ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

ကျော်ဇော (ဗိုလ်ကျော်ဇော) – လေထီးဗိုလ်အုန်းမောင်

ကျော်ဇော (ဗိုလ်ကျော်ဇော) – လေထီးဗိုလ်အုန်းမောင်
(မိုးမခ) မတ် ၅၊ ၂၀၁၆

လေထီးဗိုလ်အုန်းမောင်မှာ ထောင်သက်ရှည်ရုံမက ကျွန်းလည်း နှစ်ကျွန်းသုံးကျွန်းပြန်ဖြစ်ကာ နောက်ဆုံးမှထောင်က လွတ် လာသူဖြစ်ပါတယ်။ သူထောင်ကလွတ်လာတော့ ကျွန်တော်တို့တတွေ ဘာနိုင်ငံရေးလှုပ်ရှားမှုမှ လုပ်၍မရတော့ပါ။ တခါ တခါ ကျွန်တော့်အိမ်တွင် ဆုံတတ်ကြပြီး ရှေးဟောင်းနှောင်းဖြစ်များသာ ပြောဖြစ်ကြပါသည်။

သူ့ဇနီးလည်း အတော်တော်သည့် အမျိုးသမီးဖြစ်သည်။ ကိုအုန်းမောင်မှာ ထောင်ကလွတ်လာပြီးလည်း ဘာမှမလုပ်ဘဲ ဇနီး က ဈေးရောင်းကျွေးတာပဲရှိသည်။ သူတို့တွင် သမီးလေးတယောက်လည်းရှိပါသည်။

ကိုအုန်းမောင်မှာ အလွန်သဘောသကာရကောင်းပြီး စိတ်နှလုံးနှိမ့်ချသူဖြစ်ကာ စကားလည်း များများမပြောတတ်ပါ။

ကျွန်တော်သည် ၁၉၇၃-၇၄ ခုနှစ်လောက်က သူ့အား ကျွန်တော့်အတွက် ကွန်မြူနစ်ပါတီနှင့် ဆက်ပေးရန်ပြောဆိုရာ သူက ကြိုးစားပေးမည်ဆိုပြီး အထက်ဗမာပြည်တက်သွားပါတော့သည်။ တလကျော်ကျော်အကြာတွင်မှ ပြန်ရောက်လာပြီး ဘယ် လိုမှ အဆက်မရဟုဆိုလာသဖြင့် ကျွန်တော် လက်လျှော့လိုက်ရပါသည်။

ကျွန်တော်ကပါတီထဲရောက်မှသိရသည်မှာ ထိုကာလက ပဲခူးရိုးမ ပြုတ်သွားပြီဖြစ်သဖြင့် ပါတီ၏မြေအောက်လုပ်ငန်းကို အရှေ့မြောက်ဒေသက စုစည်းလိုက်ပြီး အသစ်ပြန်ဖွဲ့စည်းပြုပြင်နေရာ လူဟောင်းများကို ဘယ်သူ့ကိုမှမဆက်သွယ်တော့ဘဲ လူသစ်များနှင့်သာ စတင်လှုပ်ရှားနေသဖြင့် ကိုအုန်းမောင်အနေနှင့် ဘယ်လိုမှအဆက်ရှာမရ ဖြစ်ဟန်ရှိပါသည်။

ကျွန်တော်သူ့အကြောင်းရေးနေစဉ်မှာပင် သူရေးခဲ့သည့် “အနှစ် ၅၀ ကြာပြီးသောအခါ’’ ဆောင်းပါးများကို စုစည်း၍ စာအုပ် ထုတ်မည့်သူများက ကျွန်တော့်အမှာစာရေးခိုင်းရာ ကျွန်တော်ရေးပေးရသဖြင့် ဤနေရာတွင်ကို အုန်းမောင်ကို ဂုဏ်ပြုသောအားဖြင့် ထိုအမှာစာကို ထည့်သွင်းဖေါ်ပြလိုက်ပါသည်။

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော၏အမှာစာ ….
ကျွန်တော်တို့၏ ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုတိုက်ပွဲစဉ်အတွင်း နိုင်ငံခြားသို့ထွက်၍ အကူအညီရှာဖွေသည့် လူငယ် အုပ် စုနှစ်စုရှိခဲ့ပါသည်။ တစုကတော့ အရှေ့ဖက်ထွက်ပြီး တစုကတော့ အနောက်ဘက်ထွက်ခဲ့ကြပါသည်။ အမိဗမာပြည်ကြီး လွတ်လပ်ရေးရရန်ဆိုသော တခုတည်းသော ရည်မှန်းချက်အောက်တွင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ပါသည်။ အရှေ့ဘက်ထွက်ကြ သူများသည် ဂျပန်သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာကာ အနောက်ဘက် ထွက်ကြသူများကတော့ အိန္ဒိယသို့ရောက်ပြီး ဦးသိန်းဖေမြင့်ဦးစီးသည့် လေထီးဆင်းရဲဘော်များဖြစ်လာပါတော့သည်။

ဤနည်းဖြင့် ကျွန်တော်သည် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ကျော်ဇောဖြစ်လာပြီး သူကတော့ လေထီးဗိုလ်အုန်းမောင်ဖြစ်လာပါ တော့သည်။

ကျွန်တော်တို့သည် ခေတ်ပြိုင်နိုင်ငံရေးသမား တော်လှန်ရေးသမားများဖြစ်ခဲ့ကြပြီး ၂၀ ရာစုနောက်ဆုံးပိုင်းကာလများ၏ မျိုးဆက် ရဲဘော်ရဲဘက် တိုက်ဖော်တိုက်ဖက်များအဖြစ် တာဝန်အသီးသီး ထမ်းဆောင်ခဲ့ကြပြီး ထိုမျိုးဆက်များ၏ သမိုင်း ပေးတာဝန်ဖြစ်သော ကိုလိုနီဗမာနိုင်ငံကို လွတ်လပ်သည့်ဗမာနိုင်ငံအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြပေသည်။ ကျွန်တော်သည် ကျွန်တော့်ဘ၀အတွက် ဤသမိုင်းပေးတာဝန်ကြီးကို ထမ်းဆောင်ခွင့်ရခဲ့ခြင်းအပေါ် အကျေနပ်ဆုံးဖြစ်ရသလို ရဲဘော်ကြီး ဗိုလ် အုန်းမောင်အတွက်လည်း အလားတူ ကျေနပ်စရာ နှစ်သိမ့်စရာဖြစ်ပေလိမ့်မည်ဟု ထင်ပါသည်။ ထို့ကြောင့်ပင် သူက “ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ဘ၀အတွက် ကျွန်တော်ဂုဏ်ယူပါတယ်’’ ဟူသောစကားကို ပြောခဲ့ခြင်းဖြစ်ဟန်တူပါသည်။ကျွန် တော်တို့သည် အမိနိုင်ငံကြီးကို နိုင်ငံရေးအရ လွတ်လပ်သည့်နိုင်ငံအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း ခေတ်မီတိုးတက်ဖွံ့ ဖြိုးသော ခေတ်သစ်ဗမာပြည် ထူထောင်ရေးလုပ်ငန်းများကိုတော့ အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါ။ ကျွန်တော်တို့မျိုးဆက် ဟောင်းများ၏ ဤမပြီးဆုံးသေးသော သမိုင်းတာဝန်များကို ၂၁ ရာစုသစ်မှ မျိုးဆက်သစ်လူငယ်များက ပြီးစီးအောင် ဆက်လက်ထမ်းဆောင် လုပ်ကိုင်ပေလိမ့်မည်။

လူသားများသည် မိမိရှေ့မျိုးဆက်ဟောင်း၏ ပခုံးထက်မှနေ၍ လူသားတာဝန်များကို ထမ်းဆောင်ရသဖြင့် ထိုရှေ့မျိုးဆက် ဟောင်းများထက် သာအောင်လုပ် ကိုင်ဆောင်ရွက်နိုင်ရမည်။ ထို့ပြင်နောင်လာနောက်သား မျိုးဆက်သစ်များမိမိတို့ထက် သာအောင်လည်း အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးခဲ့ရပေမည်။ သို့မှသာ လူသားတယောက်၏ တာဝန်ကျေပြွန်သည်ဟု ဆိုနိုင်ပေမည်။

ရဲဘော်ကြီးဗိုလ်အုန်းမောင်၏ “အနှစ် ၅၀ ကြာပြီးသောအခါ’’ သည် နောင်မျိုးဆက်သစ် လူငယ်များအား စိတ်ဓာတ်ခွန်အား ဖြည့်တင်းပေးရာ သင်ခန်းစာများယူစရာ သမိုင်းအတွေ့အကြုံ အဖြစ်အပျက်များကို သူပါဝင်ခဲ့သည့်အခန်းက ပြည့်စုံစွာ ရေး သားဖေါ်ပြထားသဖြင့် သူမကွယ်လွန်ခင် ပြောခဲ့သည်ဆိုသည့် “ခင်ဗျားတို့နဲ့အတူ ကျွန်တော်ရှိနေဦးမှာပါ” ဆိုသည့်စကား၏ အဓိပ္ပါယ်ကို အပြည့်အ၀ဆုံး အလေးနက်ဆုံး ဖော်ထုတ်ပြသနေပေသည်ဟု ကျွန်တော်ထင်မြင်နေမိပါသည်။ ထိုစကားစု သည် သူ၏စိတ်ဓာတ်ကြံ့ခိုင်မှု ဇွဲနပဲကြီးမှု ဗမာပြည်ကြီး ခေတ်မီတိုးတက်သောနိုင်ငံ မဖြစ်နိုင်သေးခြင်းအပါ် တာဝန်မကျေ လေခြင်း ဟုအားမလိုအားမရဖြစ်နေမှု တို့ကိုဖော်ပြနေပြီး နောက်မျိုးဆက်သစ်အတွက်တော့ အလွန်ထိရောက်သည့် အား ပေး ၀ိုင်းရံ ထောက်ခံသွားသည့် စကားစုလည်းဖြစ်ပေတော့သည်။

ရဲဘော်ကြီးဗိုလ်အုန်းမောင်ကား တမျိုးသားလုံးအတွက် သူ့တာဝန်သူ့အခန်းကို ဘ၀တလျှောက်လုံးကျေပြွန်စွာ ထမ်းဆောင် သွားသည့် ဗမာပြည်ကြီး၏ ဂုဏ်ယူဖွယ်သားကောင်းတယောက်ဖြစ်ပါသည်။

ရဲဘော်ကြီးဗိုလ်အုန်းမောင်၏ “ကိုယ်ကျိုးမဖက် ရိုးရိုးကုပ်ကုပ် နေထိုင် သတ္တိရှိရှိ လုပ်ကိုင်သည့်စိတ်ဓာတ်’’ ထာဝစဉ် အဓွန့်ရှည်ပါစေ။

သွားနှင့်ပြီဖြစ်ကြသော ရဲဘော်ကြီးတို့အားလုံးကို သတိရလွမ်းဆွတ်လျှက် ….

ကျော်ဇော
(ဗိုလ်ကျော်ဇော)
၁၆-၃-၂၀၀၇

မှတ်ချက်။
လေထီးဗိုလ်အုန်းမောင် (၁၉၁၉-၂၀၀၁) ကွယ်လွန်ခြင်း ၁၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ၏ ကိုယ်တိုင်ရေးအတ္ထုပွတ္တိပေါင်းချုပ်- ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ … (ဓူဝံစာပေ) စာအုပ်မှ  နှာ၂၃၅-၂၃၇-ကို ကူးယူ ဖေါ်ပြလိုက်ပါတယ်။

လှကျော်ဇော ကောက်နှုတ်သည်။
၅-၃-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts