ဒီလူည – ရေများ

March 23, 2016

 ဒီလူည – ရေများ
(မိုးမခ) မတ် ၂၃၊ ၂၀၁၆

“ကျွန်တော့်ကို ရေအေးအေးတစ်ခွက်လောက်တိုက်ပါ”
“ကျွန်တော့်မှာ ရေခန်းနေပြီ”
ရေမရှိရင် ကမ္ဘာကြီး အသက်ရှင်နိုင်ရဲ့လား
သောက်ရေ သုံးရေ ချိုးရေ ရေသန့် မိုးရေ မျက်ရည်
ရေဟာ အတောင့်တဆုံးဓာတ်စာ ကိုယ်ခန္ဓာရဲ့ အာဟာရ
စိတ်ရဲ့လိုအင် ဒြပ်ဝတ္ထုတွေရဲ့ ကျိန်စာ
ဒါပေမယ့် အရှိန်အဟုန်နဲ့
ရေဟာ ရေလိုစီးဆင်း ရေဟာ ရေလို ကျင့်ကြံ
ရေဟာ ရေလို လှိုက်စား
ရေဟာ ဟစ်တလာကို သယ်ဆောင်ခဲ့တယ်
ရေဟာ သခင်ကိုယ်တော်မှိုင်းကို သယ်ဆောင်ခဲ့တယ်
ရေဟာ တရိပ် ရိပ်တက်လာတယ်
ရေဟာ တဖြည်းဖြည်း ခိုင်မြဲလာတယ်
“ခင်ဗျားမှာ ရေရှိလား”
“ခင်ဗျား ရေချိုးပြီးပြီလား”
ရေ ဟုတ်တယ်
ရေတွေဟာ ဖွေးဖွေးလှုပ်လှုပ် ပျော်လို့
အဲဒီပျော်ဝင်မှုမှာ ရင်ဘတ်တွေပါတယ်
ဂုဏ်တွေပါတယ် ကိုယ်ကျင့်တရားတွေ ပါတယ်
မျက်ရည်တွေပါတယ်
ရေဟာ လူ့ကျန်းမာရေးကို ကောင်းမွန်/ ဆိုးရွားစေတယ်
ရေဟာ လူ့သမိုင်းကို စတင် / ဖျက်ဆီးတယ်
ရေဟာ အ ရေးကြီးလား/အရေးငယ်လား တစ်ခုခုပဲ
ငါတို့ ရေဆာ ကြတယ်/ ရေငတ်တယ်
ငါတို့ဟာ ရေကို အမဲလိုက်သလို သဲသဲမဲမဲ တူးဆွ/ရှာ ဖွေတယ်
မြေ အောက် ပေ ၆၀ အထိ
မြေ အောက် ပေ ၂၀၀ အထိ
မြေ အောက် ပေ ၆၀၀ အထိ
ခုဆို
ရေဟာ ပညာသားပါပါနဲ့ အသားစတွေကို လှီးထုတ်နေတယ်
သော့တွေကို ဖြုတ်နေတယ် တံခါးကိုဖွင့်နေတယ်
မြေစိုင်တွေကို ရေတွေလှုပ်လာပြီ
ခင်ဗျား ခံနိုင်ရည်ရှိလား
ရေဟာ အဏုမြူထက် ပြင်းတယ် နေထက်ပူတယ်
ကြည့်! ကျွန်တော် ကျောပေါ်က ရေလောင်ဒဏ်တွေ
အညိုအမဲ မရှိဘူး အမာရွတ် မကျန်ဘူး
ဒါပေမယ့်
ကျွန်တော် ရေလောင်နေတယ်လို့ပြောရင်
ခင်ဗျား လက်ခံနိုင်မလားကိုယ့်လူ။  ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

Archives