ်ရပါကြောင်း၊ မယုံသင်္ကာနှင့် တစ်ယောက်တစ်ပေါက်ပြောကြခြင်းဖြစ်၏။

ကျွန်ုပ်မှ အတူပါလာသည့် ကာတွန်းစိုးသော်တာ မှာ စိတ်ကျန်းမာရေး (အတန်အသင့်) ကောင်းမွန်သူဖြစ်ပါကြောင်း၊ ယနေ့ယခုအတူပါလာရခြင်းမှာ ဆေးရုံသို့ အလည်အပတ် သက်သက်မျှသာ ဖြစ်ပါကြောင်း၊ ဆေးရုံတွင်းထူးခြားသည်များတွေ့ရှိရပါကလည်း ဆောင်းပါး အနေနှင့် ရေးသားလိုပါသေးကြောင်း တို့ကို ကျွန်ုပ်မှ လွန်စွာ အေးဆေးတည်ငြိမ်သည့် လေယူလေသိမ်း နှင့် ထပ်မံ မြွက်ဟ ရပြန်ပါပေသည်။

ဤနေရာ၊ ဤဒေသမျိုးတွင် တားမြစ် ဧရိယာ၊ ကန့်သတ်ဇုန်ဟူ၍ ရှိပါသေး၏လော ဟု ကျွန်ုပ်၏ မိတ်ဆွေကြီးကာတွန်းစိုးသော်တာမှ မေးမြန်းသည်တွင် ယခင်ကများစွာလွတ်လပ်ခဲ့ပါကြောင်း၊ ယခု ပြောင်းလဲချိန်တန်ပြီ ဆိုသည့် ဆောင်ပုဒ် နှင့်အညီ အများသူငါနှင့် ဒွေးရောယှက်တင် မနေနိုင်ကြသည့် စိတ်ကျန်းမာရေး ချို့ယွင်းသူ များအား ဆေးရုံမှ အထူးတာဝန်ယူလျက် ပြုစု၊ ကုသပေးနေရပါကြောင်း၊ ဖော်ပြပါ ပုဂ္ဂိုလ် များအား သီးခြားဆောင်တွင် ထားရှိရပါကြောင်း၊ ယခင့်ယခင် အများပြည်သူ အဖတ်နည်းခဲ့ကြသည့် သတင်းစာများတွင် လက်မြှောက်၊ ခြေမြှောက်၊ ငါးသလောက်ပြုံးများနှင့်တွေ့ခဲ့ရသူများ၊ ကဏန်းခြေလှမ်းများနှင့် မြန်ပြည်အနှံ့ခြေဆန့်ပြ ခဲ့ကြသူများ၊ ပြည်သူအပေါင်းအား ပါးရိုက် နားရိုက် ကြိမ်းမောင်းခဲ့ကြသူ၊ ထမင်းတစ်နပ်သာစားပြီး ကျန်သည့်အနပ်ပေါင်းများစွာအား တစ်နင့်တစ်ပိုး စားသုံးရန်ကြံစည်ခဲ့သူ၊ နွားနို့သောက်ရန်တိုက်တွန်းခဲ့သူ၊ ဖယောင်းတိုင်နှင့်သာနေရန်ညွှန်ကြားခဲ့သူ များနှင့် အပေါင်းပါတို့အား လုံခြုံစွာ ထားရှိပါကြောင်း တို့ကို ကျွန်ုပ်၏မိတ်ဆွေများမှ မမောနိုင် မပမ်းနိုင် အားရဝမ်းသာ၊ တစ်ယောက်တစ်ပေါက်၊ အလုအယက် ရှင်းလင်းပြောကြားကြကုန်၏။

ကာတွန်း၊ ဆောင်းပါးနှင့်သရော်စာ များအရေးသန်ကြသည့် ကျွန်ုပ် နှင့် ကာတွန်းစိုးသော်တာ တို့မှာ အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် အနှီပုဂ္ဂိုလ်များထားရှိရာနေရာသို့ သွားရောက်ကြည့်ရှုလိုပါကြောင်း တောင်းဆိုကြရပေတော့၏။

ဤတွင် တစ်ချိန်လုံးတိတ်ဆိတ်စွာဖြင့် ကျွန်ုပ်တို့အနီးတွင် ရှိနေသည့် ဆေးရုံမှတာဝန်ရှိသူဟုယူဆရသူ တစ်ဦးက လူနာဆောင်သို့လိုက်လံပြသရန်မှာ မဖြစ်နိုင်ပါကြောင်း၊ ကြည့်မြင်လိုသည့် စိတ်ဆန္ဒများပြင်းထန်လွန်းပါက စီစီတီဗွီ မှတစ်ဆင့်သာကြည့်ရှုနိုင်ပါကြောင်း၊ ဓါတ်ပုံလှမ်းရိုက်ခြင်း၊ ဗီဒီယို မှတ်တမ်းပြုခြင်း၊ ကာတွန်းသမားများ ဟုသိရ၍ စကက်ရှ် မျှပင် ရေးသားမှတ်ယူခွင့်မပြုနိုင်ပါကြောင်း တို့ကို လွန်စွာ အဆင့်အတန်းနိမ့်လွန်းသည့် အင်္ဂလိပ်ဘာသာစကားဖြင့် များစွာညံ့ဖျင်း သော လေယူလေသိမ်းတို့အား အားပြုပြီး အားမနာတမ်း ရှင်းပြပေတော့သည်။

အနှီပုဂ္ဂိုလ်သည် ဆေးရုံ ဝန်ထမ်းဟောင်း တစ်ဦးလည်းဖြစ်၊ ယခင် အစိုးရအဆက်ဆက် တို့တွင် တင်းပြည့် ပါတီကောင်စီဝင်၊ ရပ်ကွက် ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး အစရှိသည့် တာဝန်ထူး၊ တာဝန်မြတ်တို့အား အကျိုးအမြတ် သပိတ်ဝင်၊ အိတ်ဝင်ရရှိခဲ့၍ ထမ်းဆောင်ခဲ့ရုံသာမက ယခု အစိုးရသစ်တစ်ရပ်၌ပင် ပင်နီ၊ တီရှပ်အနီ၊ ကချင်ရိုးရာပုဆိုးတို့အား မချွတ်တမ်း ဝတ်ဆင်နေပြန်သည့် ထူးခြား ပုဂ္ဂိုလ် အရောင်ပြောင်းကြီးမှန်း ကျွန်ုပ်မှ သိရှိနေသော်လည်း တွေ့မြင်လိုသည့် ပုဂ္ဂိုလ်ကျော်ကြီး များအား မည်သည့်နည်းနှင့်မြင်တွေ့ရသည်ဖြစ်စေ ပြည်သူလူထုအား ဖော်ပြနိုင်ပေတော့မည်ဟု သဘောပိုက်လျက် ပြုံး၍တစ်မူ၊ ခေါင်းညိတ်လျက်တစ်မျိုး ထောက်ခံသမှုအပြုပြရပေတော့၏။

စီစီတီဗွီခန်းတွင်းသို့ ချင်းနင်းဝင်ရောက်မိသည်တွင် အလွန်အေးမြသည့် လေအေးပေးစက် မှအအေးဓါတ်တို့ကြောင့် ကျွန်ုပ်၏ မိတ်ဆွေကြီး စိုးသော်တာမှာ အအေးဒဏ်မှ ကာကွယ်စေခြင်း အလို့ဌာ ဝတ်လဲတော်ပုဆိုးအား ခြုံလျက်နေပေ၏။

လက်ကိုင်ဖုံးများ ပိတ်ထားရန် သတိပေးစကားပြောအပြီး မြင်တွေ့ရသည်တို့ကား လူနာဆောင်အတွင်း သတိဆွဲလျက် မတ်တပ်ရပ်နေကြသည့် ပုဂ္ဂိုလ်ထူးတို့ပေတည်း။ စားမိန့်၊ သွားမိန့်၊ နားမိန့်၊ အိပ်မိန့်၊ အညစ်အကြေးစွန့်မိန့်တို့နှင့် တမိန့်တည်းမိန့်လိုက်၊ နာခံလိုက် လုပ်နေကြသည့် ရောဂါသစ် အပေါ်၌လည်း ကုသမှုပြင်ဆင်နေရပါကြောင်း ရှင်းပြသည့်သူမှ ရှင်းပြနေစဉ် မျက်နှာလေးထောင့်နှင့် နှုတ်ခမ်းတင်းတင်းစေ့လျက် ခြေတရွတ်ဆွဲ နေသူ ဝမ်းဗိုက်ပူပူ နှင့် မြင်မြင်သမျှတို့အား လက်ကာ၊ လက်ခါပြနေသူတစ်ဦးထွက်လာပေ၏။

အံ့သြဘနန်းမြင်ကွင်းအတွင်း နောက်ထပ်ဝင်ရောက်လာသူမှာ ရီဝေဝေ မျက်လုံးများနှင့် အိပ်ရေးမဝသည့် မျက်လုံးအစုံအား လက်ဖြင့်ပွတ်သပ်လျက် တရွေ့ရွေ့လှမ်းထွက်လာသူပေတည်း။

ထို့နောက် ခက်ထန်သည့် မျက်နှာထားပိုင်ရှင်၊ အနေအထိုင် များစွာ သန့်ရှင်း သပ်ရပ်လျက် လမ်းလျှောက်သည်ပင်လျှင် စမတ်ကျလွန်းသည့် ပုဂ္ဂိုလ်အား စေတီတော် ရုပ်ပုံကားချပ် တစ်ချပ် လက်ဝယ်ပိုက်၊ ရင်ခွင်အပ်လျက် ထွက်လာသည်ကို တွေ့ရပြန်၏။

ထို့နောက် ဆက်တိုက်ထွက်လာကြသူများအား ဆေးတိုက်ချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံနှင့်တကွ ဆေးသောက်ရန်ပြင်ဆင်ကြပါမည့်အကြောင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဂန္ဓာလရာဇ် ဘာသာ တို့နှင့် လှုံ့ဆော်ပေတော့ ၏။

ပေါင်ချိန်စက်ကဲ့သို့ မတ်တပ်စက်အပေါ် တက်ရပ်မိသည်နှင့် ကိုယ်အလေးချိန်၊ သွေးခုန်နှုန်း၊ သွေးဖိအား၊ အသက်ရှုနှုန်း၊ ရောဂါအမည်တို့ပါပေါ်လာရုံမက စက်၏လက်ဝဲဘက်မှ ဆေးသောက်ရန် ရေခွက်သည်လည်းကောင်း၊ လက်ယာဘက်မှ စိတ်ကျန်းမာရေးဆေးတို့သည်လည်းကောင်း အလိုအလျောက် ထွက်လာပေ၏။

ဆေးသောက်ရန်ငြင်းဆို ကြသူများအား စက်ပေါ်မှဆင်းခွင့်မပြုသည့် သဘောဖြင့် လျှပ်စစ်ဓါတ်အား အသုံးချလျက် တစ်ကိုယ်လုံးတုန်ခါသွားစေ၏။ စက်အောက်သို့ မည်သို့မှပင် ခြေမလှမ်းနိုင်ရန်စီစဉ်ထားရကား မဖြစ်မနေဆေးယူသောက်ကြရသည်ဖြစ်ရာ ကုသရေး၌ များစွာ အောင်မြင်ထိရောက်ကြောင်းသတိပြုမိပေတော့သည်။ စက်မှ အမိန့်တစ်စုံတစ်ရာ မပေးပဲ လျှပ်စစ်ဓါတ်အားဖြင့်သာ ထိန်းချုပ်ထားပေရာ တစ်ရံရောအခါက လျှပ်စစ်ဓါတ်အားကို အလွန်အမင်း မြတ်နိုး၍ အရောင်းအဝယ်ပြုခဲ့ကြသူတို့နှင့်ကား များစွာ လိုက်ဖက် သင့်တော်လှပါပေ၏ဟုယူဆရပေတော့သည်။

ကျွန်ုပ်တို့အဖို့စိတ်မောစရာမြင်ကွင်းသည် ထိုသူတို့အတွက် နေသားတကျ ဖြစ်နေပြီဖြစ်ပါကြောင်း အရောင်ပြောင်းမိတ်ဆွေကြီးမှ ဂုဏ်ယူစွာ ရှင်းပြနေပါသေး၏။

များမကြာမီ ဆေးရုံတစ်ရုံလုံး အရေးပေါ်အချက်ပေးဥသြသံနှင့် အတူ အရေးပေါ် လူနာတင်ယာဉ်နှင့်တကွ လူနာထိန်းဝန်ထမ်းတစ်သိုက်ပါ မြင်ကြရပေတော့သည်။ များစွာ သပ်ရပ်သည့်တူညီဝတ်စုံ ဝတ်ဆင်ထားကြသည့်ဆရာဝန်၊ သူနာပြုနှင့် လူနာထိန်းတို့သည် ကျွန်ုပ်တို့ တည်ရှိရာ အထူးဧည့်ဆောင်သို့ဦးတည် ဝင်ရောက် လာနေကြောင်း တွေ့ရှိရသည်တွင် အလွန်အမင်း ကြောက်လန့်တတ်သည့် ဆရာစိုးသော်တာခမျာ ပုဆိုးခြုံအတွင်းသို့ ပုဝင်၊ ပုန်းအောင်းနေပေတော့သည်။

ကျွန်ုပ်မှာ အရေးပေါ် အခြေအနေတစ်ရပ်အား သွေးအေးအေးဖြင့် ရင်ဆိုင်ရန်ပြင်ဆင်နေချိန်၌ ကျွန်ုပ်တို့လူစုအတွင်းမှ အရောင်ပြောင်း ပုဂ္ဂိုလ်ကြီးအား ကျွန်ုပ်၏ မိတ်ဆွေများက ညီညီညာညာ ဝိုင်းဝန်း ချုပ်နှောင်လိုက်ကြပေတော့သည်။

ကာတွန်း စိုးသော်တာ တစ်ယောက်အလွန်အမင်းထိတ်လန့် နေချိန် တွင် ကျွန်ုပ်၏ မိတ်ဆွေများထဲမှ တစ်ဦးသည် လွန်စွာ အသံသြဇာနှင့်ပြည့်စုံပြီး နားဝင်ပီယံရှိစွာသော အသံနှင့် အောက်ပါအတိုင်းရှင်းပြလိုက်လေတော့သတည်း။

“အဲဒီလူက လည်း လူနာပဲဗျ။ အခြေအနေ တော်တော်လေး ကောင်းပြီလို့ယူဆပြီး အပြင်ထွက်ခွင့်ပေးထားတာ။ အခုရက်ပိုင်း ရောဂါပြန်ထ လာတယ်နဲ့တူပါတယ်။ လွှတ်တော်ထဲပြန်သွားမယ်ပြောလိုက်၊ တစ်ယောက်တည်း စကားတွေပြောလိုက်၊ သင်္ကြန်တွင်း မဏ္ဍပ်တွေ အကြီးအကျယ် ဆောက်ပြီး စီးပွားရှာမယ်ပြောလိုက်၊ အရက်ဆိုင်ဖွင့်မယ်၊ အနှိပ်ခန်းထောင်မယ်တွေပြန်ပြောလိုက်ဖြစ်လာတာ။ အဲဒါနဲ့ စိတ်မချလို့ ကျွန်တော်တို့ အုပ်စုထဲ ခေါ်ထားရတာ။ ဆရာတို့ နှစ်ယောက် လာတော့လည်းဧည့်ခံရတာပေါ့ လို့ သဘောထားရင်း ထိန်းထားလိုက်တာ။ သင်္ကြန်ကာလလည်းဖြစ်နေတော့ အေးအေးဆေးဆေးနေပါစေတော့လို့ပေါ့။ အင်း၊ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေများ တစ်စုတစ်ဝေးထဲကို ဆေးလာကုဖြစ် နေကြရတာပါပဲနော်။ မနက်ကတောင် သင်္ကြန်တွင်း ဝတ်နေကျပါတိတ် အကီင်္ျတွေနဲ့ နေကာမျက်မှန်တွေ ပြန်ထုတ်ပေးပါ တောင်းဆိုနေကတည်းက လူနာဆောင်ထဲပြန်ထည့်ရတော့မယ်လို့ အထင်သား”

( ကျွန်ုပ်သည် ကာတွန်းစိုးသော်တာ ရဟန်းဝတ်နေသည်ကို အာရုံ၌ စွဲလန်း၍ နေ့လည်ခင်း တစ်ရေးတစ်မော မှိန်းနေမိရာမှ လွန်စွာဆန်းကျယ်လျင်မြန်သည့် မနောစိတ် ခေါ်ဆောင်ရာ နောက် ကောက်ကောက်ပါအောင် လိုက်မိရင်း အံ့သြတကြီး အဖြစ်ကြီးဖြစ်ကာ ခန္ဓာနှင့် အသိပြန်လည် ကပ်ငြိချိန်၌ နယ်မြို့ကလေးတစ်မြို့၏ သင်္ကြန် ကာလ နေ့လည် အခါသမယ သို့ရောက်ရှိနေကြောင်း သိရှိရပေတော့သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts