(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
သစ်ပင်တွေရဲ့ကျိန်စာတွေ
တောင်တွေရဲ့နာကျည်းမှုတွေ
တောတွေရဲ့ဝိညာဉ်တွေ
အရိပ်မည်းမည်းတွေ အရိပ်မည်းမည်းကြီးတွေ
ကောင်းကင်ဟာ တဖြည်းဖြည်းချင်းအမှောင်
လည်ပင်းပေါ်ကဆွဲကြိုးတွေက
လည်ပင်းတွေကိုပြန်ရစ်ပတ်
အိတ်ထဲကပိုက်ဆံတွေက
ဓားလိုထက်မြတဲ့ အစွယ်တွေထွက်လာ
စက်ရုံတွေကစွန့်ထုတ်လိုက်တဲ့မီးခိုးတွေက
စက်ရုံတွေပြန်စားကြ
ချောက်ချောက်ခြားခြား နေ့တွေရောက်လာပြီ
ချောက်ချောက်ခြားခြားနေ့တွေရောက်လာပြီ
နင်းထားတဲ့မြေကြီးလည်း သွက်သွက်ခါလို့
ပင်လယ်ရဲ့လှိုင်းတွေ အငြိုးတကြီး
လေထဲကအဆိပ်တွေ
လေထဲကအဆိပ်တွေ
သဲထိတ်ရင်ဖိုဟာ ပိတ်ကားထဲက
တလှိမ့်လှိမ့် ထွက်ကျလာ
စက္ကန့်တိုင်း အရေးပေါ်အခြေအနေ
နာရီတိုင်း အနိဋ္ဌာရုံတွေ
ရိုးသွားတဲ့ သေမှုသေခင်းတွေ
သေရေးပဲ ရှင်ရေးပဲ
ငရဲဟာ ငရဲလိုပူပြင်းတောက်လောင်
ငရဲသားများ အပြေးအလွှား
လူနာတင်ယာဉ်တွေအပြေးအလွှား
ကယ်ဆယ်ရေးတွေအပြေးအလွှား
အားလုံးအပြေးအလွှား
တကမ္ဘာလုံးအပြေးအလွှား ။
လင်းသက်ငြိမ်