စာစုတို ဆောင်းလူ

ဆောင်းလူ – ငဖား

ဆောင်းလူ – ငဖား
(မိုးမခ) မတ် ၃၁၊ ၂၀၁၆

ငဖားတယောက် ဒီကနေ့ စိတ်တို့သည် ညစ်ညူး တုန်ခါလျှက်ရှိသည်။

ဒီကနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများသည် ငဖားရှေ့ရေး အတွက် မလွယ်။ ငဖား ပင့်သက်ကို အသာချလိုက်သည်။ အဖားမတော် လျှင် ငဖား၏ နည်းမျိုးစုံတို့သည် ဒီကနေ့တွင် နိဂုံးချုပ်နိုင်သည်ကို ငဖား သတိချပ်မိသည်။

အမှန်ပြောရလျှင် ငဖား ပျင်းသည်။
ထမင်းတလုပ်အတွက် ငဖား ပင်ပင်ပန်းပန်း အလုပ်မလုပ်နိုင်။
ပင်ပင်ပန်းပန်း ကိုယ့်အား ကိုယ်မကိုးချင်သော ငဖား နည်းလမ်းရှာရ၏။

ငဖား ဒီဘ၀ကိုရောက်အောင် မနည်း မနည်းကို ဖားခဲ့ရသည့်အတွက် ငဖားအတွက် မလွယ်ကူဟု ငဖားပြောနိုင်သည်။

လူတို့က ငဖားအား … အားလျှင် ဖားယားနေသည်ဟုသည် ပြောတတ်ကြသည်။ အမှန်တော့ ငဖား၏ ဖားခြင်းတို့သည် ပေး ဆပ်မှုအပြည့်နှင့်ပင်။ ငဖား ဖားနေသည်ကိုကပင် ငဖားအလုပ် ငဖားလုပ်နေခြင်းဖြစ်၏။

တချို့သည် အမြှောက်ကြိုက်၏။
တချို့သည် အကြောက်ကြိုက်၏။
တချို့သည် အပင့်ကြိုက်၏။

အမြှောက်ကြိုက်သူတို့အား အကြိုက်ကိုလိုက်၍ မြှောက်ပင့်မြှူဆွယ် ဖားယား၏။
အကြောက်ကြိုက်သူတို့ကို ခြောက်လှန့်ဟိတ်ဟန်ထုတ်၍ မျက်နှာလို မျက်နှာရ ဖားယားရ၏။
အပင့်ကြိုက်သူတို့အား ပင့်ခြင်း မခြင်းဖြင့် ဖားယားရပြန်၏။

အဘတို့နှင့်တုန်းကလည်း အဘ အဘ ဟု ပါးစပ်အမြှုပ်ထွက်သည်အထိ ငဖား ဖားယားခဲ့၏။
သမတနှင့်တုန်းကလည်း မပါသည့် “ကြီး” အားပါးတရဖြည့်ကာ သမတကြီး …သမတကြီးဟု ငဖားပါးစပ် အမြှုပ်စီမတတ် ငဖား ဖားခဲ့ ယားခဲ့၏။

ထို့သို့ အရှင်ဆိုလျှင်လည်း အရှင် …
သခင်ဆိုလျှင်လည်း သခင်ဟု ဖားယားခဲ့နိုင်၍သာ ငဖားအိတ်တို့ဖောင်းခဲ့ခြင်းဖြစ်၏။

အနှီ လူမျိုးအဖုံဖုံတို့ကြားတွင် ငဖား အမြှုပ်တစီစီထွက်အောင် ဖားယားခြင်းဖြင့် ငဖား၏ ပေးဆပ်မှုတို့သည် ထိုမျှ ကြီးမား လှ၏။

လူတို့သည် ငဖားအား ထမင်းတလုပ်အတွက်ဖြင့် ဖားယားနေသည်ဟု ပြောကြပေလိမ့်ဦးမည်။
အမှန်က ငဖားအလုပ် ငဖားလုပ်နေခြင်းသာဖြစ်၏။
တကယ့်အမှန်တရားက ငဖားအလုပ် ငဖားလုပ်နေခြင်းသာဖြစ်၏။

ငဖား အလုပ်လုပ်ရမည်ကို ပျင်း၏။
ထမင်းတလုပ်အတွက် အလုပ်လုပ်ရမည်ကို ငဖားပိုပျင်း၏။
ထို့အတွက် ငဖား၏ နည်းမှန် လမ်းမှန်သည် ဖားခြင်း ယားခြင်း ပင်ဖြစ်၏။

တနည်း ထိုအရာတို့သည် ငဖား အလုပ်လုပ်နေခြင်း ဖြစ်သည်။

မတ် ၃၀၊ ၂၀၁၆
၁း ၄၈ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts