တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားပြီ

တူမောင်ညို – ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားပြီ
(မိုးမခ) မတ် ၂၃၊ ၂၀၁၆

သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်သွင်းတဲ့ ဝန်ကြီးဌာန ၂၁ ဌာန အမည်စာရင်း၊ ဝန်ကြီး ၁၈ ဦးအမည်စာရင်းတွေ ပေါ် လာပါပြီ။

တကယ်တော့ ဝန်ကြီးဌာနအရေအတွက်ဆိုတာ သမ္မတရုံးခန်းထဲမှာ အဆင့်လိုက်ရှိတဲ့ ဘီရိုအံဆွဲတွေလိုပါပဲ။ အချိန်မရွေး လိုတိုး/ပိုလျှော့လုပ်နိုင်ပါတယ်။  ဒိအတွက် ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၂၀၂ ၊ ပုဒ်မခွဲ (က) နဲ့ (ခ) မှာ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

လွှတ်တော်က အတည်ပြုတဲ့ ဝန်ကြီးဌာန ၂၁ ခုနဲ့ဝန်ကြီး ၁၈ ဦးထဲမှာ ပထမဦးစွာ သတိပြုမိတဲ့အချက်က ဒီချုပ်အစိုးရသစ်က လုံးဝ ဖျက်သိမ်းပစ်လိုက်တဲ့ ဝန်ကြီးဌာနရယ်လို့ မရှိပါဘူး။

ဝန်ကြီးဌာန ၂၁ ခုမှာ ဒီချုပ်ပါတီအစိုးရသစ်က တို့ခြင်း၊ ထိခြင်းမပြုတဲ့ ဝန်ကြီးဌာန ၉ ခုရှိပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံ ထားရသူရဲ့ရှင်းလင်းတင်ပြချက်မှာပါဝင်တဲ့ အသုံးအနှုန်းက “ လက်ရှိပကတိအခြေအနေအရ — မူလအတိုင်းထားရှိမည် ” လို့ သုံးနှုန်းပါ တယ်။ အဲဒါတွေကတော့

၁။ နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂။ ပြန်ကြားရေးဝန်ကြီးဌာန၊
၃။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
၎။ ကာကွယ်ရေး ဝန်ကြီးဌာန၊
၅။ နယ်စပ်ရေးရာဝန်ကြီးဌာန၊
၆။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
၇။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
၈။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊
၉။ စက်မှုဝန်ကြီးဌာန — ဖြစ်ပါတယ်။

ကျန်တဲ့ ဝန်ကြီးဌာန(၂၆ ခု) ကို “မျိုးတူ၊ ဘာသာရပ်တူ၊ လုပ်ငန်းသဘောတူ” ပေါင်းပစ်လိုက်တော့ ဝန်ကြီးဌာနက ၁၀ ခုဖြစ် လာပါတယ်။

အသစ်ဖွဲ့စည်းမယ့်  ဝန်ကြီးဌာနတစ်ခု ဖြစ်တဲ့ “တိုင်းရင်းသားရေးရာဝန်ကြီးဌာန” နဲ့ပေါင်းရင် အစိုးရသစ်က ဖွဲ့စည်းမယ့် ဝန်ကြီး ဌာန စုစုပေါင်း (၂၀) ပဲရှိပါသေးတယ်။

ဒီတော့ ဘယ်စာရင်းထဲမှာမှ မပါတဲ့ ဝန်ကြီးဌာနတစ်ခုကျန်ရှိနေပါတယ်။

အဲဒီဌာနကတော့ “ ပြည်ထဲရေးဝန်ကြီးဌာန” ဖြစ်ပါတယ်။

ထူးခြားတာက ပြည်ထဲရေးဝန်ကြီးဌာနကို “လက်ရှိပကတိအခြေအနေအရ — မူလ အတိုင်းထားရှိမည်” ဆိုတဲ့စာရင်းမှာလည်း မဖော်ပြသလို၊ “မျိုးတူ၊ ဘာသာရပ်တူ၊ လုပ်ငန်းသဘောတူ” စာရင်းမှာလည်း ဖော်ပြထားတာ မတွေ့ရဘူး။ ဒီချုပ်ပါတီအစိုးရအသစ် အနေနဲ့ (လုံးဝ) တို့လို့၊ ထိလို့မရတဲ့ဝန်ကြီးဌာနဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဘယ်စာရင်းမှာမှ မပါဝင်တာဖြစ်မှာပါ။

ဒါကြောင့် “အရေအတွက်” ဘက်မှာလည်း ဒီချုပ်ပါတီဘက်မှာ အကန့်အသတ်ရှိတယ်ဆိုတာ ဝန်ကြီးဌာနစာရင်းကို ကြည့်ပြီး ပြောရင်ရပါတယ်။

“မျိုးတူ၊ဘာသာရပ်တူ၊လုပ်ငန်းသဘောတူ”ဝန်ကြီးဌာနတွေပေါင်းပစ်လိုက်တော့ ဖောင်းပွနေတဲ့ ဝန်ကြီးအရေ အတွက် တော့လျှော့ကျသွားသလို ဒီချုပ်ပါတီအစိုးရသက်တမ်း ၅ နှစ်အတွင်း အဲဒီဝန်ကြီးတွေကိုပေးနေရတဲ့ လစာနဲ့စရိတ်တွေ လျှော့ကျ သွား ပါတယ်။ လစာစရိတ်၊အဆောင်အယောင်နှင့် အသုံးစရိတ်သန်းပေါင်း(၅၀၀၀) လောက် နိုင်ငံတော်အတွက် ခြိုးခြံချွေတာနိုင်မှာဖြစ်တယ် လို့ တွက်ချက်ဖော်ပြထားပါတယ်။ ဒါကောင်းတဲ့ကိစ္စပါပဲ။ ကြိုဆိုရမှာပါ။

တကယ်ဖြတ်တောက်လျှော့ချပစ်ရမယ့် အသုံးစရိတ်က ကာကွယ်ဝန်ကြီးဌာနနဲ့စစ်တပ်က သုံးနေတဲ့ စစ်အသုံးစရိတ်တွေဖြစ် ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောနေသလို တပ်မတော်မွေးမြူရေးကြက်ခြံကထွက်တဲ့ကြက်ဥရောင်းလို့ရတဲ့ငွေနဲ့ ထေလို့ချေ လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်တွင်းစစ်ကို လုံးဝရပ်ပစ်နိုင်မှသာ ထိထိရောက်ရောက်ချွေတာနိုင်မှာပါ။ ဝန်မင်းတို့အသုံး စရိတ်တော့ ချွေတာ နိုင်ပါရဲ့စစ်အသုံးစရိတ်မချွေတာနိုင်ရင် ဒီချုပ်ပါတီအစိုးရအဖို့ “အိတ်ပေါက်နဲ့ဖားကောက်”သလိုပဲပြောရမလား၊“ခြင်းကြားကြီးနဲ့ရေသယ်” နေတယ်လို့ပဲဆိုရမလား နှစ်ခုစလုံးပဲဖြစ်မလား။

ဒါကြောင့် ဒီချုပ်ပါတီအစိုးရသစ်အနေနဲ့ စစ်အသုံးစရိတ်လျှော့ချဖို့လိုအပ်ပါတယ်။ တိုင်းပြည်မွဲတေနေတဲ့အချိန်မှာ စစ်တပ်က ယူနီဖောင်းသစ် သုံးလေးစုံနဲ့ ဂိုက်ထုတ်တာဟာ ဆန်မရှိအစားကြီးတဲ့လုပ်ရပ်သာဖြစ်ပါတယ်။

ယူနီဖောင်းအသစ်ပြောင်းဝတ်တာနဲ့ “စတင်းဒတ်အာမီ” ဖြစ်မလာပါဘူး။  စစ်တပ်က စစ်တပ်နေရာပြန်သွားမှသာ စတင်းဒတ် အာမီ ဖြစ် ရေးကို တည့်တည့်တန်းတန်းဦးတည်နိုင်မှာပါ။ နိုင်ငံရေးနဲ့စီးပွားရေးမှ ဗိုလ်ကျလွှမ်းမိုးခြယ်လှယ်နေသမျှ ပေမှီ ဒေါက်မှီ အာမီဖြစ်မလာနိုင်ပါဘူး။ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိလာမှာပါ။ ၁၉၆၂ ကနေ ကနေ့အထိ စစ်တပ် က တိုင်းပြည်ရဲ့နိုင်ငံရေးစီးပွားရေး ဘက်ပေါင်းစုံခြယ်လှယ်အုပ်စီးခဲ့တာပါ။

စစ်တပ်ကအုပ်စိုးခဲ့တဲ့ ရာစုနှစ်ဝက်ကျော်ကာလအတွင်း တိုင်းပြည်နဲ့လူထုဘက်ပေါင်းစုံမွဲပြာကျ သွားတာကို လေးလေးနက် နက် သင်ခန်းစာယူသင့်လှပါပြီ။

ဒီတော့ ပြည်တွင်းစစ်ကိုရပ်ကိုရပ်ရမယ်။

ပြည်တွင်းစစ်ကို ရပ်မယ်ဆိုရင် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့ အခြေခံပေါ်မှာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ်။

ဒီချုပ်ပါတီအစိုးရက “တိုင်းရင်းသားရေးရာဝန်ကြီးဌာန” အသစ် ဖွဲ့စည်းလာပါတယ်။ မွန်အမျိုးသားဖြစ်တဲ့ နိုင်သက်လွင်ကို ဝန်ကြီးအဖြစ်လျာထားတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။

တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးမှုနောက်ကျနေတာ စာပေမတတ်လို့၊ လမ်းပမ်းဆက်သွယ်ရေးမလွယ်ကူလို့ ဆိုတာ အဓိက အချက် မဟုတ်ပါဘူး။ တက္ကသိုလ်တွေကောလိပ်တွေ (နဝတ-နအဖ) စစ်အစိုးရက တံတားတွေလမ်းတွေနဲ့အပြိုင်ဆောက်ခဲ့ဖောက်ခဲ့တာပဲ။ ဒီလိုဖောက်တာ သူတို့ “ဇီးသီးစားနိုင်ဖို့” ဂွင်ဖန်ခဲ့တာတွေသာ ဖြစ်ပါတယ်။

လက်တွေ့မှာ တိုင်းရင်းသားပြည်သူတွေရဲ့ဘဝဟာ မွဲတေမြဲဆင်းရဲမြဲပါပဲ။  အဓိကအချက်ဟာ ပြည်တွင်းစစ်ကြောင့်ပါပဲ။ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနဖွဲ့ပြီး ပြည်တွင်းစစ်မရပ်စဲနိုင်ရင် ဘာမှသိပ်ထူးခြားမယ်မထင်ပါဘူး။ အာဏာရလာမယ့် အစိုးရအနေနဲ့ တိုင်းရင်းသား တွေ ကို မြူဆွယ်မက်လုံးပေးစရာ ဝန်ကြီးနေရာတစ်နေရာပဲဖြစ်နေပါလိမ့်မယ်။

ဒါကြောင့်ပြည်တွင်းစစ်ရပ်စဲရေးဟာ ဒီချုပ်အစိုးရသစ်အဖို့ပြောလည်းပြော မဖြစ်မနေလက်တွေ့လုပ်ရမယ့် လုပ်ငန်းလည်းဖြစ် ပါတယ်။ “၂၁ ရာစု ပင်လုံ” ဆိုတာကို ၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်လာတဲ့သူတွေနဲ့ သို့မဟုတ် ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ သူတွေနဲ့သာကျင်းပမယ်ဆိုရင် တကယ့်ပင်လုံစိတ်ဓာတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ထောင်နိုင်ဖို့ မလွယ်ကူပါဘူး။

သမ္မတအဖြစ်သစ္စာဆိုကျမ်းကျိန်ဆိုပြီးရင် ဖောင်းပွဝန်ကြီးနဲ့ ဝန်ကြီးဌာနတွေလျှော့ချပစ်နိုင်သလို နိုင်ငံရေးအကျဉ်းသားတွေ၊ ဂင်းနစ်စာအုပ်မှာရုံးထွက်စံချိန်သစ်တင်ရမယ့် အဖမ်းဆီးခံနဲ့ဝရမ်းပြေးနေရတဲ့ ကျောင်းသားလူငယ်တွေအတွက်ဘယ်လို အစီအစဉ်တွေရှိ ပါသလဲ။

နောက်ဆုံးတင်ပြလိုတာက ဝန်ကြီး ၁၈ ဦးအမည်စာရင်းထိပ်ဆုံးမှာ  ဒေါ်အောင်ဆန်းစုကြည်နာမည်ကို တွေ့ရတော့  “သမ္မ တ အထက်မှာရှိမယ်၊ နိုင်ငံ့ဥသျှောင်၊ ဝန်ကြီးချုပ်” စတဲ့ လေတလုံးမိုးတလုံး ကောလဟာလတွေလည်း တစခန်းရပ်သွား တော့မယ်လို့ တွေးထင်မိပါတယ်။

ဒိထက်အသေချာဆုံးအချက်ကတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားပြီဆိုတဲ့ အ ချက် ဖြစ်ပါတယ်။

photo credit : cnn


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်သွားပြီ
  1. This article is, as usual, useless. Tu Maung Nyo does not bring any new idea. Instead, he continues to try destructively criticising Daw Aung San Suu Kyi and NLD.

  2. ပြည်တွင်းစစ်ရပ်ဖို့က အရေးကြီးဆုံးဆိုတာမလား။အနော်မတွေးတတ်တော့ဘူး။

Comments are closed.