ခေတ်ပြိုင်အတွေ့အကြုံ

ကျော်ကိုကို – ကျနော်တို့ရဲ့ ကျေးဇူးရှင်


 

ကျော်ကိုကို – ကျနော်တို့ရဲ့ ကျေးဇူးရှင်

(သူ့ဖေစ့်ဘွတ်) မိုးမခ၊ ဧပြီ ၁၁၊ ၂၀၁၆
 အခြေခံပညာသင်ကြားခဲ့တုန်းက အထက်က ခေါင်းစဉ်နဲ့ စာစီစာကုံးရေးခိုင်းရင် ကျနော်ဘာရေးလို့ ရေးရမှန်းသိမှာတောင်မဟုတ်ဘူး။ခုမှ ကျေးဇူးရှင်တွေရဲ့ ကျေးဇူးကြောင့် ကျနော် ကမ္ဘာကုန်ကျယ်သရွေ့  အတွေးနယ်ချဲ့ ခွင့်ရတော့တယ်။ ကျနော်တို့ နေ့စဉ်ပြောဘာသာစကားမှာ ကျေးဇူးရှင်လို့ခေါ်တိုင်း တကယ့်ကို တည်တည်တံ့တံ့ခေါ်ဝေါ်တာမဟုတ်ကြောင်းလည်း သတိထားမိပါရဲ့။ ဘာအလုပ်အကိုင်မှမလုပ်ဘဲ လည်ရာပြန်စားရေးလုပ်နေတဲ့ ဆန်ကုန်မြေလေးတွေကိုလည်း လူကြီးသူမတွေကအထေ့အငေါ့လေးနဲ့ #ကျေးဇူးရှင်လို့ ခေါ်ကြပါသေးတယ်။
ခုပြောပြချင်တာ ကျနော်တို့ရဲ့ ကျေးဇူးရှင်အစစ်က ဘယ်သူလဲဆိုတာပါ။ကျနော်တို့ဆိုတာ ဗကသကျောင်းသားတွေကိုချည်း ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအပါအဝင် မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်က အင်အားစုတွေအားလုံးကို ဆိုလိုပါတယ်။
 ကျနော့်ဘ၀ဖြစ်ရပ်တွေနဲ့ ဥပမာပေးရရင် ၂၀၀၇ ရွှေဝါရောင်ပြီးတော့ ကျနော်ရှောင်တိမ်းနေရတယ်။စစ်ထောက်လှမ်းရေးတွေက ပြစ်မှုမကျူးလွန်ထားတဲ့ကျောင်းသားတွေကို သူပုန်စခန်းဝင်စီးသလို လိုက်ဖမ်းနေလို့ကျနော် တောင်ဥက္ကလာပမြို့နယ် ၁၄/၁၅လမ်းဆုံဘက်မှာ ပုန်းအောင်းနေခဲ့ရပါတယ်။ အဲ့အိမ်ကို ကိုလင်းထက်နိုင်(ဂျိမ်းစ်)၊ ကိုစည်သူမောင်နဲ့ မဟန်နီဦးတို့ အစည်းအဝေးလုပ်ဖို့အလာ စရဖတွေဝင်ဖမ်းလို့ စည်သူနဲ့ဟန်နီပါသွားပြီး ဂျိမ်းစ်နဲ့ကျနော် ပြေးခဲ့ရပါတယ်။ ဂျိမ်းစ်ပြေးတဲ့လမ်းကတောင်ဘက်ဆို ကျနော်ပြေးခဲ့တာ မြောက်ဖက်…တကယ့်ကို ကစဥ့်ကလျားပါ။
ကျနော်တို့အိမ်ရှင်က ရှမ်း၊ဗမာလူမျိုးပါ။ကျနော်အိမ်ပေါ်ထပ်က ခုန်ချပြီး ပြေးဝင်ရတဲ့ဘေးအိမ်က တမီလ်လူမျိုး၊ဟိန္ဒူတွေပါ။ ညမှောင်တော့ နောက်ဖေးလမ်းကြားက ထွက်ခဲ့တယ်။ ရေကန်ထဲဝင်ပုန်းရလို့ စိုရွှဲနေတဲ့အဝတ်အစားတွေကို နီးစပ်ရာအိမ်တံခါးခေါက်ပြီး အကူအညီတောင်းဖြေရှင်းရတာ။ ကျနော့်ကို တခါမှမမြင်ဖူးဘဲ ကျောင်းသားမှန်းသိလို့ သူ့အင်္ကျီချွတ်ပေးလိုက်တဲသူက ထားဝယ်သားပါ။အဲ့ဒီအကိုက အလုပ်အဆင်မပြေသေးလို့တဲ့ အများကြီးမပေးနိုင်တာ တမျိုးမထင်ပါနဲ့ ငါ့ညီဆိုပြီး ကားခ ၁၅၀ ထုတ်ပေးခဲ့တယ်။ ဒါပေမယ့် ကျနော်က နယ်အထိသွားရှောင်ရမှာမို့ ပိုက်ဆံချေးဖို့ ကျောက်မြောင်းထဲ တက္ကစီဌားသွားတယ်။ ကားခကို ဟိုရောက်မှကျောင်းက အမတယောက်ဆီက အကူအညီတောင်းရတယ်။ အဲ့အမက မော်လမြိုင်သူ မွန်အမျိုးသမီး။ သူတို့ဘေးလမ်းက ကျနော့်သူငယ်ချင်း ရခိုင်လေးက အဲ့ဒီညအိပ်ဖို့ သူ့ကျောင်းက တရုတ်ကပြားညီအကိုအိမ်ကို ညမထွက်ရအမိန့်မကျော်ခင်ခေါ်သွားပေးလို့ ဒီနေ့အထိ အသက်ရှင်နေရတာ…။ ဆိုလိုတာက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲကာလတလျောက် လူမျိုးပေါင်းစုံပြည်သူလူထုကြီးဟာ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေကို စောင့်ရှောက်ခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။
ကျနော်တို့ကို ကူညီကယ်ဆယ်ခဲ့တာ သာမန်လက်လုပ်လက်စားပြည်သူတွေနဲ့ လူလတ်တန်းစား ပညာတတ်တွေပဲဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာနေတဲ့ ခရိုနီတွေလုံးဝမပါဝင်ပါဘူး။ အဲ့တော့ ကျနော်တို့ဟာ ဘယ်ဟာက ကျေးဇူးရှင်အစစ်အမှန်လည်းဆိုတာ သိနိုင်တဲ့ ဦးနှောက်တွေပိုင်ဆိုင်ထားပြီးသားပါ။ တရုတ်ဆီက ဆန်တွေရခဲ့လို့ တရုတ်ကျေးဇူးရှိပါတယ်ဆိုတဲ့ အောင်မင်းလို လူမျိုးကိုတောင် ပြင်းပြင်းထန်ထန်မပြောခဲ့ဘဲ ဗကသ ကျမှ ဟိုလူ့ကျေးဇူးမတင်လို့၊ ဒီလူ့ကျေးဇူးမတင်လို့ဆိုပြီး ပြဿနာရှာတာ မရိုးသားတဲ့နိုင်ငံရေးတိုက်ကွက်တခုကလွဲပြီး ဘာမှမဟုတ်ပါဘူး။ ထောင်ကအထွက်ကို သက်သက်မယ့် ချိုးထားချင်လို့ ဆိတ်အင်္ဂါအနာလုပ်ကြတဲ့ သူလျှိုဒလန်တွေရဲ့ ချက်အောက်ပိုင်းထိုးတဲ့အကွက်ပါပဲ။
ကျနော်တို့မြင်တာကတော့ နိုင်ငံရေးအမျှော်အမြင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကလေးဆန်ဆန် ကျေးဇူးတင်ခံချင်ရုံနဲ့ပြန်လွှတ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကို အားကိုးအားထားပြုပြီး ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ ပြန်လွှတ်တာပဲဖြစ်လိမ့်မယ်။ဒီချုပ်ဥက္ကဌရဲ့  နိုင်ငံတော်အတိုင်ပင်ခံပါဝါနဲ့ ကျနော်တို့ရဲ့ ဖိအား(လွှတ်တော်တွင်းနဲ့ပ) ပေါင်းစပ်သွားမှာစိုးလို့ စစ်အုပ်စုလော်ဘီတွေက အကြံဆိုးနဲ့ယုတ်မာနေကြတာလို့ မြင်ပါတယ်။ ထပ်ပြီး အနှစ်ချုပ်ပြောပါမယ်။ ဒီချုပ်ကို အစိုးရဖြစ်အောင်အားပေးခဲ့တဲ့ ပြည်သူရယ်၊ သပိတ်စစ်ကြောင်းတွေကို ကူညီပံ့ပိုးခဲ့တဲ့ပြည်သူတွေရယ်၊ ကျနော်တို့ဝရမ်းပြေးစဉ် ကျွေးမွေးခဲ့တဲ့ပြည်သူတွေရယ် အတူတူပါပဲ။ ပြည်သူသာ ကျေးဇူးရှင်အစစ်ဆိုတာ နိုင်ငံရေးသမားစစ်ရင် ခြွင်းချက်မရှိလက်ခံရပါလိမ့်မယ်။ ယုတ်မာတဲ့အကြံအစည်တွေ ရပ်တန်းကရပ်သင့်နေပါပြီ။
ရက်ပေါင်းလေးဆယ် တော၌လှည့်လည်ပြီးတဲ့အခါ ယုတ်မာတဲ့အကြံအစည်နဲ့ သွေးဆောင်ဖျက်ဆီးတဲ့ စေတန်ကို ယေရှုခရစ်ပြောတဲ့အတိုင်း ပြောရပါလိမ့်မယ်။ “ဟေ့ စေတန် နောက်သို့ ဆုတ်တော့ …
 ကျော်ကိုကို
၁၀.၄.၂၀၁၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကျော်ကိုကို – ကျနော်တို့ရဲ့ ကျေးဇူးရှင်

Comments are closed.