ကဗျာ အောင်ဝေး

အောင်ဝေး – အိ မ် ပြ န် သွား သူ ကြီး

Photo – MoeMaKa, Dec 2008, LA
 

အောင်ဝေး – အိ မ် ပြ န် သွား သူ ကြီး

(မိုးမခ) မတ် ၁၊ ၂၀၁၆

မှိုင်းရိပ်ကယ်တည့်

ဝေမှောင်

မစ်ရှီဂန်အနောက်တောင်က

နှင်းမှောင်ကန္တာရထဲမှာပါဆရာ။

ဆွတ်ဆွတ်မှောင်လေတဲ့

တောက်လောင်အေးခဲ

နှင်းမုန်တိုင်းထဲမှာပါဆရာ။

မစ်ရှီဂန်

အနောက်တောင်ပိုင်းဟာ

နှင်းလှိုင်းအဖြတ်

နှင်းတံတိုင်းခတ်လို့ 

(မြင်းရိုင်းကို)

နှင်းရိုင်းသတ်တဲ့ည။

မျှော်လေတိုင်း

ပြာခြေဆိုင်း

ဝေမှိုင်း

မြူမှောင်ချယ်နေတော့တာပါပဲဆရာရယ်။

ဟောဒီမဲဇာမှာ

ဟောဒီ

မစ်ရှီဂန်ဆိုတဲ့မဲဇာမှာလေ

အောင်ဝေးဟာ

နှင်းမုန်တိုင်းထဲ

ငန်းရိုင်းတွေပျံသလို

ရှင်ပြန်နေတဲ့ကောင်ပါ။

ဒါပေမဲ့

ဒီတစ်ညမှာ

နှင်းရိုင်းသတ်တဲ့ညမှာ

ခရမ်းပြာမြင်းရိုင်းဟာ

ဗိုင်းခနဲ ဗိုင်းခနဲ

ငှက်ကြီးတောင်ဓားနဲ့ ပိုင်းလိုက်သလို

သမိုင်းထဲ

ပစ်လဲမကျပေမဲ့

စစ်အာဏာရှင်ခေတ်ထဲ

မသေဘဲ

လူးလဲထလာသလိုပါပဲဆရာ။

ဒီ နှင်းရိုင်းသတ်တဲ့ညမှာ

မြင်းရိုင်းဟာ

တုန့် ခနဲ ပတတ်ရပ်

ဇက်ခွံ့ ပြီးအရှီန်သတ်လိုက်ရတယ်။

မှောင်မိုက်လွန်းလှချည်ရဲ့ 

ပြည်ပြေးဘဝ

ဆရာဆုံးပြီဆိုတဲ့သတင်း

နှင်းမုန်တိုင်းက

သယ်လို့ လာတဲ့ညမှာပဲပေါ့ ။

ကျနော်က

မစ်ရှီဂန်မဲဇာမှာ

ဆရာက

လာ့စ်ဗေးဂတ်ဆိုတဲ့

ကာစီနိုကန္တာရမှာ။

ကျနော်တို့ ဟာ

ပြည်ပြေးတွေလား

ကျနော်တို့ ဟာ

ပြည်ပြေးတွေပါပဲဆရာရယ်။

တစ်ခါလေး

တိုင်းပြည်ကထွက်ပြေးမိပါတယ်

တစ်သက်လုံး

ပြည်ပြေးဖြစ်ရောလားဆရာရယ်။

အမေရိကမှာ

ကျနော်တို့ ဟာ

ပွေမချိပူဗျာဝှန်

လူတွေမသိတဲ့သာလာယံမှာ

ကဗျာမဆန်တဲ့

အိမ်နိမ့်စံတွေပါဆရာ။

ကျနော်တို့ ဟာ

ကျနော်တို့ တိုင်းပြည်မှာ

မိုင်းထောင်ဗုံးခွဲတဲ့သူတွေလည်း

မဟုတ်ခဲ့ရပါဘူးဆရာရယ်။

ကျနော်တို့ ဟာ

ကျနော်တို့ တိုင်းပြည်မှာ

အခွင့်ထူးခံရေပေါ်ဆီတွေလည်း

မဖြစ်ခဲ့ရပါဘူးဆရာရယ်။

ကျနော်တို့ ဟာ

ကျနော်တို့ တိုင်းပြည်မှာ

စာရေးတဲ့သူတွေပါ

ကဗျာရေးတဲ့သူတွေပါ။

ကျနော်တို့ ဟာ

ကျနော်တို့ တိုင်းပြည်မှာ

ယဉ်ကျေးတဲ့သူတွေပါ

နူးညံ့ သိမ်မွေ့ တဲ့သူတွေပါ။

သြော် …ဆိုယောင်ငိုယောင်

ပြိုယောင်မှန်း

ညိုယောင်ယောင်ကမ်းမှာ

ကျနော်က

တိုင်းပြည်ကိုလွမ်းနေတဲ့သူပါ။

နှင်းရိုင်းရိုင်း

မှိုင်းမှိုင်းကျတဲ့ညမှာ

ကျနော်က တိုင်းပြည်ကို

တဗိုင်းဗိုင်းလွမ်းနေတဲ့ကောင်ပါ။

မမခင်ဦးစံပယ်ရယ်

ရှင်ကွဲ တဲ့

သေကွဲ တဲ့

ကြေကွဲရခက်လှချည်ရဲ့ ။

၂- ၂၉- ၂၀၁၆

ဆရာမောင်သာရ ဆုံးပြီတဲ့

ဒီသတင်းသယ်လာတဲ့

နှင်းအရိုင်း မုန်တိုင်းကိုလေ

အောင်ဝေးဆိုတဲ့

မြင်းရိုင်းက

ဟောဒီလို ဟောဒီလို

ဒိုင်းခနဲ ဒိုင်းခနဲ

ကဆုန်ရပ်

ခွာရှပ်ပြီး

အသေသာသတ်လိုက်ချင်ပါရဲ့ ။

ရီဝေ

ရီဝေပြာပြာ

မလွမ်းသာတဲ့အဖြစ်ပါလား။

နှင်းရက်စက်တယ်

နှင်းရိုင်းရက်စက်တယ်

ကျနော်တို့ တိုင်းပြည်ကြီးကလည်း

ရက်စက်တာပါပဲဆရာရယ်။

ကျနော်တို့ ဟာ

တိုင်းပြည်ကမလိုလို့ 

စွန့် ပစ်ခံရတဲ့သူတွေများလားဆရာရယ်

တစ်ခါတစ်ခါ

အားငယ်တယ်။

အားငယ်ရင် ကဗျာရေး

ကဗျာရေးလို့ 

ပို အားငယ်ရင်

မစ်ရှီဂန်မဲဇာဟာ

ကိုယ့်ကိုယ်ကိုယ် ငရဲပို့ မိသလိုပါပဲ။

တစ်ခါတစ်ခါ

ဟောဒီမှာ

လင်ကွန်းနဲ့ တွေ့ ရတာလည်း

မပျော်ပါဘူးဆရာ။

ကျနော်ပြန်ချင်တယ်

ကျနော် ပြန်ချင်တယ် လို့ 

ပြောရင်

ဆရာက မကြိုက်ချင်ဘူး။

တကယ်တော့

ဆရာလည်း အိမ်ပြန်ချင်မှာပဲဆိုတာ

ကျနော်နားလည်တယ်။

ခုတော့

ပြန်ပါဆရာ

ဆရာ အရင်ပြန်ပါ။

အမေရိကန်နောက်ခံမြန်မာဝတ္ထုတွေ

တစ်ပွေ့ တစ်ပိုက်ကြီးနဲ့ 

ဆရာပြန်ပါ

အရင်ပြန်နှင့်ပါဆရာ။

၃၃ လမ်းက

ဆရာ့ကို အသင့်ကြိုနေမှာပါ။

၃၃ လမ်း

ခရေညို ညတစ်ခြမ်းမှာ

ဆရာ့ကို

တခမ်းတနားကြိုဆိုနေကြမှာပါ။

တစ်နေ့ 

ရန်ကုန်မြို့ ပေါ်

နွေဦးလေ ညို့ ဆိုင်းရင်

ကျနော်တို့ 

အတိုင်းမသိတဲ့ လွမ်းဓလေ့ဖွဲ့ 

ဆရာ့ကို လာတွေ့ လှည့်ပါ့ မယ်

ခုတော့ … ။
ခုတော့ …
ဆရာ အရင်ပြန်နှင့်ပါတော့ဆရာ။ ။
(ကျဉ်တုပ်ခံဝံ့ မခံဝံ့ တစ်အုပ်တည်းနဲ့ တင်၊ ကျနော်တို့ ကျောင်းသားတိုက်ပွဲတွေအပေါ်မှာ၊ ကျေးဇူးအထူးရှိခဲ့တဲ့ ဆရာမောင်သာရကို ဒီကဗျာနဲ့ အလေးနီပြုပါတယ်)

ေ အ ာ င္ ေ ၀ း

မတ် ၁- ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts