နိုင်ငံတကာရေးရာ

မောင်ဥက္ကလာ – တင်းနေသူ ခွေး သူခိုး

မောင်ဥက္ကလာ – တင်းနေသူ ခွေး သူခိုး 

(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၆ဖတ်မိသမျှ မှတ်သားစရာ ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစတချို့ ကို မျှဝေတင်ပြလိုက်ပါတယ်။ ဖော်ပြပါ သတင်းများသည် ဖွဘုတ်သတင်းမဟုတ်၊ တကယ့်ဖြစ်ရပ်မှန် သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

 

တင်းနေသူများ

ပြောပြချင်တဲ့ သတင်းထူးတွေအကြောင်း မပြောခင် မောင်ဥက္ကလာ တဆင့်စကား၊ အတွင်းစကားအရ ကြားသိထားတဲ့ တင်းနေသူတွေအကြောင်း ပြောပြချင်တယ်။အေးရာအေးကြောင်း ဘုန်းကြီးဝတ်၊ ရိပ်သာဝင် ဟိုငေးဒီမော့ တရားထိုင်ဖို့ ကြိုးစားနေပေမယ့် ရပ်ကျော်ရွာကျော် ဝက်ဝက်ကွဲ ခွက်ခွက်လန် ရှုံးခဲ့တာကို ဘယ်လို့မှ အလွယ်မေ့ဖျောက်မနိုင်။ ကိုးကွယ်ဆရာတော်ကြီးတွေက တရားရေအေး တိုက်ကျွေး ရှုံးခဲ့တာကို ရှုံးတယ်လို့ ကသိုဏ်းရှုမှတ်ဖို့ ကြိုးစားခိုင်းပေမယ့် နေ့မြင်ညပျောက် ရက်ပိုင်းအတွင်း မွှေ့ယမ်းလိုက်တဲ့ မယ်တော်ကြီးရဲ့  လုပ်ကွက်တွေကြောင့် အဘတို့အဖို့ ပုတီးလည်ပင်းပတ်ကာ ရင်ဘတ်စည်တီး တင်းရတော့တာပေါ့။

တင်းမယ်ဆိုလဲ တင်းစရာ … အကယ်ဒမီမရလို့ မရှိတဲ့အရှက် ဟတ်တက်ကွဲတယ်ဆိုပြီး ကယောင်ချောက်ချား၊ ကလေးကလား ပြောရှာတဲ့ မောင်ခင်လှိုင်လို ပြောလိုက်ချင်တာပေါ့ … ကြည့်လေ သမ္မတအထက်၊ နိုင်ငံတော် အတိုင်ပင်ခံ ရာထူးစုံတွေယူပြီး နာဂစ်ခြေဥကို (ဖဲကစားသလို) ချိုးချင်သလိုချိုး၊ ဝေချင်သလိုဝေ၊ ထိုင်ချင်တဲ့နေရာထိုင်ပြီး ကစားလိုက်တာ အဘတို့ အကွက်တွေ အကုန်ပျက်၊ လိုက်မမီ စိတ်ပျက်ကာ … သောက်ရမ်းတင်းတာပေါ့။

ဟော့ကြည့်အုံး … သင်္ကြန် မဏ္ဍပ်တွေ ဆောက်လုပ်ပြီး နှစ် (၂၀) ကျော် အပြတ်ကဲ၊ လုပ်ချင်ရာလုပ်၊ အမြတ်ထုတ်ကြတဲ့ အဘတို့ရဲ့  သားသမီးတွေက ဒီနှစ်မှာ ကဲခွင့်ကွဲခွင့်၊ “ရိုးရာပျက်” မဆင်နွှဲရတော့တာကို အပြတ်တင်းပြီး နေ့ချင်းညချင်း ကျားရုတ်(ရုပ်) ဖြစ်သွားတဲ့ ကျုပ်တို့အဘတို့ကို အပြတ်ကွိုင်းတော့တယ်။

အဲ့ဂလို အဘတို့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ခေတ်ပျက်ကြီးထဲမှာ ပျက်ချင်သလို ပျက်စီးခဲ့တဲ့ သားသမီးတွေရဲ့  မထီတရီ မထီမဲ့မြင် ပြောဆိုချက်တွေကို အဘတို့ မထွေးနိုင်မမျိုနိုင် တင်းရပြန်တယ်။ ဒါနဲ့မပြီး အဘတို့ကို သေချာပေါက် ဆော်မယ့် သံချပ်အုပ်စုတွေကို ဆင်ဆာမဲ့ (သံချပ်) ထိုးခွင့် ပြုလိုက်တော့ အဘတို့ နှစ်သစ်ကူးက ဘဝကူးထက် ခက်အုံးမယ်လို့ သွေးလေချောက်ချားဖြစ်ကာ တင်းရပြန်တယ်။

အခုလဲကြည့် ကာလုံကိုကျော်၊ ကျော်ချင်တဲ့သူတွေ အကုန်လုံး ကျော်ပြီး ဆူဆူပူပူလုပ်မယ့် အုပ်စုတွေကို လွှတ်လိုက်ပြန်တယ်။ မှတ်မိမှာပေါ့ … မနှစ်က ဒီအချိန်မှာ ကျောင်းသားဆို အပြတ်ဗြုန်းခဲ့တဲ့ အဘတို့က မလိုက်လျောမပေးနိုင်တဲ့ တောင်းဆိုချက်တွေကို တစာစာတောင်းခဲ့တဲ့ အမောင်ကျောင်းသူကျောင်းသားတွေကို ကမ္ဘာ့မီဒီယာမြင်ကွင်းအောက်မှာ လက်သပ်မွေးထားတဲ့ လက်ပတ်နီ လူရမ်းကားအုပ်စု၊ ရိုက်ချင်နှက်ချင်နေတဲ့ ရဲအုပ်စုတို့နဲ့ အပြတ်ရှင်းပြီး၊ ဥပဒေမဲ့ ချုပ်နှောင်းခဲ့တာကို အခုလို မျက်စိတလုံးပိတ်နေတဲ့ကြားက နိုင်ငံတော်အတိုင်ပင်ခံကြီးက လက်မှတ်တချက်ထိုး လွှတ်လိုက်တော့ တင်းတာပေါ့။

ဒီလို ဒီမိုကရေစီ အနိုင်ကျင့်မှု လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ကစပြီး အဘတို့လည်း လွှတ်တော်ထဲက သူတို့ ရွေးတင်ထားတဲ့ တမတ်သား ပင်စိမ်းတွေနဲ့အတူ မတ်တပ်ရပ်နေသွားမယ်လို့ အတိတ်ကောင်းစားချိန်ကို ဦးပုည (ဆဒ္ဒန်ဆင်မင်းဝတ္ထု) စကားနဲ့ ပြောရရင် … တစိမ့်စိမ့်အောက်မေ့၊ မဖြေနိုင် မဆည်နိုင် သည်းဆိုင်မှာ လောင်ခြစ် ကျမျက်ရည် ချောင်းဖြစ်အောင် အော်ဟစ်ငိုပြီး … တင်းနေတော့တယ်။

စစ်ခွေး

စစ်ခွေးဆိုလို့ ကိုယ်တွေ သိနေတဲ့ မိုက်မဲတဲ့ စစ်ခွေးတွေကို မျက်စိထဲ ပြေးမမြင်လိုက်နဲ့အုံး။ အခု ပြောမယ့် စစ်ခွေးက နယ်နယ်ရရ မဟုတ် … အာဂသတ္တိစွမ်းရည်နဲ့ ပြည့်စုံတဲ့ ခွေးမ (very good doggie) အကြောင်းပါ။ သူ့အမည်က လူကာ (Lucca)၊ အသက် (၁၂) နှစ် (ခွေးအသက်နဲ့ဆို ၁၂ x ၇ = ၈၄ နှစ်)။ သူက အမေရိကန် မရိန်းတပ်မှာ ဗုံးအနံ့ခံ စစ်သည်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ။ အမေရိကန်တပ်နဲ့ အာဖရိဂန်စစ်မြေပြင်ကို လိုက်ပါသွားပြီး (၆) နှစ်ကျော်ကာလမှာ ရှေ့ တန်းစစ်မြေပြင်မှာ အကြိမ် (၄၀၀) ကျော် မြေမြှုပ်ဗုံးတွေကို ရှာဖွေပေးခဲ့ကာ အမေရိကန် နဲ့ မဟာမိတ်တပ်သား အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး၊ နောက်ဆုံး တာလီဘန် အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မြေမြှုပ်ဗုံး (IED) ထိမှန်ပြီး ဘယ်လက် (ရှေ့ ခြေ) ဆုံးရှုံးပြီး အနားယူလိုက်တယ်။
ဒီလို စွန့်လွှတ်စွန့်စားမှုကြောင့် အမေရိကန်တပ်မတော်က ချီးမြှောက်တဲ့ ဆုတံဆိပ်တွေအပြင်၊ အခု အင်္ဂလန်နိုင်ငံရဲ့  အမြင့်ဆုံး ဆုတံဆိပ်တခုဖြစ်တဲ့ Dickin Medal ဆုတံဆိပ် (ပုံ) ကို ရရှိခဲ့တယ်။ ဒီလောက် တိုင်းကျိုးပြည်ကျိုး (တပ်မတော်အကျိုး) စွမ်းစွမ်းတမံ အသက်ပေးထမ်းဆောင်ခဲ့တဲ့ ခွေး၊ စစ်ရေးအတွေ့အကြုံပြည့်ဝ၊ အမြင်တွေရှိတော့ ရွှေပြည်မှာဆို နာဂစ်ခြေဥအရ၊ ပြီးတော့ (၇၅) ရာခိုင်နှုန်း ပင်နီတွေ တင်ပြပြောဆိုချက်တွေကို သင်္ကြန်ယိမ်းကသလို ညီညီညာညာ မတ်တပ်ရပ်ကန့်ကွက်နေတဲ့ တမတ်သား ပင်စိမ်းတွေ ထောက်ခံချက်နဲ့ —– ဖြစ်နိုင်တယ်။ ဒါပေမဲ့ လူကာ ကတော့ ငြင်းဆိုမှာ သေချာတယ်။သူခိုး

စွမ်းပကား ငါဟဲ့ ငထက်ဖြား လုပ်ကွက်ကို ကြည့်လိုက်အုံး … အမေရိကန်နိုင်ငံတောင်ပိုင်း ဖလော်ရီဒါပြည်နယ်သား အသက် (၂၅) နှစ်အရွယ် ဂျွန်နသန် ဟီဝတ် (Johnathan Hewett) ဆိုသူက အိမ်တအိမ်ထဲ ဖောက်ထွင်ခိုးဝင်ပြီး သေနတ်တလက် နဲ့ နာရီနှစ်လုံး ခိုးယူသွားတယ်။ သူခိုးအလုပ်နဲ့ အကျိုးပေးတော့ အိမ်မှာတပ်ထားတဲ့ လျှို့ ဝှက်ကင်မရာက သူ့လှုပ်ရှားမှုကို အမိအရ ဖမ်းယူထားတယ်။ သူ “သူခိုး” မဟုတ်ဘူးဆိုတာ ငြင်းလို့မရတဲ့အချက်က သူ့မျက်နှာမှာ ထိုးထားတဲ့ ထင်ရှားတဲ့ ဖလော်ရီဒါပြည်နယ်မြေပုံ ဆေးမင်ကြောင် နဲ့ စာတန်း “REDRUM” … အမှန်တော့ “MURDER” လူသတ်သမား စကားလုံးကို ပြောင်းပြန်ထိုးထားတာကို ဗီဒီယိုကင်မရာထဲမှာ ကွင်းကွင်းကွက်ကွက် တွေ့ရလို့ သက်ဆိုင်ရာက အရေးယူဖမ်းဆီးလိုက်တယ်။ ဒါကို သူက အကြောက်အကန် ငြင်းဆိုနေသေးတော့ သူ့လုပ်ရပ်က နှစ်ပေါင်း (၅၀) ကျော် တိုင်းပြည်ဘဏ္ဍာ၊ သယံဇာတတွေကို ထင်ရာစိုင်း ဗြောင်ယူခဲ့သူတွေလို့ ပြည်သူတွေက မင်ကြောင်ထိုး မှတ်ကျောက်တင်ထားတဲ့ကြားက ကယ်တင်ရှင်လို့ ဟစ်ကြွေးပြောဆိုချင်သူတွေလို ဖြစ်နေတယ်။ (The Palm Beach Post)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts